မန္တလေးတွင် စစ်ကောင်စီ၏ တပ်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားမှု ကို စစ်ကောင်စီဘက်က အတည်ပြု

5184

(NPNews)
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိ သော စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များနှင့် PDF များ တိုက်ပွဲဖြစ်ပွားမှု ကို စစ်ကောင်စီဘက်က အတည်ပြု သတင်းထုတ်ပြန်သည်။
မန္တလေးမြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေးဆောင်ရွက်ရန် လက်နက်ခဲယမ်းများနှင့် အတူ အကြမ်းဖက်သူအချို့ရောက်ရှိခိုအောင်းနေသည်ဟု သတင်းရရှိသည့်အတွက် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် ယနေ့ ဇွန်လ ၂၂ ရက် နံနက် ၇ နာရီ ၃၀ မိနစ် အချိန်ခန့်က ၅၄ လမ်းနှင့် ၁၁၁ လမ်းထောင့်ရှိ နေအိမ်အတွင်း သွားရောက်ရှာဖွေစစ်ဆေးဆောင်ရွက်စဉ် အကြမ်းဖက်သူများက လက်ပစ်ဗုံးများ၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်လာခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်သူများအဖွဲ့မှ သေဆုံးသူ ၄ဦး၊ ဖမ်းဆီးရမိသူ ၈ဦးနှင့်အတူ လက်လုပ်မိုင်း၊ လက်ပစ်ဗုံး၊ လက်နက်ငယ်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၅၃လမ်းပေါ်မှစိစစ်ဆဲ ပါကျဲရိုး အဖြူရောင်မော်တော် ယာဉ်တစ်စီးဖြင့် လက်နက်ငယ်များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ထွက်ပြေးသွားခဲ့ရာ လိုက်လံဖမ်းဆီး ခဲ့ သဖြင့် ၅၆ လမ်းနှင့် ၁၁ဝ လမ်းထောင့်ရှိ ထရန်စဖော်မာအားအရှိန်ဖြင့် ဝင်တိုက်ခဲ့ပြီးအဆိုပါ မော်တော်ယာဉ်အား သေဆုံးလျက်ရှိသော အကြမ်းဖက်သူ ၄ ဦးနှင့်အတူသိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသည်။
ပြည်သူကာကွယ်ရေးတပ် PDF မန္တလေးက မြို့ပြပျောက်ကြားစနစ် ယနေ့ စတင်ပြီဖြစ်ကြောင်း ၄င်းတို့လူမူကွန်ယက်မှတဆင့် ပြည်သူလူထုကို သတိပေးထားသည်။