ကမ္ဘာ့စရိတ်စက အကြီးဆုံးမြို့ကြီးများစာရင်းတွင် တာ့ခ်မင်နစ္စတန်၏မြို့တော် ဗိုလ်စွဲ

 545

ဝတီ (NP News) - ဇွန် ၂၄

ဗဟိုအာရှရှိ တာ့ခ်မင်နစ္စတန်၏ မြို့တော်ကို နိုင်ငံခြားသားအလုပ်သမားများအတွက် ကမ္ဘာ့စရိတ်စက အကြီးဆုံးမြို့အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။ လူဦးရေ တစ်သန်းနီးပါး ရှိသည့် အက်ရှ်ဂါဘက်မြို့ကြီးသည် ၂ဝ၂၁ ခုနှစ် လူနေမှုစရိတ်စက စစ်တမ်းတွင် ဗိုလ်စွဲသွားခြင်းဖြစ်သည်။

ယင်းစာရင်းတွင် အက်ရှ်ဂါဘက်မြို့သည် ယခင်နှစ်က စရိတ်စက အကြီးဆုံးဖြစ်သည့် ဟောင်ကောင်ကို ကျော်တက်သွားခြင်းဖြစ်သည်။ ယခုနှစ်စာရင်းတွင် ဟောင်ကောင်က ဒုတိယနေရာတွင် ရပ်တည်နေပြီး ယင်းနောက်တွင် လစ်ဘနွန်ရှိ ဘေရွတ်နှင့် ဂျပန်ရှိ တိုကျိုက အသီးသီးရပ်တည် နေသည်။

အိမ်ခြံမြေ၊ သွားလာရေးနှင့် အစားအစာဈေးနှုန်းစသည့် စရိတ်စကများကို အခြေခံကာ ကမ္ဘာ့မြို့ကြီးပေါင်း ၂ဝ၉ ခုကို အတိုင်ပင်ခံကုမ္ပဏီကြီး မာဆာက နှစ်စဉ်စာရင်းပြုစုခြင်းဖြစ်သည်။ ယင်းစာရင်းကို ပြုစုနိုင်ရန်အလို့ငှာ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုပေါင်း ၂ဝဝကျော်ကို ဆန်းစစ်လေ့လာအကဲဖြတ်ခဲ့ကြောင်း မာဆာက ပြောသည်။

နိုင်ငံခြားသားအလုပ်သမားများကို လုပ်ခလစာမည်ရွေ့မည်မျှ ပေးသင့်ကြောင်း ကမ္ဘာတလွှားရှိ ကုမ္ပဏီများနှင့် အစိုးရများ ဆုံးဖြတ်ရာတွင် အထောက်အကူပြုစေရန် အဆိုပါစာရင်းကို နှစ်စဉ်ထုတ်ပြန်ခြင်းဖြစ်သည်။

မာဆာ၏စာရင်းတွင်ပါသည့် ထိပ်တန်းမြို့ကြီး ၁ဝမြို့တွင် အများစုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့် အိမ်ခြံမြေဈေးနှင့် အခြားသောလူနေမှု စရိတ်စက မြင့်တက်သွားခြင်းဖြစ်သော်လည်း အက်ရှ်ဂါဘက်မှာမူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြောင့်မဟုတ်ဘဲ စီးပွားရေးအကျပ်အတည်းများကြောင့်သာ ထိပ်ဆုံးနေရာ ရသွားခြင်းဖြစ်သည်။

ငွေကြေးအလွန်ဖောင်းပွမှုကြောင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဈေးတက်သွားခြင်းဖြစ်သည်။ အာဏာရှင်အစိုးရနှင့် ဓာတ်ငွေ့သိုက်ကြီးများရှိခြင်းကြောင့် လူသိများသည့် တာ့ခ်မင်နစ္စတန်နိုင် ငံ စီးပွားရေးအကျပ်အတည်းဆိုက်နေသည်မှာ ကာလကြာရှည်နေပြီဖြစ်သဖြင့် နိုင်ငံသားအများစု သည်လည်း ဆင်းရဲတွင်းထဲ ကျသွားကုန်တော့သည်။

#NPNews

Related news

© 2021. All rights reserved.