မြန်မာ့အရေး ကုလဆုံးဖြတ်ချက်မှာ ဘင်္ဂလားဒေ့ရှ်အတွက် အသွားနှစ်ဖက်ပါ ဒါးနှင့်တူကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းစာများက ဝေဖန်
907
Htay Oung (NP News) - ဇူလိုင် ၂
ဖေဖော်ဝါရီ ၁ ရက် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ရှုတ်ချ၍ ဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့် လက်နက်စီးဆင်းမှုကို ဟန့်တားရန်တောင်းဆိုသည့် ဘင်္ဂလားဒေ့ရှ်သည် မြန်မာ့အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်အပေါ် မဲမပေးပဲ နေခဲ့ခြင်းမှာ ဒါကာအနေဖြင့် မြန်မာစစ်အစိုးရအား ထောက်ခံခြင်း ဟုတ်-မဟုတ် မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်ဟု The Daily Star ကရေးသားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ဗီတိုပါဝါရှင် ရုရှားနှင့် တရုတ်နိုင်ငံတို့က (မြန်မာဖက်မှ) ရပ်တည်မည်ကို ဘင်္ဂလားဒေ့ရှ်က ခန့်မှန်းတွက်ချက်ထားပြီးဖြစ်သည်။ သို့သော် အထူးသဖြင့် ဘင်္ဂလားဒေ့ရ်ှသို့ ဒုက္ခသည်ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာဟုဖော်ပြ) ၇၅၀,၀၀၀ တို့ အစုအပုံလိုက် ဝင်ရောက်လာစေသည့် ၂၀၁၇ ခုနှစ် စစ်ဖက်ဖြိုခွင်းမှုတွင် ဘင်္ဂါလီတို့အပေါ် လူမျိုးသုဉ်းပြုမူခြင်းကို ကာကွယ်ရန် ဒါကာတွင် အခွင့်အာဏာရှိသော်လည်း အနည်းငယ်မျှ သာ စွမ်းဆောင်နိုင်ခဲ့သည်။ ဇွန်လ ၁၈ ရက်နေ့တွင် အတည်ပြုခဲ့သော ကုလအထွေထွေညီလာခံ၏ အဆိုမူကြမ်းကို အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် ကနေဒါတို့ အပါအဝင်အ နောက်နိုင်ငံများက ထောက်ခံကြောင်း အပြီးသတ်ဆုံးဖြတ်ခဲ့ကြသည်။ ထောက်ခံသူ စုစုပေါင်း ၁၁၉ နိုင်ငံရှိပြီး ဘီလာရုဇ်က ကန့်ကွက်မဲ ပေးခဲ့သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သော တရုတ်၊ ရုရှားအပြင် ဘင်္ဂလားဒေ့ရှ်၏ အရင်းနှီးဆုံး မိတ်ဆွေအိန္ဒိယနှင့် အာဆီယံနိုင်ငံများဖြစ်သော ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် လာအိုတို့ အပါအဝင်နိုင်ငံပေါင်း ၃၆ နိုင်ငံက မဲမပေးပဲ နေခဲ့ကြသည်။
ဘင်္ဂလားဒေ့ရ်ှသည်မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေပြီး ၎င်းနိုင်ငံမှ လူဦးရေတစ်သန်းကျော်ကို လက်ခံထားရသည်။ ထို့ကြောင့်ဒုက္ခသည်ဘင်္ဂါလီများအတွက် ဘင်္ဂလားဒေ့ရ်ှအနေဖြင့် ရေရှည်ဖြေရှင်းချက်ကို ရှာဖွေရာတွင် မြန်မာနိုင်ငံ၏တည်ငြိမ်မှုမှာ အလွန်အရေးကြီးကြောင်း၊ မြန်မာနိုင်ငံမှ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသော လူနည်းစုများ အထူးသဖြင့် ဒုက္ခသည်ဘင်္ဂါလီများအတွက် လုံခြုံစိတ်ချရပြီး ရေရှည်တည်တံ့၍ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးအတွက် အခြေအနေများကို ဖန်တီးရမည့် အရေးတကြီးလိုအပ်ချက်ကို အထွေထွေညီလာခံ ဆုံးဖြတ်ချက်များ၌ အသိအမှတ်ပြုထားခြင်း မရှိ၍ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ဧပြီလ၌ ဂျာကာတာ အစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များ၏ သဘောတူညီချက် ၅ ချက်ကို