ထပ်မံဖမ်းဆီးခံရမည်စိုးသဖြင့် ရုရှားအတိုက်အခံနိုင်ငံရေးသမား ရုရှားမှထွက်ခွာသွား
981
ဝတီ (NP News) - ဇွန် ၇
နိုင်ငံထဲတွင် ဆက်လက်နေထိုင်လျှင် ထပ်မံဖမ်းဆီးခံရမည်ဟု ရုရှားအစိုးရအဖွဲ့နှင့် နီးစပ်သူများက သတိပေးလာသဖြင့် ရုရှားမှထွက်ခွာလာခဲ့ကြောင်း ရုရှားအတိုက်အခံနိုင်ငံရေးသမား ဒီမစ်ထရီဂူဒ်ကိုဗ်က ဇွန်လ ၆ ရက်တွင် ပြောကြားသည်ဟု သိရသည်။
အသက် ၄၁ နှစ်အရွယ် ရုရှားလွှတ်တော်အမတ်ဟောင်းဖြစ်သူ ဒီမစ်ထရီဂူဒ်ကိုဗ်ကို ရဲတပ်ဖွဲ့က အဆောက်အဦးငှားရမ်းခပေးရန်ပျက်ကွက်မှုဖြင့် ဇွန်လ ၁ ရက်တွင် ထိန်းသိမ်းလိုက်ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့၏ အဆိုပါစွပ်စွဲချက်ကို ၎င်းကငြင်းဆိုထားသည်။ ထိန်းသိမ်းခံထားရရာမှ ဇွန်လ ၃ ရက်တွင် ပြန်လည်လွတ်မြောက်လာသော်လည်း ၎င်းသည် ရာဇဝတ်မှုတစ်ခုတွင် သံသယဖြစ်ဖွယ်လူ ဖြစ်နေဆဲဖြစ်သည်။ ရုရှားအစိုးရကို ဝေဖန်သည့် ဝေဖန်သူနဗယ်လ်နီထောင်ချခံထားရပြီး နဗယ်လ်နီလွတ်မြောက်ရေးအတွက် လမ်းပေါ်ထွက်တောင်းဆိုသူများကို ရုရှားအစိုးရက ဖြိုခွင်းနေသဖြင့် ရုရှားအစိုးရဆန့်ကျင်ရေးသမားတစ်ဖွဲ့လုံး ရုရှားမှ ထွက်ပြေးသွားကြရပြီ ဖြစ်ကြောင်းသိရသည်။
စက်တင်ဘာလ ပါလီမန်ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခွင့်မရစေရန်အလို့ငှာ ရဲတပ်ဖွဲ့က မိမိကိုထိုသို့အကြောင်းရှာပြီး စုံစမ်းစစ်ဆေးနေခြင်းဖြစ်ကြောင်း ဂူဒ်ကိုဗ်ကပြောသည်။
ဂူဒ်ကိုဗ်ကဲ့သို့သော နိုင်ငံရေးသမားများကို ဖမ်းဆီးခြင်းသည် နိုင်ငံရေးနှင့်သက်ဆိုင်မှုမရှိကြောင်း၊ နိုင်ငံရေးပြိုင်ဘက်များကို ရှင်းလင်းနိုင်ရန်ကြိုးစားနေသည်ဆိုသည့် စွပ်စွဲချက်မှာလည်းမဟုတ်မှန်ကြောင်း ရုရှားအစိုးရအဖွဲ့က ပြောကြားထားသည်။
#NPNews