" ကျွန်တော်တို့ အထီးကျန်လို့ မရဘူး " - ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

 1977

အိဖြူ (NP News) - ဇူလိုင် ၃
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ RIA သတင်းဌာနမှ Ms.Kukushkina Tatiana တို့၏ တွေ့ဆုံမေးမြန်းခန်းမှ အမေး ၊ အဖြေများကို ပြန်လည်ရေးသားဖော်ပြလိုက်သည်။

မေး - အဆွေတော်ဗိုလ်ချုပ်မှူးကြီးအနေနဲ့ အခုလို မော်စကိုကို International Security Conference ကို လာရောက် တက်ရောက်တာဟာ ဒါပထမအကြိမ် မဟုတ်တော့ပါဘူး။ ယခု (၉) ကြိမ်မြောက် တက်ရောက်တဲ့ အချိန်မှာလည်း မနေ့က အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဆွေးနွေးဟောပြောပွဲမှာ အာရှပစိဖိတ်ဒေသရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးဟောပြောသွားခဲ့တာကို တွေ့မြင်ခဲ့ကြရပါတယ်။ တကယ့်မြေပြင်မှာ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ထပ်မံပြီး ဘယ်လိုအခြေအနေမျိုး ဖြစ်လာနိုင်တယ်ဆိုတာ ထပ်လောင်းပြောကြား ပေးလို့ ရနိုင်ပါသလား။
ဖြေ - ပထမဦးဆုံးအနေနဲ့ပေါ့နော်။ အာရှပစိဖိတ်ဒေသကတော့ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ အင်မတန် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ စိတ်ဝင်စားလာတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ ပစိဖိတ်ဒေသနဲ့ အတ္တလန္တိတ်ဒေသဘက်၊ ဥရောပစစ်မျက်နှာဘက်မှာ ပိုပြီးတော့ အရေးပါလာတယ်။ အာရှအရှေ့ ဖျားနဲ့ ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းကာလကျတော့ အာရှပစိဖိတ်ဒေသကို ကမ္ဘာ့နိုင်ငံကြီးအားလုံးက စိတ်ဝင် စားလာခဲ့ကြတယ်။ ဒါ့ကြောင့် လုံခြုံရေးနဲ့ပတ်သက်လို့ရှိရင် နိုင်ငံရေးနဲ့ပတ်သက်တာဖြစ်ဖြစ် လုပ်ဆောင်ချက် အားလုံးက သတိတော်တော်လေးထားရမယ့် အနေအထားဖြစ်တယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ ဥပမာ အားဖြင့် ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲတွေထဲကမှ ဗီယက်နမ်စစ်ပွဲတစ်ခုရှိတယ်။ ဒါအရှေ့ တောင်အာရှဒေသမှာ ဖြစ်လာတဲ့ အာရှပစိဖိတ်ဒေသရဲ့ Interest တစ်ခုဖြစ်တယ်။

မေး - လက်ရှိမျက်မှောက်ခေတ်မှာတော့ လုံခြုံရေးနဲ့ပတ်သက်လို့ရှိရင် ဘယ်လိုအန္တရာယ်တွေများ ရင်ဆိုင်နေရ ပါသလဲ။
ဖြေ - အန္တရာယ်ကတော့ အမျိုးမျိုးပါပဲ။ အကြမ်းဖက်တိုက်ခိုက်မှုတွေလည်းရှိလာပါတယ်။ နောက်တစ်ခါ နိုင်ငံ တွေအပေါ်မှာ နိုင်ငံရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ တည်ငြိမ်အေးချမ်းရေး အတွက်သော်လည်းကောင်း၊ လွှမ်းခြုံမှုတွေ၊ ကြိုးစားမှုတွေ ဒါတွေ အများကြီးတွေ့လာရတယ်။ ဒါတွေလည်း အန္တရာယ်ရှိတယ်လို့ ကျွန်တော်ပြောလိုပါတယ်။

