ပုံမှန်အခြေအနေတိုင်းပြန်ဖြစ်ချိန်မှာ ရွေးကောက်ပွဲပြန်ကျင်းပပေးမယ်လို့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြော
476
ဂျန်ဇက် (NPNews) ဇွန် ၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပုံမှန်အခြေအတိုင်းပြန် ရောက်မည်ဆိုလျင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးမည်ဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း India Today သတင်းဌာနက ဖော်ပြထားသည်။
စစ်ကောင်စီအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်မှူကြီး မင်းအောင်လှိုင်သည် သောကြာနေ့က (ဇွန်လ ၄ ရက်) အာဆီယံအဖွဲ့သံတမန်များနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ယခုလို ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အာဆီယံအဖွဲ့အထွေထွေအတွင်းရေးမှူး Lim Jock Hoi နှင့် အာဆီယံအဖွဲ့ ဥက္ကဋ္ဌ ဘရူးနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Pehin Yusof တို့သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၀ ရွေးကောက်ပွဲအတွင်း မဲမသာမှု ရှိခဲ့သည်ဟု စွပ်စွဲမှုများရှိခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့ရာ မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းခဲ့သည့်အပြင် အခြအနေများ ကမောက်ကမဖြစ်ခဲ့ကာ အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လူပေါင်း ၈၀ဝ ကျော် သေဆုံးခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း တိုက်ပွဲများ ပြန်ဖြစ်ပွားလာသည်ဟု လေ့လာစောင့်ကြည့်ရေး အဖွဲ့များကပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပုံမှန်အတိုင်း ပြန်ဖြစ်ချိန်တွင် ရွေးကောက်ပွဲ ပြန်ကျင်းပပေးမည်ဟု ပြောဆိုကြောင်း စစ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ကြေညာချက်တွင် ဖော်ပြထားသော်လည်း အသေးစိတ်အခြေအနေကို ဖော်ပြထားခြင်းမျိုးမရှိပေ။
စစ်ကောင်စီခေါင်းဆောင်သည် ရွေးကောက်ပွဲကို ၂နှစ်အတွင်း ပြန်ကျင်းပပေးမည်ဟု မကြာသေးမီက ပြုလုပ်ထားသည် အင်တာဗျူးတစ်ခုတွင် ထည့်သွင်းဖြေဆိုထားသည်။