"စောစောစီးစီကတည်းက ရှင်းမယ်ဆိုရင် ရှင်းလို့ရရဲ့သားနဲ့ တွေ့ဆုံဆွေးနွေးမှုကို မလုပ်ပဲ အဆင့်ကျော်ခဲ့လို့ အာဏာထိန်းခဲ့ရတာ"

 910

NP News - ဇွန် ၂၆

“အရပ်သားအစိုးရက ဒီမိုကရေစီနည်းလမ်းတကျဆောင်ရွက်တဲ့ ရွေးကောက်ပွဲတွေမှာ မသမာမှုတွေ လုပ်ခဲ့တဲ့ အတွက်ကြောင့် စစ်တပ်က အာဏာဝင်ထိန်းခဲ့ရခြင်းဖြစ်ပြီး ဒီကိစ္စကို စောစောစီးစီကတည်းက ရှင်းမယ်ဆိုရင် ရှင်းလို့ ရရဲ့သားနဲ့ တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းတွေကို မလုပ်ပဲနဲ့ အဆင့်ကျော်လာတဲ့အတွက်ကြောင့် မြန်မာနိုင်ငံမှာ ဒီကနေ့ ကိစ္စတွေဖြစ်နေရတာ” လို့ စစ်ကောင်စီဥက္ကဋ္ဌ က ရုရှား ၂၄ ရုပ်သံသတင်းဌာနနှင့် အင်တာဗျူးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် Russian 24 ရုပ်သံ၏ International Review အစီအစဉ်တင်ဆက်သူ Mr.Fedor Lukyanov တို့၏ အင်တာဗျူး အမေး၊ အဖြေများကို NP News မှ ပြန်လည်ဖော်ပြပေး လိုက်သည်။

မေး - မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရဟာ လူ့အခွင့်အရေးများချိုးဖောက်ပြီး ပြည်သူတွေကို အကြမ်း ဖက်နှိမ်နင်းနေတယ်လို့ နိုင်ငံတကာမှ ဝေဖန်ပြောဆိုနေတာတွေရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ဘယ်လို လုပ်ဆောင်သွားမလဲ။ အရပ် သားအစိုးရကို ပြန်လည်အသက်သွင်းနိုင်ဖို့ ဒီမိုကရေစီစံနှုန်းနဲ့အညီ ရွေးကောက်ပွဲ တွေကိုရော ပြန်လည်ကျင်းပပေးဖို့ အစီအစဉ်ရှိသလားဆိုတာလေး သိချင်ပါတယ်။