မေး - အဆွေတော်ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဒီတစ်ခေါက်ခရီးစဉ်မှာလည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး Army General Sergey Shoigu နဲ့ တွေ့ဆုံပြီးတော့ စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ဖို့ ကဏ္ဍ တွေမှာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ဒီလိုမျိုးဆွေးနွေးခဲ့ကြတဲ့အချိန်မှာ စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီးတော့ မည်ကဲ့သို့သော ကဏ္ဍသစ်တွေ ဆက်လက်ဆောင်ရွက်သွားဖို့ ရှိနေပါ သလဲ။ ဘယ်လိုသတင်းအသစ်များ ရှိနေပါသလဲ။
ဖြေ - ကဏ္ဍတွေကတော့ အများကြီးဗျ။ လုပ်ရတဲ့ကဏ္ဍတွေက အကျယ်ကြီး။ ဆွေးနွေးတဲံအကြောင်းအရာတွေ လည်း အများကြီးရှိတယ်။ အဲဒီတော့ အသစ်ဆိုတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့က လက်ရှိလုပ်ဆောင်နေတဲ့ ဟာကိုပဲ တိုးချဲ့လုပ်ဆောင်ဖို့ပဲ ကျွန်တော်တို့ဆွေးနွေးတာတွေရှိတယ်။ အသစ်သွားဖို့တော့ ကျွန်တော်တို့မှာ မရှိဘူး။ စလုပ်ကတည်းကကို နယ်ပယ်ပေါင်းစုံက ကျယ်ပြန့်တယ်။

မေး - ဘယ်လိုနယ်ပယ်တွေမှာ ထပ်မံပြီးတော့ တိုးချဲ့သွားဖို့ စီစဉ်ထားပါသလဲ။
ဖြေ - မနေ့ကဆိုရင် လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တာပေါ့နော်။ ဒါလေး ကျွန်တော်တို့ ဆွေးနွေးဖြစ် တာပေါ့။ ထူးထူးခြားခြား ဆွေးနွေးတယ်လို့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတစ်နိုင်ငံကို ဒုက္ခပေးနိုင်တာ လေကြောင်းရန်နဲ့ပတ်သက်တာက ဒုက္ခပေးနိုင်တဲ့အလားအလာက အများကြီးရှိတယ်။ ဒါ့ကြောင့် လေကြောင်းရန်နဲ့ ကျွန်တော်တို့မြန်မာနိုင်ငံက လေတပ်ဖွဲ့ဆိုတာ အင်အားအင်မတန်ကို ကြီးမားအောင်လုပ် နိုင်ဖို့အတွက် ဓနအင်အားကလည်း ကျွန်တော်တို့မှာ မရှိဘူး။ မရှိတော့ Air Defence ကိုပဲ ကျွန်တော်တို့အဓိက ထားတာပါ။ ဒါတွေလည်း မနေ့က ကျွန်တော်တို့ ဆွေးနွေးတဲ့အကြောင်းအရာထဲမှာ ပါပါတယ်။

မေး - ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံဆိုတာကလည်း စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်မှုတစ်ခုတည်းနဲ့ ရပ်တန့် နေမှာမဟုတ်တဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်ကြပါတယ်။ ဒီစစ်ဘက်နည်းပညာအပြင် အခြားဘယ်လိုကဏ္ဍတွေမှာ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားဖို့ စီစဉ်ထားပါသလဲ။
ဖြေ - နယ်ပယ်ပေါင်းစုံရှိတယ်ဗျ။ ဥပမာအားဖြင့် တပ်မတော်ရေတပ်ပိုင်းဆိုင်ရာ တိုးချဲ့ဆောင်ရွက်တာတို့၊ ဆက်သွယ်ရေးပိုင်းဆိုင်ရာ တိုးချဲ့ဆောင်ရွက်တာတို့၊ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတို့ ဒါတွေ လည်း ရှိပါတယ်။ အသေးစိတ်ပြောမယ်ရမယ်ဆိုရင်တော့ အများကြီးရှိတာပေါ့ဗျာ။

