မီးကွင်းပစ်ခြင်း၊ စာသင်ကျောင်းမီးရှို့ခြင်းများသည် PDF များ၏ လုပ်ရပ်ဖြစ်ဟု စစ်ကောင်စီဘက်ကစွပ်စွဲ

 2079

ဟိန်းပြည့် (NP News) မေ ၃၁

မီးကွင်းပစ်ခြင်း၊ စာသင်ကျောင်းမီးရှို့ခြင်းများသည် PDF များ၏ လုပ်ရပ်ဖြစ်ကြောင်း မေလ ၃၁ ရက်တွင် စစ်ကောင်စီဘက်က စွပ်စွဲလိုက်သည်။

လက်ရှိအချိန်တွင် မည်သူမည်ဝါ၏ လုပ်ဆောင်ချက်ဖြစ်ကြောင်းမသိရဘဲ စာသင်ကျောင်းမီးလောင်ခြင်းများနှင့် ဗုံးပေါက်ကွဲခြင်းများစွာလည်း ဖြစ်ပေါ်နေသည်။

“ ဒီအချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ် အမည်ခံပြီး အကြမ်းဖက်မှုတွေ လုပ်ဆောင်နေ ပါတယ်။ အခုကြေညာချက်မှာလည်း ထားဝယ်မြို့မှာ သူတို့ အဖျက်အမှောင့်လုပ်ပြီး မဟုတ်တဲ့ပုံစံနဲ့ ကြေညာချက် ထထုတ်တာပါ။ တနင်္သာရီဒေသမှာ လက်နက်ကိုင်အကြမ်းဖက်ဖို့ စစ်သင်တန်းပေးနေ တာတွေ၊ အဖျက်အမှောင့်လုပ်နေတာတွေလည်း လူမှုကွန်ရက်မှာ တွေ့နေရပါတယ်။ ဒီ PDF တွေပဲ မီးကွင်းပစ်တာတွေ၊ စာသင်ကျောင်းမီးရှို့တာတွေ လုက်ဆောင်နေတာပဲ ဖြစ်ပါတယ် ” ဟု စစ်ကောင်စီဘက်ကပြောကြားထားသည်။

ထားဝယ်မြို့တွင် မီးကွင်းပစ်ခြင်း၊ စာသင်ကျောင်းမီးရှိုခြင်းများမှာ စစ်တပ်၏ လုပ်ရပ်ဖြစ်ကြောင်း ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ် (DPDF) က မေလ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည့်အတွက် နှစ်ဦးနှစ်ဖက်အပြန်အလှန် စွပ်စွဲနေကြခြင်းလည်းဖြစ်သည်။

ကျောင်းများတွင် ညလူခြေတိတ်ချိန်များ၌ မီးရှို့ခြင်းနှင့် ဗုံးပစ်ခြင်းများ လုပ်ဆောင်နေသည့် အတွက် စစ်ကောင်စီ တပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် ပြည်သူများ ပူးပေါင်း၍ ကျောင်းလုံခြုံရေးအတွက် ချိတ်ဆက်ဆောင်ရွက်သွားမည်ဟုဆိုသည်။

Related news

© 2021. All rights reserved.