ဖြေ - မှန်ပါတယ်။ မြန်မာနိုင်ငံမှ ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းမှုတွေဆောင်ရွက်နေတဲ့ အချိန်မှာ မမျှော်လင့်ဘဲနဲ့ ကျွန်တော်တို့ ဒီအခက်အခဲတွေဖြစ်လာခဲ့တာပေါ့။ ကျွန်တော်တို့ ဒါနဲ့ပတ်သက်ပြီးတော့ အရေးယူဆောင်ရွက်မှု လုပ်တဲ့အခါမှာလည်း အကြမ်းဖက်တဲ့လုပ်ရပ်တွေပေါ်မှာ ကျွန်တော်တို့တချို့ဟာတွေလည်းတုံ့ပြန်ပြီး ဆောင် ရွက်တာတွေရှိတော့ ဒီအပေါ်ကျွန်တော်တို့အပေါ်မှာလည်း နားလည်မှုလွဲမှားပြီး စွပ်စွဲမှုတွေ အမျိုးအမျိုးရှိတယ်။ ပြောချင်တာကတော့ ဒီမိုကရေစီမှာတော့ သာမန်အားဖြင့် အစိုးရတစ်ရပ်ကိုမကြိုက်လို့ ဆန္ဒပြတာတွေလည်းရှိ တယ်။ ဒါကတော့ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကမ္ဘာမှာလည်း ဒီလိုဖြစ်စဉ်က သာဓကများစွာရှိတယ်။ သို့သော် လည်းပဲ သာမန်ဆန္ဒပြမှုကနေ ကျော်လွန်ပြီးတော့ အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေဖြစ်လာလို့ရှိရင်တော့ ဒါ ကို အများသူဌာ မထိခိုက်အောင် တရားဥပဒေစိုးမိုးရေးကို မထိခိုက်အောင်တော့ သက်ဆိုင်ရာတာဝန်ရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းကနေ တုံ့ပြန်ဆောင်ရွက်ရတာရှိတယ်။ ဒီအပေါ်မှာ ကျော်လွန်ပြီးလုပ်တယ်ဆိုရင်တော့ ဥပဒေအရလုပ်ရမှာဖြစ်ပါတယ်။ ဘယ်ဘက်ကလုပ်လုပ်၊ ဟိုဘက်ကပဲ လုပ်လုပ်၊ ဒီဘက်ကပဲ လုပ်လုပ်၊ ကျော် လွန်ပြီးဖြစ်လာလို့ရှိရင်တော့ ဥပဒေအရအကုန်လုံးဆောင်ရွက်ရမှာဖြစ်တယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ က ဒါနဲ့ပတ်သက်ပြီးတော့ ဖြစ်စဉ်အပေါ်မှာတော့ အငြင်းပွားစရာတော့ မရှိဘူး။ ဒီဖြစ်စဉ်ဖြစ်တာကလည်း ဒီမိုကရေစီနည်းလမ်းတကျဆောင်ရွက်တဲ့ ရွေးချယ်ပွဲတွေမှာ မသမာမှုတွေ လုပ်ခဲ့တဲ့အတွက်ကြောင့် ဒီပြဿနာ တွေဖြစ်လာခဲ့တာ။ ဒါကို စောစောစီးစီကတည်းက ရှင်းမယ်ဆိုရင် ရှင်းလို့ရရဲ့သားနဲ့တွေ့ဆုံဆွေးနွေးမှု လမ်း ကြောင်းတွေ ရှင်းလင်းတဲ့လမ်းကြောင်းတွေကို မလုပ်ပဲနဲ့ အဆင့်ကျော်လာတဲ့အတွက်ကြောင့် ဒီပြဿနာတွေ ဖြစ်လာခဲ့တာ။ ကျွန်တော်ကတော့ စပြီးတက်ကတည်းက ရှေ့လုပ်ငန်းစဉ် (၅) ချက်ကို ကြေညာထားတာရှိ တယ်။ အဲဒီမှာ အရေးပေါ်အခြေအနေကာလတွေကျော်လွန်ပြီး ဆောင်ရွက်ပြီးပြီဆိုလို့ရှိရင် လုပ်သင့်လုပ်ဆောင် တာတွေ ပြီးအောင်ဆောင်ရွက်ပြီးပြီးဆိုလို့ရှိရင် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲတစ်ခုကို ကျွန်တော် ပြန်လုပ်မယ်လို့ ပြောထားတာရှိတယ်။ မဖြစ်မနေလုပ်မှာပါ။ သို့သော်လည်းပဲ တည်ငြိမ်အေးချမ်းတဲ့အခြေအနေ ကို ရောက်ဖို့တော့လိုပါတယ်။ နောက်တစ်ခါ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြီးမြောက်အောင် လည်းလိုပါတယ်။ ဒီအပေါ်မှာ ပြီးလို့ရှိရင်တော့ ရွေးကောက်ပွဲ မလွဲမသွေလုပ်မယ်ဆိုတာ ကျွန်တော်ပြောလိုပါ တယ်။

မေး - ကျွန်တော်တို့ ရွေးကောက်ပွဲအတွက် တိကျတဲ့ကာလတစ်ခုကို လက်ရှိအချိန်မှာ ဖြေကြားပေးဖို့ ခက်နိုင်ပါ သလား။

