ကိုဗစ်ကာကွယ်ဆေးသန်း(၅၀၀)ကို ကမ္ဘာ့နိုင်ငံ(၁၀၀)နီးပါးအတွက် လှူဒါန်းသွားမယ်လို့ အမေရိကန် ကြေညာ

 375

မိုးတိမ် (NP News) - ဇွန် ၁၃
ကိုဗစ်ကာကွယ်ဆေးသန်း(၅၀၀)ကို ကမ္ဘာ့နိုင်ငံပေါင်း(၁၀၀)နီးပါးအတွက် လာမယ့်(၁၈)လအတွင်း ပေးအပ်လှူဒါန်းသွားတော့မယ်လို့ အမေရိကန်နိုင်ငံက ကြေညာလိုက်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်ကပ်ရောဂါတတိယလှိုင်းက တစ်ကျော့ပြန်လည်ဝင်ရောက်လာခဲ့ပြီဖြစ်သလို ဆိုးဝါးတဲ့အခြေအနေမျိုးစုံနဲ့ နိုင်ငံအသီးသီးက ရင်ဆိုင်နေရချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မူဝါဒသစ်ချမှတ်ပြီး အခုလိုကြေညာခဲ့တာပဲ ဖြစ်ပါတယ်။ Pfizer Covid အမည်ရှိ ကိုဗစ်ကာကွယ်ဆေးကို အမေရိကန်နိုင်ငံကလည်း အသုံးပြုနေသလို ကမ္ဘာတစ်လွှားကို ဖြန့်ချိသွားဖို့ စီစဉ်ထားတာဖြစ်ပြီး ပထမသန်း(၂၀၀)ကို ယခုနှစ်ထဲမှာ စတင်လှူဒါန်းမယ်လို့ ဆိုပါတယ်။ ဒုတိယသန်း(၃၀၀)ကိုတော့ နောက်နှစ်ထဲမှာ ဆက်လက်လှူဒါန်းပေးသွားမှာဖြစ်ပြီး အဓိကအားဖြင့် ဝင်ငွေနိမ့်ပါးတဲ့တိုင်းပြည်တွေနဲ့ အာဖရိကဒေသက ပြည်သူတွေအတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ “ဒါဟာ အမေရိကန်နိုင်ငံရဲ့ကမ္ဘာတစ်လွှားအပေါ်မှာ ထားရှိတဲ့စေတနာနဲ့ ကြိုးစားပေးမယ်ဆိုတဲ့ တာဝန်ခံဦးဆောင်မှုဆိုင်ရာ အစိတ်အပိုင်းတစ်ရပ်ပဲ ဖြစ်ပါတယ် ” လို့ ဆေးအလှူကမ်ပိန်းကို ဦးဆောင်လှုပ်ရှားပေးနေတဲ့ ONE Campaign က အမှုဆောင်အရာရှိ တွမ်ဟတ်က ပြောကြားပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့လည်း ကိုဗစ်ကာကွယ်ဆေးကို လုံလောက်ပြီလို့ ပြောနိုင်တဲ့အခြေအနေမှာ မရှိသေးဘဲ အလှည့်ကျပုံစံနဲ့ဦးစားပေးအစီအစဉ်တွေ ရေးဆွဲပြီး နိုင်ငံတစ်ဝန်းမှာ ကာကွယ်ဆေးတွေ ထိုးနှံပေးနေတာပဲ ဖြစ်ပါတယ်။ အမေရိကန်အစိုးရက ကမ္ဘာတစ်လွှားကို လှူဒါန်းမယ့်ဆေးတွေကလည်း လှူဒါန်းမှုအပြီးမှာ ရောင်းချမှုတွေလည်း ပါဝင်လာဖို့ရှိနေတာဖြစ်ပြီး ဒါဟာ စီးပွားတွက် တွက်ရင်းလှုပ်ရှားတာလားလို့ မေးခွန်းထုတ်စရာရှိနေပါတယ်။

ကာကွယ်ဆေးထုတ်လုပ်မယ့်ကုမ္ပဏီဟာလည်း ၂၀၂၁ နဲ့ ၂၀၂၂ အတွင်းမှာပဲ ကိုဗစ်ကာကွယ်ဆေး Pfizer ကို (၇)ဘီလျံလောက်အထိ ထုတ်လုပ်သွားနိုင်လိမ့်မယ်လို့ မှန်းဆထားကြောင်း သိရပါတယ်။

Related news

© 2021. All rights reserved.