ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်သည့် ချင်းအမျိုးသားနေ့ကျင်းပသည့်နေရာသို့ CDF(ဟားခါး)အဖွဲ့နှင့် PDF အဖွဲ့က FPV suicide drone များဖြင့် တိုက်ခိုက်

 310

Pearl (NP News) - ဖေဖော်ဝါရီ ၂၁

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တက်ရောက်သည့် ချင်းအမျိုးသားနေ့ကျင်းပသည့်နေရာသို့ CDF(ဟားခါး)အဖွဲ့နှင့် PDF အဖွဲ့က FPV suicide drone များဖြင့် တိုက်ခိုက်မှုအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ (၇၈)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပပြုလုပ်နေသည့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ စုပေါင်းရုံးအား CDF (ဟားခါး)အဖွဲ့ နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များက ယမန်နေ့ ( ဖေဖော်ဝါရီ ၂၀ ရက်) ၊ နံနက်ပိုင်း၌ FPV Suicide Drone များအသုံးပြု၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခဲ့ရာ လေကြောင်းလုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ထောက်လှမ်းသိရှိခဲ့ပြီး အဆိုပါ Drone ယာဉ်များအား လက်ဦးမှုရယူ ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အခမ်းအနားကျင်းပနေသည့်နေရာသို့ ကျရောက်ပေါက်ကွဲခြင်းမရှိဘဲ အနီးဝန်းကျင်နေရာများတွင်သာ မြေပြင်ပေါ်သို့ ပျက်ကျပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် Drone ယာဉ်များတွင်ပါရှိသည့် ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများအား စနစ်တကျ သက်မဲ့ပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် လူနှင့်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် ကျူးလွန်ခဲ့သည့်အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများ နှင့်ပူးပေါင်း၍ အမြန်ဆုံးဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
(၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ဟားခါးမြို့ ခရိုင်စုပေါင်း ရုံးဝင်းအတွင်း၌ ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်တင့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Related news

© 2021. All rights reserved.