အမေရိကန်နှင့်အိန္ဒိယတို့က ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ဘေးကြီးကို တိုက်ဖျက်ရာတွင် အတူကြိုးစားသွားမည်ဟုဆို

 464

ဝတီ (NP News) - မေ ၂၉
အမေရိကန်နှင့် အိန္ဒိယအစိုးရတို့သည် ကိုဗစ် ၁၉ ကမ္ဘာ့ကပ်ဘေးကြီးကို တိုက်ဖျက်ရာတွင် အတူကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် ယင်းကပ်ဘေးဒဏ် အလူးအလဲရင်ဆိုင်နေရသည့် အိန္ဒိယအား အမေရိကန်အစိုးရက အကူအညီပေးသွားလိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မေလ ၂၈ ရက်တွင် ပြောကြားလိုက်သည်ဟု မေလ ၂၉ ရက် စီအန်အေသတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ ကိုဗစ်ဒုတိယလှိုင်းဒဏ်ခါးစည်းခံနေရသည့်အတွက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က အမေရိကသို့လာရောက်ကာ အကူအညီတောင်းခံခြင်းဖြစ်ကြောင်း သိရသည်။ “အိန္ဒိယနှင့်တစ်သားတည်း ရပ်တည်ပေးခြင်း၊ ထောက်ခံပေးခြင်းအတွက် ကျေးဇူးတင်ပါ ကြောင်း” Subrahmanyam Jaishankar က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် Blinken နှင့် အတူယှဉ်ရပ်နေစဉ်ပြောကြားခဲ့သည်။

“ကိုဗစ်ဖြစ်စတုန်းက အိန္ဒိယက အမေရိကန်ပြည်ထောင်စုကို ကူညီပေးခဲ့တယ်။ အဲဒီလိုကူညီပေးခဲ့ တာကို ကျွန်တော်တို့ ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ အခုတော့ ကျွန်တော်တို့က ကူညီပေးရမယ့် အလှည့်ရောက်လာပါပြီ” ဟု Blinken ကပြောသည်။

အထက်ပါပုဂ္ဂိုလ်ကြီးနှစ်ဦး တွေ့ဆုံရာတွင် အိန္ဒိယ၏ အိမ်နီးချင်း အာဖဂန်နစ္စတန်အရေးကိစ္စ နှင့် ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်အာဏာသိမ်းလိုက်သည့်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

Related news

© 2021. All rights reserved.