ကိုဗစ် အရေးပေါ်အခြေအနေဖြစ်နေသည့် နီပေါတွင် ရေကြီးရေလျှံမှုထပ်ဖြစ်ပြီး(၁၁) သေဆုံး
557
Htay Oung (NP News) - ဇွန် ၂၀
ကိုဗစ်ကပ်ဘေးအရေးပေါ်အခြေအနေဖြင့် ရင်ဆိုင်နေရသည့် နီပေါနိုင်ငံတွင် လွန်ခဲ့သည့် ရက်သတ္တပတ်က မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးခြင်း မြေပြိုခြင်းများကြောင့် တရုတ်နှင့် အိန္ဒိယအလုပ်သမား(၁)ဦးစီအပါအဝင် အလုပ်သမား (၁၁)ဦးတို့သေဆုံးခဲ့ပြီး နိုင်ငံတစ်ဝန်း၌ လူ (၂၅)ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်များ၏ပြောကြားချက်ကို ကိုးကား၍ နိုင်ငံတကာသတင်းဌာနများက ရေးသားဖော်ပြလာသည်။
ခတ္တမန္ဒူအရှေ့မြောက်ပိုင်း မီလန်ချီမြို့အနီးတွင် အလုပ်သမား(၃)ဦး၏ ရုပ်အလောင်းကို ဗုဒ္ဓဟူးနေ့က ရှာဖွေတွေ့ရှိခဲ့ရပြီး နိုင်ငံခြားသားများမှာ သောက်ရေသန့်စီမံကိန်း တည်ဆောက်လျှက်ရှိသော တရုတ်ဆောက်လုပ်ရေးကုမ္ပဏီတွင် အလုပ် လုပ်ကိုင်နေသူများဖြစ်ကြောင်း၊ ရေဘေးဒဏ်ကြောင့် လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ကြာသပတေးနေ့ ညနေပိုင်း၌ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင် တရုတ်နိုင်ငံတိဗက်နယ်စပ် တောင်တန်းဒေသ ဆင်ဟူပယ်ချောက်ခရိုင်နှင့် နိုင်ငံတစ်ဝန်းရှိ အခြားဒေသများတွင် ရေကြီးရေလျှံမှုဖြစ်ပွားကာ လူ (၂၅)ဦး ပျောက်ဆုံးနေကြောင်း အတည်ပြုသည်။ နီပေါနိုင်ငံတွင် ပုံမှန်အားဖြင့် ဇွန်လနှင့် စက်တင်ဘာလနှောင်းပိုင်းအထိ သည်းထန်စွာ ရွာသွန်းမြဲဖြစ်သော မုတ်သုန်မိုးကြောင့် တောတောင်ထူထပ်သောနိုင်ငံ၌ နှစ်စဉ် လူရာချီ သေဆုံးလေ့ရှိသည်။ အင်္ဂါနေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများ၊ တံတားများ၊ ငါးမွေးမြူရေးကန်များ၊ မွေးမြူရေးခြံများနှင့် လူနေအိမ်များ ပျက်စီးခဲ့ရသည်။
ရာနှင့်ချီသော လူအများကို စာသင်ကျောင်းများ ယာဉ်သိုလှောင်ရုံများအပါအဝင် အရေးပေါ် ရေဘေး ကယ်ဆယ်ရေးစင်တာများသို့ ပြောင်းရွှေ့ပေးခဲ့ရပြီး ယခုနှစ်ဖြစ်ပွားသော အကြပ်အတည်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါဒဏ် ခံစားနေရသော နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးအခြေအနေများကို ပိုမိုဆိုးရွားစေနိုင်ကြောင်း၊ လူဦးရေ (၂၈)သန်းကျော်နေထိုင်သည့် နီပေါနိုင်ငံတွင် လူ(၆)သိန်းကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်လျှက်ရှိပြီး ၉၀၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း၊ နေ့စဉ် ပိုးတွေ့လူနာဦးရေမှာ ကမ္ဘာ့အမြင့်ဆုံးပမာဏတွင် ပါဝင်လျှက်ရှိကြောင်း အကူအညီပေးရေး အဖွဲ့များက ပြောဆိုသည်။