မေး - လက်ရှိ မြန်မာနိုင်ငံရဲ့ပြည်တွင်းအခြေအနေနဲ့ပတ်သက်တဲ့ မေးခွန်းလေးတစ်ခု မေးခွင့်ပြုပါ။ လက်ရှိကမ္ဘာ့ သတင်းမီဒီယာတွေမှာ မြန်မာနိုင်ငံအကြောင်းကိုရေးသားနေကြတာဟာဆိုလို့ရှိရင် မိမိတို့ ရုရှားနိုင်ငံအနေနဲ့ သိရှိထားတဲ့ မြန်မာနိုင်ငံမှာ တကယ်ဖြစ်ပျက်နေတဲ့ အမှန်တရားတွေနဲ့ အရမ်းကိုကင်းကွာလွန်းပါတယ်။
ဖြေ - အဓိကကတော့ ကျွန်တော်တို့ လက်ရှိစီမံဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေ ပျက်ပြားစေလိုတဲ့စိတ်နဲ့ သူတို့လို လားတဲ့သူတွေ နေရာရဖို့အတွက်ကို ဆောင်ရွက်တဲ့အနေအထားမျိုးလို့ ကျွန်တော်ကတော့ ယူဆတယ်။

မေး - အနောက်နိုင်ငံတွေကို ဆိုလိုတာပါလား။
ဖြေ - မှန်ပါတယ်။

မေး - အနောက်နိုင်ငံတွေအနေနဲ့ သတင်းမီဒီယာတွေမှာပဲ ရေးသားနေတာလား။ ဒါမှမဟုတ် သူတို့နိုင်ငံ သံတမန်ရေးအနေနဲ့ ဒီလိုမျိုး သတင်းအမှားတွေကို ထုတ်လွှင့်ပြောကြားနေကြတာမျိုး ရှိပါသလား။
ဖြေ - ရှိတာပေါ့။ အများကြီးရှိတာပေါ့။ လုပ်နေကြတာတွေ၊ သံတမန်လောက ကလည်း လုပ်နေကြတယ်။ နောက် ကုလသမဂ္ဂအမည်ခံထားတဲ့ အဖွဲ့အစည်းတွေကလည်း လုပ်နေကြတာပဲ။ NGO ၊ INGO အဖွဲ့တွေလည်း လုပ်နေကြတာပဲ။ သတင်းမီဒီယာလောက ကလည်း လုပ်နေကြတာပဲ။

