မာလီနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့သွားမည့် ပြင်သစ်

 673

ဂျန်ဇက် (NP News) - ဇွန် ၄
မာလီနိုင်ငံတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသည် မာလီနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းဖော်ပြချက်အရသိရသည်။ ပြင်သစ်နိုင်ငံသည် မာလီနိုင်ငံတွင် အရပ်သားအစိုးရထံအာဏာပြန်လွှဲပြောင်းနိုင်ရန် ဖိအားပေးမှုအဖြစ် မာလီနှင့်စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် နှစ်နှစ်တွင် စစ်အာဏာသိမ်းခဲ့သည့် မာလီစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်အက်ဆီမီဂိုတာသည် ပြီးခဲ့သည့် သီတင်းပတ်တွင် အရပ်သားသမ္မတ နှင့် ဝန်ကြီးချုပ်ကို ရာထူးကဖြုတ်ချခဲ့သည်။ မာလီတွင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အစိုးရသည် မာလီလုံခြုံ ရေးတပ်ဖွဲ့များကို လုံခြုံရေးအကူအညီပေးမည့်အစီအစဉ်ကို ဆိုင်းငံ့ခဲ့ပြီး အာဖရိကသမဂ္ဂနှင့် အာဖရိက အနောက်နိုင်ငံများစီးပွားရေးအ ဖွဲ့ (ECOWAS)ကလည်း မာလီနှင့်ပူးပေါင်းဆောင်ရွက်ရန် ဆိုင်းငံ့ခဲ့သည်။

ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက" မာလီလုံခြုံရေးတပ်ဖွဲ့တွေနဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို ယာယီဆိုင်းငံ့ထားဖို့ဆုံးဖြတ်ခဲ့တယ်" ဟု သတင်းထုတ်ပြန်ခဲ့သည်။

ပြင်သစ်သည် မာလီနိုင်ငံ ဆာဟီလ်ဒေသတွင် ဂျီဟတ်အကြမ်းဖက်သမားများကို ချေမှုန်းချိန်တွင် အဓိက အခန်းကဏ္ဍကပါဝင်ခဲ့ပြီး ပြင်သစ်အစိုးရသည် လုံခြုံရေးတပ်ဖွဲ့ဝင်ပေါင်း ၅၁ဝဝ စေလွှတ်ခဲ့ကြောင်းသိရသည်။ ထို့ပြင် ဂျီဟတ်အကြမ်းဖက်အဖွဲ့များကို ပြင်သစ် နှင့် မာလီ၊ နိုင်ဂျာ၊ ချက်၊ ဘူကီနာဖာဆို နှင့် မော်ရီတာနီယားနိုင်ငံတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မာလီစစ်အာဏသိမ်းခေါင်းဆောင်ဂိုတာသည် ၂ဝ၂၂ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပပေးရန် ကတိပေးထားပြီး လာမည့် သီတင်းပတ်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုကာ ဝန်ကြီးချုပ်အသစ်ကိုခန့်အပ်ဖွယ်ရှိကြောင်းသိရသည်။ လက်ရှိအာဏာသိမ်းမှုသည် မာလီနိုင်ငံတွင် ၁ဝ နှစ်အတွင်း သုံးကြိမ်မြောက်အာဏာသိမ်းမှုဖြစ်ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.