မြန်မာနိုင်ငံအရေးသည် တရုတ်၏အကျိုးစီးပွားများနှင့် တိုက်ရိုက်သက်ဆိုင်နေသည်ဟု ဝမ်ယိပြော

 1019

NP News - ဇွန် ၈
မြန်မာနိုင်ငံအခြေအနေသည် တရုတ်နိုင်ငံ၏အကျိုးစီးပွားများနှင့် တိုက်ရိုက်သက်ဆိုင်နေသဖြင့် မြန်မာပြည်တွင်းရေးကို များစွာဂရုစိုက်လျက်ရှိပြီး မိမိနည်းလမ်းများဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်သွားရန် ဆန္ဒရှိသည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ဇွန်လ ၇ ရက်က တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် တရုတ်- အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃ဝ ပြည့် အထိမ်းအမှတ် အထူးအစည်း အဝေးတွင်ပြောသည်။

မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပြန်လည်စတင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အောက်တွင် နိုင်ငံရေးဆွေးနွေးမှုများ လုပ်ဆောင်စေလိုကြောင်းလည်း မစ္စတာဝမ်ယိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာစစ်အစိုးရမှ အာဆီယံသဘောတူညီချက် ၅ ချက် ကို ဆက်တိုက်အကောင်အထည်ဖော်ဆောင်ရာတွင် ဆက်လက်ထောက်ခံအားပေးလျက်ရှိသည်။

တရုတ်နိုင်ငံနှင့်အာဆီယံတို့သည် မြန်မာ့အရေးနှင့်စပ်လျဉ်းပြီး ရပ်တည်ချက်နှင့် ထင်မြင်ယူဆချက်များ က ယေဘုယျအားဖြင့်တူညီကြောင်း၊ အာဆီယံနှင့်ဆက်လက်ပူးပေါင်းကာ မြန်မာပြည်သူလူထု အကျိုး စီးပွားကို အဓိကထားလုပ်ဆောင်စေလိုကြောင်း၊ အကြမ်းဖက်မှုအသီးသီးကို ဖယ်ရှားရန်အတူတကွ တွန်းအားပေးလိုကြောင်း မစ္စတာဝမ်ယိက ပြောကြားထားသည်။

အဆိုပါ တရုတ်- အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃ဝ ပြည့် အထိမ်းအမှတ် အထူးအစည်းအဝေးပွဲတွင် စစ်ကောင်စီဥက္ကဋ္ဌအား မြန်မာနိုင်ငံ၏ခေါင်းဆောင်အဖြစ် တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည့်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG) ကရှုံ့ချခဲ့ပြီး အဆိုပါပွဲတွင် NUG က ဆွေးနွေးခွင့်မရခဲ့သည့်အပေါ်တွင်လည်း စိုးရိမ်ပူပန်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
#NPNews

Related news

© 2021. All rights reserved.