ဖြေ - လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတည်ငြိမ်အေးချမ်းမှုအပေါ်မှာ မူတည်တာပေါ့ဗျာ။ ကျွန်တော့်မှာ ဒီအခြေခံဥပဒေဟာ အရေးပေါ်ကာလတစ်နှစ်ပဲ ကြေညာလို့ လုပ်လို့ရပါတယ်။ ဒါကိုမပြီးမြောက်ဘူးဆိုလိုရှိရင် တာဝန်ရှိတဲ့ အဖွဲ့အစည်းကို ကျွန်တော်ပြန်လည်တင်ပြပြီးတော့မှ (၆) လတစ်ကြိမ် (၆) လတစ်ကြိမ် သက်တမ်း နှစ်ကြိမ် တိုးခွင့်ရှိတယ်။ အားလုံး တနှစ်နှစ်ပေ့ါ။ အဲဒီတော့ အကြမ်းဖျင်းအားဖြင့်တော့ ဒီနှစ်နှစ်အတွင်း မှာတော့ ရွေးကောက်ပွဲပြန်ဖြစ်ဖို့အတွက် လမ်းစရှိတယ်ဆိုတာကို ကျွန်တော်ပြောလိုတယ်။ ဒီလိုတော့ ဖြေလို့ရတာပေါ့ ဗျာ။ အခုတိုင်းပြည်ရေးရာဟာ လက်ရှိအခြေအနေမှာတော့ ကျွန်တော်တို့ဟာ တစ်ရာရာခိုင်နှုန်း အားလုံးပြီးပြီး ဆိုတဲ့၊ တည်ငြိမ်အေးချမ်းပြီဆိုတဲ့ အခြေအနေတော့် မရောက်သေးတဲ့အခြေအနေရှိတာကိုး။ ဒါ့ကြောင့် ဒါကို လည်း ထည့်ပြီး စဉ်းစားဖို့တော့လိုပါတယ်။ နည်းနည်းတော့ ကျွန်တော်ပြောဖို့တော့ စောသေးတယ်။ သို့သော် လည်း အကြမ်းဖျင်း နှစ်နှစ်မှာတော့ ဖြစ်နိုင်ပါတယ်။

မေး - မြန်မာနိုင်ငံရဲ့တည်နေရာအနေအထားဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှအတွက် စစ်ရေးအရရော၊ စီးပွားရေးအရပါ လွန်စွာအချက်အခြာကျပြီး တစ်ခုတည်းသောနေရာဖြစ်တဲ့အတွက် တကမ္ဘာလုံးကစိတ်ဝင် စားလျက်ရှိတယ်လို့ သိရှိရပါတယ်။ ရန်ကုန်ကိုကြည့်မယ်ဆိုရင် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုရရှိစေရန် ဘယ်လိုလုပ်ဆောင်ပါသလဲ။ ဘယ်သူတွေက အဓိက လုပ်ဆောင်ပါသလဲ။ အဓိကလုပ်ဆောင်သူတွေနဲ့ ဘယ်လို မျိုးဆယ်သွယ်မှုတွေရှိပါသလဲ။

ဖြေ - အနောက်အုပ်စုနိုင်ငံကြီးတွေကို ပြလို့ရှိရင်တော့ အနောက်အုပ်စုနိုင်ငံကြီးတွေလို့ ပြောရမှာပေါ့။ ကျွန်တော် တို့နိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထဝီအနေအထားအရ အရေးပါတဲ့ အနေအထားမှာရှိပါတယ်။ အိန္ဒိယ သမုဒ္ဒရာနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ ကျွန်တော်တို့နိုင်ငံရဲ့အိမ်နီးနား တိုင်းပြည် က တရုတ်နိုင်ငံနဲ့ အင်အားကြီးအိန္ဒိယနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံတွေဖြစ်တော့ သူတို့ဒါကိုတော့ စိတ်ဝင်စားတဲ့ ပထဝီဝင်အနေအထားအရလည်း စိတ်ဝင်စားကြတာပေါ့နော်။ နိုင်ငံရေးအရလည်း စိတ်ဝင်စား တယ်။ မြန်မာနိုင်ငံက ပထမဆုံးစပြီးတော့ နိုင်ငံလွတ်လပ်ရေးရပြီး အချိန်မှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျွန်တော်တို့သွားခဲ့တယ်။ နောက်ပိုင်းကျတော့ တော်လှန်ရေးကောင်စီတက်လာပြီးတော့မှ လမ်းစဉ်ပါတီ ဆိုရှယ်လစ်စနစ်နဲ့ ကျွန်တော်တို့သွားခဲ့တာရှိတယ်။ ဒီမှာလည်း ပြည်သူတွေက ပါတီစုံလမ်းကြောင်းကို လိုချင်တယ်ဆိုပြီးတော့ ၁၉၈၈ ခုနှစ်မှာ ဆူပူဆန္ဒပြမှုတွေ ဖြစ်လာပြီးတော့ ၈၈ ခုနှစ်မှ ဒါနောက်ဆုံးတော့ အဲဒီအစိုးရပြိုကွဲ သွားရတာပေါ့။ ပြိုကွဲသွားပြီးတော့ တပ်မတော်ကနေ တိုင်းပြည်ကို ဝင်ထိန်းပေးခဲ့တာရှိတယ်။ အဲဒီတော့ ပြည်သူလူထုရဲ့လိုလားချက် ဒီမိုကရေစီရဲ့လမ်းကြောင်းပေါ် ကျွန်တော်တို့သွားရတာပေါ့။ ၂ဝ၁၁ ခုနှစ်မှာ ဒီမိုကရေစီလမ်းကြောင်းကို ကျွန်တော်တို့သွားခဲ့ကြတယ်။ အဲဒီက ဒီမိုကရေစီနိုင်ငံတွေအတွက်ကတော့ စိတ်ဝင်စားစရာဖြစ်တာပေါ့။ တစ်ခုကတော့ ပထဝီအနေအထားအရလည်း စိတ်ဝင်စားဖို့ရှိတယ်။ နောက်တစ်ခါ နိုင်ငံရေးအရလည်း စိတ်ဝင်စားဖို့ရှိတယ်။ အဲဒီတော့ အနောက်နိုင်ငံတွေကတော့ အဓိကအားဖြင့် ကျွန်တော်တို့ နိုင်ငံအပေါ်မှာ ဝင်ရောက်ပြီးတော့ လွှမ်းမိုးလိုတဲ့စိတ်ကတော့ ရှိပုံရတယ်လို့ ကျွန်တော်တွက်ပါတယ်။

