အီသီယိုးပီးယားစစ်တပ်က ဈေးကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်သဖြင့် လူပေါင်းများစွာ သေဆုံး

 838

ဝတီ (NP News) - ဇွန် ၂၄
အီသီယိုးပီးယားစစ်တပ်က နိုင်ငံမြောက်ပိုင်း တစ်ဂ်ရေဒေသရှိ ဈေးတစ်ခုကို
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရသွားခြင်းများ ဖြစ်ခဲ့ကြောင်း သိရသည်။

အီသီယိုးပီးယား လေတပ်သည် တိုဂိုဂါမြို့ကို ဇွန်လ ၂၂ ရက်က တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်သက်သေများက ဆိုသည်။ ဈေးကိုတိုက်ခိုက်ခဲ့ခြင်း မရှိသကဲ့သို့ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းလည်းမရှိကြောင်း၊ အကြမ်းဖက်သမားများကို
သုတ်သင်ရှင်းလင်းရန်အတွက် စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အီသီယိုးပီးယားစစ်တပ်ဘက်ကလည်း ပြောပြန်သည်။ တစ်ဂ်ရေဒေသရှိ သူပုန်တပ်ဖွဲ့ ပြီးခဲ့သည့်ရက်ပိုင်းတွင် ချီတက်လာပြီဟု သတင်းများထွက်နေသော်လည်း ယင်းကို အီသီယိုးပီးယားအစိုးရကငြင်းဆိုသည်။ ထိခိုက်ဒဏ်ရာရသူများကို ဘေးကင်းရာ ကူညီရွှေ့ပြောင်းပေးခဲ့ကြောင်း နိုင်ငံတကာကြက်ခြေနီကော်မတီက ဆိုသည်။ အထက်ပါလေကြောင်းတိုက်ခိုက်မှုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပါရန် ကုလကလည်း အီသီယိုးပီးယားအစိုးရကို တိုက်တွန်းလိုက်သည်။ ယင်းဒေသတွင် ပဋိပက္ခ ဖြစ်ပွားနေသည်မှာ ရှစ်လနီးပါးရှိပြီဖြစ်ပြီး ယင်းပဋိပက္ခကြောင့် လူပေါင်းထောင်ပေါင်းများစွာ သေဆုံးသွားရပြီဖြစ်ပြီး လူပေါင်းသန်းပေါင်းများစွာမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။

အထက်ပါလေကြောင်းတိုက်ခိုက်မှုတွင် လူပေါင်း ၆၀ ထက်မနည်းသေဆုံးသွားပြီး လူပေါင်း ၄၀ ကျော် ထိခိုက်ဒဏ်ရာရသွားသည်ဟု ဆေးရုံမှဆရာဝန်တစ်ဦးက ဘီဘီစီကို ဖြေကြားထားသည်။

Related news

© 2021. All rights reserved.