ကယားပြည်နယ် စစ်ဘေးရှောင်များအတွက် လှူဒါန်းမည့် စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် လူနာတင်ယာဉ်တစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု NUG ထုတ်ပြန်

381

NP News – ဇွန် ၁၃
ကယားပြည်နယ်စစ်ဘေးရှောင်ပြည်သူများအတွက် အနယ်နယ်အရပ်ရပ်က အလှူရှင်များလှူဒါန်းထားသော စားနပ်ရိက္ခာ ဆန်အိတ် ၈ဝ ခန့်အပါအဝင် ဆေးဝါးပစ္စည်းများနှင့် လူနာတင်ယာဉ်တစ်စီးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သည့်အထောက်အထားများကို ဓါတ်ပုံနှင့်တကွ ရရှိထားကြောင်း NUG က ထုတ်ပြန်ခဲ့သည်။
အဆိုပါဖြစ်စဉ်သည် ဇွန်လ ၁ဝ ရက် ညပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ(ကယား) ပြည်နယ်၊ နယ်စပ်ရှိ မိုးဗြဲမြို့နယ်၊ အနောက်ဘက်ခြမ်း၊ လွယ်ရင်းတောင်ခြေတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယနေ့ ဇွန်လ ၁၃ ရက် ညပိုင်းက CRPH Page က ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင်းက စစ်ဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့လျက်ရှိသော လူမှု့ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကိုလည်း စစ်ကောင်စီတပ်များမှ ဖမ်းဆီးအရေးယူခြင်း၊ ကူညီကယ်ဆယ် ရေးလမ်းကြောင်းများကို ပိတ်ဆို့တားဆီးခြင်း၊ ပစ္စည်းများအား ဖမ်းဆီးမှုများလုပ်ဆောင်လျက်ရှိသည်ဟု ပါရှိသည်။
NUG ၏ ထုတ်ပြန်ချက်တွင် ကယားပြည်နယ်စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာဆေးဝါးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖျက်ဆီးခဲ့သည်ဟု ဆိုသကဲ့သို့ စစ်ကောင်စီမှလည်း NUG ၏ PDF တပ်ဖွဲ့ဝင်များသည် ရှမ်းပြည် နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ် လွယ်ယင်းတောင်ခြေကျေးရွာတွင် ဇွန်လ ၉ ရက် ညပိုင်းက ကရင်နီ စစ်ဘေးရှောင်များ၏ ဆန်အိတ်များနှင့် ဆေးဝါးပစ္စည်းများကို မီးရှို့ခဲ့သည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင် NUG နဲ့ စစ်ကောင်စီတပ်များကြား တိုက်ပွဲများ၊ အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်စလုံးက အပြန်အလှန် အကြမ်ဖက်အဖွဲ့များဖြစ်သည်ဟု ကြေညာထားကြသည်။
မြန်မာနိုင်ငံ၌ NUG အစိုးရ ဆိုတာ မရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) အစိုးရသာ ရှိသည်ဟု စစ်ကောင်စီမှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၁၂ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တပ်မတော် သတင်းစာ ရှင်းလင်းပွဲတွင် ထပ်မံ၍ပြောကြားခဲ့သည်။
#NPNews