ကိုဗစ်ဗီဇပြောင်း ဒယ်လ်တာဗိုင်းရပ်စ်မျိုးကွဲက အာရှကို အကြီးအကျယ် ခြိမ်းခြောက်မှု ဖြစ်တော့မည်ဟု ပညာရှင်များ သတိပေး

 1128

Htay Oung (NP News) - ဇူလိုင် ၂

ကူးစက်မှု အလွန်မြန်ဆန်သော ဒဲလ်တာဗီဇပြောင်းကိုရိုနာဗိုင်းရပ်မျိုးကွဲမှာ ယုခရက်သတ္တပတ်အတွင်း သြစတြေးလျနှင့် တောင်ကိုရီးယားတို့တွင် ကူးစက်ခံရသူအရေအတွက် စံချိန်တင်မြင့်တက်လာခဲ့ပြီး အချို့နိုင်ငံများတွင် ရောဂါဖြစ်ပွားထိန်းချုပ်ရေးကို တင်းကြပ်ရန်နှင့်ကာကွယ်ဆေးထိုးနှံကြရန် အပူတပြင်းလိုအပ်လာသည်ဟု Reuters က ရေးသားသည်။

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံ၌ ပထမဆုံးတွေ့ရှိရသည့် ဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲမှာ နိုင်ငံပေါင်း ၁၀၀ ခန့်သို့ ပျံ့နှံ့သွားခဲ့ပြီး များမကြာမီ အဓိကလွှမ်းမိုးသည့် ဗိုင်းရပ်စ် ပုံစံဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်သည်။ ယခုလတွင် အိုလံပစ်အားကစားပွဲတော် ကျင်းပမည့် ဂျပန်နိုင်ငံ၌ ရောဂါဖြစ်ပွားမှု အရှိန်မြှင့်တက်လျှက်ရှိသည် ဆို၏။ သောကြာနေ့တွင် သြစတြေးလျနိုင်ငံ၏ လူဦးရေအများဆုံးနေထိုင်ရာ နယူးဆောက်ဝေးလ်ပြည်နယ်၌ ကူးစက်ခံရသူ အရေအတွက်မှာ ယခုနှစ်အတွင်း အမြင့်မားဆုံးဖြစ်သည်။ ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပွားမှု ၂၀၀ ကျော်အထိ ရှိလာပြီး အများစုမှာ ဒဲလ်တာဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံ့လူဦးရေ ၂၅ သန်းခန့်၏ ငါးပုံတစ်ပုံ နေထိုင်ရာ ဆစ်ဒနီမြို့တွင်ရောဂါကူးစက်မှုကို ထိန်းချုပ်ရန်အတွက် ရက်သတ္တနှစ်ပတ်ကြာ Lockdown တားဆီးပိတ်ဆို့မှုပြဋ္ဌာန်းခဲ့ရပြီး နိုင်ငံတဝှန်း ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်များ နှေးကွေးနေခြင်းက အာဏာပိုင်များအား ထိတ်လန့်စေခဲ့သည်။

ရောဂါကပ်ရောဂါထိန်းချုပ်ရာတွင် ကနဦးအောင်မြင်မှုများက သြစတြေးလျှအား အခြားအာရှနိုင်ငံများနည်းတူ ကာကွယ်ဆေး ထိုးနှံရာတွင် ဆုတ်ဆိုင်းစေခဲ့သည်။ ကာကွယ်ဆေးထုတ်လုပ်သူများ၏ တင်ပို့မှုကလည်း နှေးကွေးခဲ့သည်။ ဂျပန်နိုင်ငံ၌ လူဦးရေ၏ ၁၂ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်ချိန်တွင် သြစတြေးလျှ၌ ၆ ရာခိုင်နှုန်း သာရှိခဲ့သည်။ ဗုဒ္ဓဟူးနေ့၌ တိုကျိုအပါအဝင် ဂျပန်နိုင်ငံ၏ အရှေ့ပိုင်းဒေသများတွင် ရောဂါဖြစ်ပွားမှု အားလုံး၏ သုံးပုံတစ်ပုံ နီးပါးမှာ ဒဲလ်တာဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲကြောင့် ဖြစ်ရပြီး ယခုဇူလိုင်လလယ်တွင် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုဆိုးရွားလာပါက ဇူလိုင် ၂၃ ရက်နေ့တွင် ကျင်းပမည့် အိုလံပစ်ပွဲတော်တွင် ပရိသတ်များအား ပိတ်ပင်ရန်မှာ ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်ကြောင်း တိုကျို အုပ်ချုပ်ရေးမှူးက သောကြာနေ့၌ ပြောဆိုသည်။

သောကြာနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားသူအရေအတွက်မှာ ၈၀၀ အထိရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှု ၁၀ ရာခိုင်နှုန်း အောက်သာရှိသည့်တောင်ကိုရီးယားနိုင်ငံ၌ ၆ လအတွင်း အများဆုံးဖြစ်ကြောင်း၊ ကူးစက်မှုထပ်မံ တွေ့ရှိရသည့် နေ့စဉ်ပျမ်းမျှအရေအတွက်မှာ ၁၀ ရက်ဆက်တိုက် မြင့်တက်လာခဲ့ပြီး လူချင်းနီးကပ်မှုကန့်သတ်ရေးပြဌာန်းရန် ဆိုးလ်မြို့အာဏာပိုင်များက နှောင့်နှေးခဲ့ကြောင်း အစိုးရအရာရှိများက ပြောဆိုသည်။
ကျယ်ပြန့်သည့် ကူးစက်မှုများတွင် ဒဲလ်တာဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲကို အများဆုံး တွေ့ရှိရကြောင်း အင်ဒိုနီးရှား၊ အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့၏ ရောဂါဖြစ်ပွားမှုတွေ့ရှိရပုံမှာ တောင်ကိုရီးယားနှင့် မတူကြောင်း အခြားနိုင်ငံများအနေဖြင့် မိမိတို့၏ ကာကွယ်ဆေးထိုးနှံရေး နည်းဗျူဟာကို ပြန်လည်သုံးသပ်၍ ပြန်လည်စီစဉ်သင့်ကြောင်း ဆိုးလ်မြို့ရှိ အီဝါအမျိုးသမီး ဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ အသက်ရှုလမ်းကြောင်းရောဂါဆိုင်ရာ ပါမောက္ခက ရှင်းပြသည်။

အင်ဒိုနီးရှားသည် ကမ္ဘာ့စတုတ္ထမြောက် လူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်ပြီး ရောဂါဖြစ်ပွားမှုမြင့်တက်လာသဖြင့် စနေနေ့မှစတင်ကာ ဇူလိုင် ၂၀ ရက်နေ့အထိ အရေးပေါ်အခြေအနေ ပြဋ္ဌာန်းမည်ဖြစ်သည်။ မေလ၌ တစ်နေ့လျှင် ကူးစက်မှု အမြင့်ဆုံးပမာဏ ၄၀၀,၀၀၀ ထိရောက်ရှိခဲ့သော အိန္ဒိယတွင်မူ နှစ်လအတွင်း ကူးစက်မှုအသစ် ထပ်မံတွေ့ရှိမှု အနိမ့်ဆုံးအဆင့်သို့ လျော့နည်းသွားပြီး လူအများအပြားတို့ကို အစုအပုံလိုက်ကာကွယ်ဆေးထိုးနှံပေးရန် အစိုးရက အာရုံစိုက်လျှက်ရှိသည်။ အာရှဒေသတွင် နိုင်ငံတကာခရီးသွားလုပ်ငန်းများကို ဆိုင်းငံ့ထားရသည်။ ခြွင်းချက်အနေနှင့် ထိုင်းနိုင်ငံ ဖူးခက်ကျွန်း၏ ထိုးနှက်ခြင်းခံထားရသည့် ခရီးသွားလုပ်ငန်းအား ပြန်လည်ထူထောင်ရေး ခြေလှမ်းတစ်ခုအဖြစ် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးစီးသူ ပြည်ပခရီးသွားများအတွက် ကြာသပတေးနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

သို့သော်ငြားလည်း သောကြာနေ့ ထိုင်းနိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် သေဆုံးသူအရေအတွက်မှာ သုံးရက်ဆက်တိုက် မြင့်တက်နေဆဲဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း အဓိက လွှမ်းခြုံလျှက်ရှိသော ဗိုင်းရပ်စ်ပိုးမှာ ဗြိတိန်နိုင်ငံတွင် ပထမဆုံးတွေ့ရှိရသည့် အယ်လ်ဖာဗီဇပြောင်းမျိုးကွဲဖြစ်ပြီး ဒဲလ်တာမျိုးကွဲမှာ လာမည့် လအနည်းငယ်အတွင်း လွှမ်းခြုံသွားလိမ့်မည်ဖြစ်ကြောင်း၊ လက်ရှိသေဆုံးနှုန်းအတိုင်း ဆက်လက်တည်ရှိနေပါက လူအားလုံး အသက်ရှင်ကျန်ရစ်ရန် မဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာန အကြံပေးတစ်ဦးက ပြောဆိုသည်။ ကာကွယ်ဆေးထိုးနှံနှုန်း နည်းပါးနေသေးသည့် နိုင်ငံအချို့တွင် ဒဲလ်တာဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာပြီးနောက် ဖြစ်ပွားမှုပြင်းထန်သည့် ဒေသများသို့ အထူးအကူအညီများ ပေးအပ်မည်ဟု အမေရိကန်အိမ်ဖြူတော်က ကြာသပတေးနေ့၌ သတင်းထုတ်ပြန်သည်။

ဥရောပဆေးဝါးထိန်းညှိရေးအဖွဲ့ကမူ ဥရောပသမဂ္ဂတွင်အတည်ပြုထားသော COVID-19 ရောဂါကာကွယ်ဆေးများမှာ ဒဲလ်တာဗီဇပြောင်းအပါဝင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအားလုံးကို ကာကွယ်နိုင်ကြောင်း ပြောဆိုသည်။

Related news

© 2021. All rights reserved.