မေး - ကမ္ဘာ့နိုင်ငံရေးအခြေအနေအရ တရုတ်နဲ့ အမေရိကန်တို့ရဲ့ နှစ်နိုင်ငံအားပြိုင်တင်းမာမှု၊ ထိပ်တိုက်တွေ့ ဆုံမှုတွေဟာ ပိုမိုသိသာထင်ရှားလာပါတယ်။ အင်အားကြီးနိုင်ငံနှစ်ခုက အာရှနိုင်ငံတွေကို သူတို့နှစ်သက်တဲ့ နိုင်ငံရဲ့ သြဇာအာဏာအောက်ကို ပူးပေါင်းဆောင်ရွက်လုပ်ကိုင်စေလိုတယ်။ အာရှနိုင်ငံတွေကိုယ်တိုင်ကလည်း သူတို့နဲ့ သံတမန်ဆက်ဆံမှု အဆင်ပြေတဲ့နိုင်ငံနဲ့ပူးပေါင်းလုပ်ဆောင်မှုတွေ လုပ်ဆောင်နေတာကိုလည်း တွေ့ရှိ ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဒီလိုမျိုး နိုင်ငံရေးအခင်းအကျင်း ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ - ကျွန်တော်တို့က အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တယ်။ နံပါတ်တစ်အချက်ပေါ့။ နောက်တစ်ခုကတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တယ်။ ကျွန်တော်တို့က ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရတယ်ဆိုကတည်းက ကိုလိုနီခေတ်မှာလည်း နေခဲ့ရတယ်။ စောစောက ကျွန်တော်ပြောတဲ့အထဲမှာ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ တရုတ် နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်ပြီးနေခဲ့တယ်လို့ ကျွန်တော်ပြောခဲ့တယ်နော်။ အဲဒီတော့ ဖြတ်သန်းလာခဲ့တဲ့ နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ပထဝီနိုင်ငံရေးအရ ကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံခြားရေးမူဝါဒမှာ အရင်တုန်းကလည်း ဘယ်မ လိုက် နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးတယ်။ နောက်ပိုင်းကျတော့ လွတ်လပ်ပြီး တက်ကြွတဲ့နိုင်ငံခြားရေးမူဝါဒ၊ နောက်တစ်ခါ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာနဲ့ မိတ်ဖွဲ့မပျက်ဆက်ဆံရေးမူဝါဒ၊ နောက်ငြိမ်းချမ်းစွာ တူယှဉ် တွဲနေထိုင်ရေးမူကြီး(၅) ချက်အပေါ်မှာ အခြေခံတဲ့ မူဝါဒနဲ့ ကျွန်တော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်။
အဲဒီတော့ မြန်မာနိုင်ငံကတော့ မိတ်ဆွေနိုင်ငံပဲ မြန်မာနိုင်ငံမှာ မိတ်ဆွေနိုင်ငံပဲရှိတယ်။ ရန်သူနိုင်ငံလို့မရှိဘူးပေါ့။ စောစောက ခင်ဗျားရည်ညွှန်းပြောတဲ့ အမေရိကန်နိုင်ငံကလည်း မိတ်ဆွေနိုင်ငံပါပဲ။ သူကတော့ နည်းနည်း အလှမ်းဝေးတာပေါ့။ ဒါပေမဲ့ အိမ်နီးနားချင်းတိုင်းပြည်ဖြစ်တဲ့ တရုတ်တို့ အိန္ဒိယတို့ကျတော့ ကျွန်တော်တို့က နီးနီး ကပ်ကပ်ရှိနေကြတဲ့ နိုင်ငံလည်းဖြစ်တယ်။ အိမ်နီးနားချင်းဆက်ဆံရေးကတော့ ကျွန်တော်တို့ဘယ်လိုပဲ ဖြစ်ဖြစ် အလေးထားရတဲ့ ဆက်ဆံရေးရှိတယ်။ ဘယ်နိုင်ငံကမှ ဒါကို ငြင်းပယ်လို့မရဘူး။ အိမ်နီးနားချင်း ဆက်ဆံရေးကတော့ မကောင်းလို့မရဘူး။ နှစ်နိုင်ငံ၊ နှစ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက်မှုတွေကလည်း အကုန်ရှိပါတယ်။ ဒီလိုပဲ အခြားနိုင်ငံတွေနဲ့လည်း ကျွန်တော်တို့ပူးပေါင်းဆောင်ရွက်မှုတွေ အကုန်ရှိတယ်။ အမေရိကန်နိုင်ငံနဲ့လည်း ဆက်ဆံမှုတွေအများကြီးရှိခဲ့တယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အလှမ်းဝေးတာလည်းပါတာ ပေါ့။ နိုင်ငံချင်းကလည်း အရင်လို အလှမ်းဝေးခဲ့တာပါတယ်။ အနေအလှမ်းဝေးခဲ့ တာပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့နည်းနည်းလေး အိမ်နီးနားချင်း တိုင်းပြည်ထက်စာရင်တော့ နည်းနည်းစိမ်း တာတော့ ရှိတာပေါ့။ သို့သော်လည်းပဲ ကျွန်တော်တို့နိုင်ငံရဲ့အနေအထားကတော့ နိုင်ငံအားလုံးနဲ့ချစ်ကြည် ရင်းနှီးစွာ လက်တွဲ ဆောင်ရွက်မယ်ဆိုတဲ့ အနေအထားရှိတယ်။ နောက်တစ်ခါ အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ အတွက်ကြောင့် အာဆီယံရဲ့ကျင့်စဉ်တွေအတိုင်းလည်း လုပ်ကိုင်ရတာရှိတယ်ဆိုတာလည်း ကျွန်တော်ဖြေလို ပါတယ်။

