ဝမ်တိန်ဂိတ်တွင် တရုတ်ကားအဝင်အထွက်ကို ပိတ်လိုက်သည့်အတွက် ကုန်စည်ဈေးနှုန်းများမြင့် တက်လာနိုင်
1018
ဖူးပြည့် (NP News) - ဇွန် ၂၂
ပန်ဆိုင်း-ဝမ်တိန်ဂိတ်တွင် တရုတ်ကားအဝင်အထွက်ကို ယနေ့ (ဇွန်လ ၂၂ရက် )မှစတင်ကာ တရုတ်ဘက်က ပိတ်လိုက်ပြီဖြစ်ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင်မှ ဒုဥက္ကဋ္ဌ ဦးမင်းသိန်းကပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်မှစတင်ပြီး ကုန်ကားများကို ကျင့်စန်းကျော့-ဝမ်တိန် ဂိတ်ပေါက်မှ ဝင်ခွင့်ပြုခဲ့ပြီး ပန်ဆိုင်း-ဝမ်တိန်ဂိတ်ပေါက်မှ ထွက်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။ ယခုအခါ ပန်ဆိုင်း-ဝမ်တိန်ဂိတ်မှ တရုတ်ကားများဝင်ထွက်ခွင့်ပိတ်လိုက်သော်လည်း မြန်မာကားများကို ဝင်ထွက်ခွင့်ပေးထားစဲဖြစ်ကာ မြန်မာနိုင်ငံအတွင် ရောက်ရှိနေသည့် တရုတ်ကားများကိုလည်း တစ်ပတ်အတွင်း တရုတ်နိုင်ငံထဲအပြီးဝင်ရောက်ရန်ညွှန်ကြားထားကြောင်းသိရသည်။
“မြန်မာပြည်ထဲမှာ ကိုဗစ်တွေများနေတဲ့အတွက် တရုတ်ယာဉ်မောင်းတွေက မြန်မာပြည်ထဲဝင်လာလို့ ကိုဗစ်ပိုးတွေပြန်ပါလာနိုင်တယ်ဆိုပြီး နိုင်ငံအတွင်းပျံ့နှံ့သွားမှာကြောက်လို့ ကိုဗစ်ကိုအကြောင်းပြပြီး ပိတ်လိုက်တာဖြစ်တယ်”ဟု ၎င်းကပြောသည်။
မြန်မာမှကားများ တရုတ်ပြည်အတွင်းဝင်ရောက်မည်ဆိုပါက အစားထိုးယာဉ်မောင်းဖြင့် ဝင်ထွက်ခွင့်ပြုထားပြီး ယာဉ်ပိုင်ရှင်များအနေဖြင့် ဆေးစစ်ခ၊ ဆေးဖြန်းခအပါအဝင် အထွေထွေစရိတ်အတွက် ငွေကျပ် ငါးသိန်းခန့်ထပ်မံကုန်ကျရကြောင်း သိရသည်။ တရုတ်ကားများမြန်မာပြည်ဘက်သို့ ဝင်ရောက်ပါက တရုတ်ယာဉ်မောင်းများသည် ကာကွယ်ဆေးထိုးပြီးဖြစ်သည့်အတွက် အစားထိုးယာဉ်မောင်းကို အသုံးမပြုတော့ဘဲ ၎င်းတို့ယာဉ်မောင်းကိုယ်တိုင်သာ ဝင်ရောက်ကြောင်း သိရသည်။
ဆက်လက်၍ ၎င်းက “ကားကပေါပေါများများမရှိတာရယ်၊ ကားခစရိတ်တွေတက်သွားတော့ ကုန်ဈေးနှုန်းတွေမြင့်တက်နိုင်တယ်”ဟု သုံးသပ်ပြောကြားသည်။
အဆိုပါ ဂိတ်မှတစ်ဆင့် ကုန်ကားများဝင်ရောက်ခြင်းကို နံနက် ၆နာရီမှ ညနေ ၆နာရီခွဲအတွင်း သတ်မှတ်ထားပြီး တရုတ်ကားများ ဝင်ရောက်ချိန်က တရုတ်ပြည်ဘက်မှထွက်ရှိသည့် ဆောက်လုပ်ရေး ပစ္စည်း၊ စားကုန်သောက်ကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းများ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
#NPNews