ဒီမော့ဆိုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နေအိမ်များအတွင်းဝင်ရောက်၍ ငွေကြေးနှင့် အဖိုးတန် ပစ္စည်းများ ယူဆောင်ခြင်းမှာ သတင်းမှားဖြစ်ကြောင်း စစ်ကောင်စီပြော
1031
ဟိန်း (NP News) - ဇွန် ၂၁
ဒီမော့ဆိုမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တပ်စွဲထားသည့် ရွာထဲရှိ နေအိမ်များအတွင်း ဝင်ရောက် မွှေနှောက်၍ ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများ ယူဆောင်ခြင်းမှာ သတင်းမှားဖြစ်ကြောင်း နစကသတင်းမှန် ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဇွန်လ ၂၁ ရက်နေ့တွင် ပြောသည်။
ဒီမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နေအိမ်များအတွင်း ဝင်ရောက်၍ ပစ္စည်းနှင့်ငွေများ ယူဆောင်သွားကြောင်း ဇွန်လ ၁၉ ရက်နေ့တွင် လူမှုကွန်ယက်ပေါ်၌ သတင်းများထွက်ပေါ် နေခြင်း ဖြစ်သည်။
“ ဒီမော့ဆိုမြို့နယ်အတွင်းက ကျေးရွာအချို့မှာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေ က ထိခိုက်ပျက်စီးတာတွေကို စာရင်းကောက်ယူမှတ်တမ်းတင်နေတာတွေ ရှိပါတယ်။ လူမှုကွန်ရက် Facebook စာမျက်နှာတွေမှာ ရေးသားထားသလို အိမ်ဖောက်ထွင်းပြီး ပစ္စည်းတွေ၊ ငွေတွေ ယူဆောင်တာမရှိပါဘူး။ မဟုတ်မမှန် လုပ်ကြံသတင်းတွေသာ ဖြစ်ပါတယ် ” ဟု နစကသတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာများအတွင်း လက်နက်ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ၊ အကြမ်းဖက်လုပ်ရပ်များနှင့်သက်ဆိုင်သည့် ပစ္စည်းများကို ဖမ်းဆီးသိမ်းဆည်းခြင်မျိုး ရှိကြောင်း၊ ပစ္စည်းစာရင်းများ ကောက်ယူသည့်အခါ၌ လည်း သက်ဆိုင်ရာ မြို့နယ်/ကျေးရွာ တာဝန်ရှိသူများ ပါဝင်ကြောင်း နှင့် မည်သည့် ဖြစ်စဥ်မဆို သက်သေနှင့်တကွ တိုင်ကြားနိုင်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
#NPNews #ဒီမော့ဆို
#လုံခြုံရေးတပ်ဖွဲ့ဝင်များ