မေး - ကျွန်တော်တို့အမေရိကန်ကိုတော့ အဝေးက မိတ်ဆွေလို့ပြောပါတယ်။ တရုတ်ကိုတော့ အနီးက မိတ်ဆွေ လို့ ပြောပါတယ်။ ရုရှားကရော ဘယ်လိုမိတ်ဆွေမျိုး ဖြစ်ပါသလဲ။

ဖြေ - ရုရှားက မိတ်ဆွေနိုင်ငံတွေထဲမှာတော့ အင်မတန်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတစ်ခုပါ။ ခင်ဗျား ခုနက တရုတ် နဲ့ အမေရိကန်ပဲ ရည်ညွှန်းမေးသွားလို့ ကျွန်တော်က တရုတ်နဲ့အမေရိကန်ကိုပဲ ရည်ညွှန်းပြီး ဖြေခဲ့တာပေါ့။ ရုရှား က ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းနိုင်ငံ၊ မိတ်ဆွေကောင်းနိုင်ငံဖြစ်ပါတယ်။ နိုင်ငံချင်းအလှမ်းဝေးပေမယ့် စိတ်ချင်းနီးတဲ့နိုင်ငံဖြစ်တယ်။ နိုင်ငံချင်းတော့ အလှမ်းဝေးတယ်။ သို့သော် စိတ်ချင်းနီးတဲ့နိုင်ငံတွေ၊ သဘောထား ချင်း နီးစပ်စွာတူညီတဲ့နိုင်ငံဖြစ်တယ်။ သမိုင်းနောက်ခံအခြေအနေတွေလည်း တော်တော်များများတူတဲ့ နိုင်ငံ တွေဖြစ်တယ်။ ကျွန်တော်တို့ရုန်းကန်ရတာလည်း တူတဲ့နိုင်ငံတွေဖြစ်တယ်။ ဒါ့ကြောင့် ရုရှားနိုင်ငံနဲ့ ကျွန်တော တို့က ထာဝရမိတ်ဆွေနိုင်ငံတစ်ခုလို့ ကျွန်တော်တင်စားပြီးပြောပါရစေ။

မေး - ကျွန်တော်တို့ရုရှား- မြန်မာချစ်ကြည်ရေးက တရားဝင်စတင်မှု မတိုင်ခင်(၁၉) ရာစု အလယ်လောက်က တည်းက ရုရှားနိုင်ငံသံတမန်အဖွဲ့တွေ မြန်မာနိုင်ငံကို သွားရောက်တာ၊ မြန်မာနိုင်ငံဘက်က စေလွှတ်တာတွေ ရှိခဲ့ပါတယ်။ ဒီကာလထဲမှာလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ နားလည်မှုရရှိထားပြီးဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး ပြောသလိုပဲ တကယ့်မိတ်ဆွေ အရင်းအခြာတွေ ဖြစ်ကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးတက်လာတာကိုလည်း တွေ့မြင်ရပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ တိုးတက်အောင်မြင်မှုနဲ့ ပတ်သက်ပြီးတော့ အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ကျေနပ်အားရမှုရှိပါသလား။

