မလေးရှားတွင် ၃ ပတ်အတွင်း ပထမဆုံးအကြိမ် COVID-19 ကူးစက်လူနာသစ် ၆၀၀၀ အောက်ကျဆင်းလာ

 437

ရောင်နီ ( NP News ) - ဇွန် ၈
မလေးရှားနိုင်ငံတွင် COVID-19 ကူးစက်လူနာသစ်အရေအတွက်များ လေးရက်ဆက်တိုက်ကျဆင်းနေပြီး ဇွန်လ ၇ ရက်နေ့တွင် သီတင်း ၃ ပတ်အတွင်း ပထမဆုံးအကြိမ် ကူးစက်လူနာ ၅၂၇၁ ဦး ထပ်တိုးလာခဲ့ကြောင်းသိရသည်။

၁၉ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကူးစက်လူနာ ၆ဝဝဝအောက် လျော့နည်းသွားခြင်းဖြစ်ပြီး ကူးစက်လူနာ စုစုပေါင်း ၆၂၂ဝ၈၆ ဦးထိရှိလာပြီဖြစ်ကြောင်းသိရသည်။ Selangor ပြည်နယ်သည် ကူးစက်လူနာသစ် ၁၃၇၄ ဦးနှင့် အမြင့်ဆုံး ကူးစက်မှုဖြစ်ပွားနေပြီး Sarawak ပြည်နယ်ကဒုတိယ၊ Negeri Sembilan ပြည်နယ်က တတိယအများဆုံးဖြစ်နေကြောင်းသိရသည်။

COVID-19 ကူးစက်လူနာထပ်တိုးသူများ နှင့် သေဆုံးသူများသည်ရှိပြီးသား ကူးစက်လူနာ အစုအဖွဲ့များနှင့် ဆက်စပ်မှုမရှိကြောင်း မလေးရှားကျန်းမာရေး ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah ကပြောသည်။

"ဒါကအရမ်းစိုးရိမ်စရာကောင်းတယ်။ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ COVID-19 ကူးစက်ပြန့်ပွားမှုဟာ ဈေးဝယ်စင်တာများ၊ လုပ်ငန်းခွင်များ အပါအဝင် လူမှုအသိုင်းအဝိုင်းများအတွင်းမှာ ရှိနေတာကြောင့် ဒီအခြေအနေကို အလေးအနက်ထားသင့်တယ်လို့ အများပြည်သူကို တိုက်တွန်းထားတယ်။ မည်သူမဆို COVID-19 ရောဂါကူးစက်ခံရနိုင်ကြောင်း နားလည်သဘောပေါက်ထားဖို့လိုတယ်၊ ကူးစက်မှုရဲ့ ရလဒ်အနေနဲ့ အသိုင်းအဝိုင်းများအတွင်း ကြိုကြားကြိုကြား ဖြစ်ပွားမှုများနဲ့ သေဆုံးမှုများ တိုးများလာနေတာကို တွေ့မြင်နိုင်တယ်" လို့ ဒေါက်တာ Noor Hisham က ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ပြောကြားခဲ့သည်။

မလေးရှားသည် ဇွန်လ ၁ ရက်မှ ဇွန်လ ၁၄ ရက်အထိ တစ်နိုင်ငံလုံးအနှံ့အပြား ပိတ်ဆို့မှုများပြုလုပ်ခဲ့ပြီး မရှိမဖြစ်လိုအပ်သည့် စီးပွားရေးနှင့်ဝန်ဆောင်မှု ကဏ္ဍများကိုသာ ဆက်လက်လုပ်ကိုင်ခွင့်ပြုထားကြောင်း ကာကွယ်ဆေး ထိုးနှံခြင်းစတင်ချိန်မှ ပြီးခဲ့သည့် ဇွန်လ ၆ရက်အတွင်း နိုင်ငံရှိ လူပေါင်း ၁ ဒသမ ၁၃ သန်းကျော်သည် COVID-19 ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာ Adham Babaက ပြောသည်။
#NPNews

Related news

© 2021. All rights reserved.