အလျင်အမြန် အကောင်အထည်ဖော်ရန် တောင်းဆိုချက်သာ ပါရှိကြောင်း နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ်အမြဲတမ်းကိုယ်စားလှယ် ရာ့ဘီဖာတီမာက ဆန္ဒမဲ မပေးပဲ နေခဲ့ရခြင်းကို ရှင်းပြခဲ့သည်။ ထို့အပြင် မကြာသေးမီက အများပြည်သူဆိုင်ရာမီဒီယာတို့တွင် မြန်မာစစ်ခေါင်းဆောင်၏ ပြောကြားသည့် မှတ်ချက်များက ဒုက္ခသည်ဘင်္ဂါလီတို့၏ ရေရှည်တည်တန့်၍ လုံခြုံဘေးကင်းစွာ နေရပ်ပြန်ရာတွင် အခြေခံကျသည့် မူဝါဒပြုပြင်ပြောင်းလဲရေး ဖြစ်နိုင်ခြေများကို တားမြစ်ထားသည်။
အနောက်နိုင်ငံများက ကာလကြာရှည်စွာ ထောက်ခံအားပေးခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် ဒုက္ခသည်ဘင်္ဂါလီတို့အပေါ် လူမျိုးသုဉ်းပြုခြင်းကို အမှန်တကယ်ပင် ထောက်ခံခဲ့ပြီး ၎င်း အာဏာရရှိစဉ် အပြည်ပြည်ဆိုင်ရာ တရားခုံရုံး ICJ ၌ စစ်အစိုးရကို ကာကွယ်ခဲ့သည်။ ကုလအထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်ဆိုသည်မှာ နိုင်ငံရေးအရ အရေးပါလင့်ကစား မြန်မာစစ်အစိုးရအပေါ် တိကျသော မည်သည့်အရေးယူမှုများကိုမျှ ပြုလုပ်ရန် စွမ်းဆောင်နိုင်ခြင်း မရှိပါ။ မြန်မာနိုင်ငံသည် စစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ နေခဲ့ရပြီး စစ်အစိုးရအပေါ် ချမှတ်ထားသော အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများမှာ မအောင်မြင်ခဲ့ကြောင်း နိုင်ငံရေးကျွမ်းကျင်သူအချို့က ထောက်ပြသည်။ လက်နက်စီးဆင်းမှုကို တားဆီးသည် ဆိုရာ၌လည်း အပြည့်အစုံဖော်ပြခြင်း မရှိ၊ နိုင်ငံအားလုံးတို့က သဘောတူ ထောက်ခံခြင်းလည်း မရရှိခဲ့ချေ။ ထို့အပြင် ဆုံးဖြတ်ချက်အပေါ် ထောက်ခံခဲ့သော နိုင်ငံအများစုသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုများကို ဆက်လက်ပြုလုပ်နေခဲ့ပြီး စစ်အစိုးရနှင့် သံတမန်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသည်။
ထိုအချက်မှာ ၎င်းတို့၏ ပြောသလို မဟုတ်သော မရိုးးသားမှုကို ဖော်ပြနေခြင်းဖြစ်သည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရ်ှအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှု မရှိခြင်းက ပိုမို ကောင်းမွန်ပြီး မဲမပေးသည့် ဆုံးဖြတ်ချက်မှာ မှန်ကန်ကြောင်း နိုင်ငံရေး လေ့လာဆန်းစစ်သူအချို့က ကောက်ချက်ချသည်။ သို့သော် မဲမပေးပဲ နေခြင်းက မှားယွင်းသော သတင်းစကားများကို ဆောင်ကျဉ်းပေးမည်ဖြစ်သောကြောင့် ဆုံးဖြတ်ချက်ကို မဲပေးသင့်သည်ဟု ယူဆသူများလည်း ရှိနေသည်။
လွန်ခဲ့သည့်အနှစ် ၅၀ အတွင်း ဘင်္ဂလားဒေ့ရှ်၏ သံတမန်ရေးရာကို ကြည့်လျှင် ပြည်သူသူလူထု၏ ဒီမိုကရေစီနှင့် ကိုယ်ကျင့်တရားအပေါ် အခြေခံရပ်တည်ခဲ့သည်ကို တွေ့မြင်နိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရ်ှအပေါ် လူသားချင်းစာနာထောက်ထားမှုနှင့် သံတမန်ရေးရာအကူအညီများပေးနေသော အနောက်နိုင်ငံများသည် ဒါကာ၏ မဲမပေးပဲ နေခဲ့ခြင်းကြောင့် အံ့အားသင့်ခဲ့ရသည်။ ထိုအချက်မှာ ဘင်္ဂလားဒေ့ရှ်အပေါ် အနာဂတ်တွင် ၎င်းတို့က မည်ကဲ့သို့ ရှုမြင်မည်ကို မေးခွန်းထုတ်စရာ ဖြစ်ရကြောင်း သုံးသပ်ကြသည်။