ဖြေ - ရုရှားနဲ့မြန်မာဆက်ဆံရေးပေါ့နော် ဒါကတော့ သမိုင်းမှာတစ်လျှောက်လုံး ကောင်းလာခဲ့တာပေါ့။ ကျွန်တော် တို့က ၁၉၉ဝ လွန်ကာလတွေမှာတော့ မြန်မာနဲ့ ရုရှားဆက်ဆံရေးပိုကောင်းလာခဲ့တယ်။ အထူး သဖြင့်တော့ စစ်ဘက်နည်းပညာပူးပေါင်းရေးဆောင်ရွက်ရေးကဏ္ဍတွေမှာ တော်တော်ကျယ်ကျယ်ပြန့်ပြန့်ဖြစ် လာတယ်။ အားရဖို့လည်းကောင်းပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံကဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုပေါ့။ ကျွန်တော်တို့ရဲ့ တိုင်းပြည်မှာလည်းတိုးတက်ဖို့အတွက် ကျွန်တော်တို့ကြိုးစားဆောင်ရွက်နေတဲ့အချိန်မှာ လူသားအရင်းအမြစ် တွေ အများကြီးလိုတယ်။ လူသားအရင်းအမြစ်တွေကို ကျွန်တော်တို့ ရုရှားနိုင်ငံမှာ လာပြီးတော့ ပညာသင်ကြား ခဲ့တာတွေ အများကြီးရှိတယ်။ အားလုံးပေါင်း ခုနှစ်ထောင်ကျော်လောက်ရှိတယ်။ ပညာသင်ခဲ့တာ။ ထူးချွန်ထက် မြက်တဲ့သူတွေလည်းအများကြီးပေါ်ထွန်းခဲ့ပါတယ်။ ဒီအထဲကနေပြီးတော့ သူတို့လည်းတိုင်းပြည်တည် ဆောက် ရေးမှာလည်း အများကြီး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နေတာဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်မှာ တော့ အခုနကပြောတဲ့ စစ်ဘက်နည်းပညာအမြင့်မားဆုံးအခြေအနေပေါ့လေ။ ဆက်လုပ်စရာကဏ္ဍတွေလည်း ရှိပါတယ်။ သို့သော်လည်းပဲ ပိုပြီးလုပ်ဖို့လိုတာတွေကတော့ နှစ်နိုင်ငံကူးလူူးဆက်ဆံရေး၊ ကူးသန်းရောင်း ဝယ်ရေးကိစ္စတွေ၊ နောက်တစ်ခါ ကမ္ဘာလှည့်ခရီးသွားကဏ္ဍတွေ၊ နောက်တစ်ခါ ယဉ်ကျေးမှုနဲ့အားကစားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေ၊ ပညာရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေ၊ ကျန်းမာရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍတွေ၊ ရုရှားက ကျန်းမာရေးနဲ့ပတ်သက်ပြီး အဆင့်လည်း အင်မတန်မြင့်ပါတယ်။ ဒါလုပ်ဖို့ နယ်ပယ်တွေအများကြီး ကျယ်ဝန်းတာပေါ့။ ကျွန်တော်တွေ့တယ်။ ဒါတွေလည်း ကျွန်တော်ရနိုင်တဲ့ လမ်းကြောင်းတွေပေါ်မှာရနိုင်တဲ့လုပ်ငန်းရပ်တွေအကုန်လုံး ဆောင်ရွက်သွားဖို့ ကျွန်တော်ရည်ရွယ်ထားပါတယ်။ အနာဂတ်ဟာ အင်မတန် ကောင်းမွန်လျက်ရှိတယ်ဆိုတာ ကျွန်တော် သုံးသပ်ပါတယ်။

