အမေရိကန်များ ရင်းနှီးမြှုပ်နှံမှုလုပ်ခွင့်မရသည့် တရုတ်ကုမ္ပဏီစာရင်းကို ဂျိုးဘိုင်ဒန် ထပ်တိုးလိုက်
677
ဝတီ (NP News) - ဇွန် ၄
တရုတ်စစ်တပ်နှင့်ဆက်နွယ်မှုရှိသည့် တရုတ်နည်းပညာနှင့်ကာကွယ်ရေး ကုမ္ပဏီများတွင် အမေရိကန်နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုမလုပ်ရဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာတော့မည်ဖြစ်ကြောင်း ဇွန်လ ၃ ရက် ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
အဆိုပါအထူးအမိန့်သည် သြဂုတ်လ ၂ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး ပိတ်ပင်တားမြစ်ခံရမည့် တရုတ်ကုမ္ပဏီစာရင်းကို ဖြည်းဖြည်းချင်းထုတ်သွားမည်ဖြစ်ကာ ယင်းအထဲတွင် ဟွာဝေးကုမ္ပ ဏီကြီးလည်း ပါဝင်ဦးမည်ဖြစ်ကြောင်း သိရသည်။
သမ္မတတာဝန်ကို ဒေါ်နယ်ထရမ့်ယူထားသည့်ကာလကလည်း ၎င်းက အလားတူအမိန့်မျိုး ထုတ်ပြန်ခဲ့ပြီး တရုတ်ကုမ္ပဏီပေါင်း ၃၁ ခုကို ပိတ်ပင်ခဲ့သည်။ သမ္မတဂျိုးဘိုင်ဒန်လက်ထက်တွင်မူ ထောက်လှမ်းရေးနည်းပညာကုမ္ပဏီများပါ စာရင်းထဲပါလာပြီး ကုမ္ပဏီပေါင်း ၅၉ ခုအထိ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ ယင်းကြေညာချက် မထွက်လာမီကတည်းကပင် တရုတ်က လက်တုံ့ ပြန်သွားမည်ဟု ကြိမ်းဝါးထားသည်။
တရုတ်စစ်တပ်၏လုပ်ငန်းများကို အမေရိကန်နိုင်ငံသားများ ငွေကြေးထောက်ပံ့ပေးနေခြင်းမျိုး မရှိစေရန်ရည်ရွယ်ကာ ထိုသို့ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု အမေရိကန်သမ္မတရုံးမှ အရာရှိတစ်ဦးကပြောသည်။ အသစ်ထွက်လာမည့် ထိုအမိန့်အရ အမေရိကန်ရင်းနှီးမြှုပ်နှံသူများသည် ထိုစာရင်းထဲပါသည့် တရုတ်ကုမ္ပဏီများ၏ ရှယ်ယာများကို ရောင်းခြင်း ၊ ဝယ်ခြင်း လုပ်ခွင့်မရှိကြောင်း သိရသည်။
#NPNews