မေး - အဆွေတော် ဗိုလ်ချုပ်မှူးကြီး ပြောသွားတဲ့ ကဏ္ဍတွေထဲက ကမ္ဘာလှည့်ခရီးသွားကရော တော်တော် အလားအလာကောင်းတဲ့လုပ်ငန်းတစ်ခုကို သုံးသပ်မိပါတယ်။ လက်ရှိအနေအထားမှာ ရုရှားနိုင်ငံက ပြည်သူ တွေအနေနဲ့ COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွေ ရပ်နားထားရတဲ့ အချိန်မှာ သွားလာလိုတဲ့ ဆန္ဒရှိတဲ့လူတွေအများကြီးရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ရောဂါကာကွယ်ရေးတွေ လုပ်နိုင် အချိန်မှာ ရုရှားနိုင်ငံအတွက် အခွင့်အရေးဖွင့်ပေးမယ်ဆိုရင်တော့ ရရှိတဲ့အခွင့်အရေးကို အသုံးပြုပြီးတော့ ရုရှားပြည်သူပြည်သားတွေက မြန်မာနိုင်ငံကိုလာရောက်ကြမှာဖြစ်ပါတယ်။ အခုလိုမျိုးကျွန်တော့်ရဲ့မေးခွန်းတွေ ကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ - ကောင်းပါပြီ။ အဓိကကတော့ ထိတွေ့မှုများများရှိလို့ရှိရင် ရင်းနှီးမှုရှိမယ်။ ယုံကြည်မှုရှိမယ်။ ဒါ့ကြောင့် ထိတွေ့မှုများများ နှစ်နိုင်ငံပြည်သူများ ထိတွေ့မှုများများရှိဖို့ နှစ်နိုင်ငံ နယ်ပယ်အသီးအသီးမှာ ထိတွေ့မှုများများ ရှိဖို့ လိုတယ်။ အဲဒါဆိုရင်တော့ ယုံကြည်မှု၊ ရင်းနှီးမှု ရသွားလို့ရှိရင် ပိုပြီးခိုင်မာစေမယ်ဗျာ။ လူဆိုတာကတော့ ယုံကြည်မှုနဲ့ အကုန်လုံးခိုင်မာအောင်တည်ဆောက်ကြတာကို။ ကျွန်တော်တို့ကတော့ ရုရှားနိုင်ငံရဲ့ မြန်မာနိုင်ငံ မှာ လာရောက်ရင်းနှီးမြုပ်နှံမှုတွေလည်း ကျွန်တော်တို့မျှော်လင့်ပါတယ်။ နောက်တစ်ခါ ကမ္ဘာ့လှည့်ခရီးသွားများ မြန်မာနိုင်ငံကို စောလျင်စွာလာနိုင်ရေး အခြေအနေပေါ်မှာလည်း ရောက်စေဖို့မျှော်လင့်ပါတယ်။ ကျွန်တော် ကတော့ ဘာပဲပြောပြော တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောလိုတယ်။

#NPNews

Related news

© 2021. All rights reserved.