မေး - ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာတွေ့ရှိချက်အရ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ ရာထူးမရှိပါဘူး။ ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာမရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနဲ့ အချိန်အကြာကြီး နိုင်ငံမှာအာဏာတစ်ခုကို ယူထားခဲ့ပါတယ်။ ဒီလိုအခြေအနေတွေက ဘာ့ကြောင့်ဖြစ် ပေါ်လာတာလဲ။ ဘာလို့ သူမက ဒီလိုမျိုးစဉ်းစားပြီးတော့ လုပ်ခဲ့တယ်လို့ ထင်ပါသလဲ။
ဖြေ - နိုင်ငံတော်အတိုင်ပင်ခံရာထူးမျိုး ဆိုတာကတော့ ကိုယ့်ဟာကိုယ် ဖန်တီးယူတဲ့ ဟာမျိုးပါ။ ဥပဒေမှာတော့ ပုဒ်မ တစ်ခုရှိတယ်။ အဖွဲ့အစည်းတစ်ခုခု ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ယောက်ကို တာဝန်ပေးနိုင်တယ်ဆိုတဲ့ ပုဒ်မ တစ်ခု ရှိတယ်။ အဲဒီပုဒ်မအရ သူတို့ပေးတာ။ သို့သော်လည်း လုပ်လို့ရတဲ့လုပ်ပိုင်ခွင့်တွေ ရှိတယ်။ လုပ်ပိုင်ခွင့်တွေ အရတော့ တည်ဆဲလုပ်နေကြတဲ့ ကျွန်တော်တို့မှာ အာဏာ(၃) ရပ်ရှိတာပေါ့။ ဥပဒေပြုရေးရယ်၊ အုပ်ချုပ်ရေး ရယ်၊ တရားစီရင်ရေးရယ်၊ ဒီအာဏာ(၃) ရပ်အပေါ်မှာ လွှမ်းခြုံတဲ့ဟာမျိုးတော့ ဘယ်သူမှလုပ်လို့မရဘူး။ ဒီဟာ အမြင့်ဆုံးပဲ။ အမြင့်ဆုံးအဖွဲ့အစည်းတွေပဲ။ ဒါကိုကျော်လွှားလို့ မရဘူး။ ဥပဒေပြဌာန်းတဲ့အခါမှာ ဒီဟာကျော်လွှား ပြီးလုပ်ရတဲ့ဥပဒေမျိုး ပြဌာန်းလို့တော့ ဘယ်လိုမှလုပ်လို့မရဘူး။ ဒါပေမယ့် ဒီပြဌာန်းထားတဲ့ဥပဒေကို ကျော်လွန် ပြီးတော့ သူကလုပ်လို့ သူကဒီလိုဖြစ်လာတာ။ အဲဒီမှာပြောချင်တာက ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ) မှာ ဖော်ပြထားတဲ့ဟာ တစ်ခုရှိတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာနိုင်ငံသား တစ်ယောက်ဟာ နိုင်ငံခြားသားတစ်ယောက်နဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေဖြစ်တယ်။ သူက အဲဒီကန့်သတ်ချက်ထဲမှာ ငြိနေတာရှိတော့ သမ္မတဖြစ်နိုင်ခွင့် အရည်အချင်းထဲမှာ ငြိစွန်းနေတာ။ သူက လုပ်လို့မရဘူး။ လုပ်လို့မရတော့ သူက အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ဥပဒေကို ပြဌာန်း ပြီးတော့ ပြန်လုပ်လိုက်တာပေါ့။ ဒါပေမယ့် နိုင်ငံတော်သမ္မတရဲ့အရည်အချင်းသတ်မှတ်ချက်နဲ့ ဒုတိယသမ္မတ တစ်ယောက်ရဲ့အရည်အချင်း သတ်မှတ်ချက်တွေမှာ စောစောကပြောတဲ့ ၅၉(စ) နဲ့ ပတ်သက်တဲ့ဟာတွေက အကျုံးဝင်တဲ့သူဖြစ်တယ်။ သူ့ကို ကျွန်တော်တို့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ပြီးတဲ့အချိန်မှာ သူ့ရဲ့ Protocol တန်းစီးတဲ့အခါမှာ သမ္မတနဲ့ ဒုတိယသမ္မတ ကြားမှာရှိတယ်ဆိုပြီးတော့ သူက ထည့်လိုက်တာ။ ပြန်တမ်းနဲ့ထည့်ထားတာ။ အဲဒါဆိုရင် အလိုအလျောက် ခုနက ၅၉(စ) နဲ့ ပတ်သက်တဲ့သူ အကျုံးဝင်တဲ့လူပဲဖြစ်ရ မယ်။ အဲဒါကို ဥပဒေက ဘယ်လိုပဲရှိရှိ သူက ဒါကိုရှောင်ရှားချင်လို့။ ဒါပေမဲ့ တကယ်တော့ ဥပဒေနဲ့ငြိစွန်းနေတယ်။ ဒီတချက်ကိုက မလွယ်ပါဘူး။ ပြန်ပြီး ပြည့်စုံအောင် ပြောရလို့ရှိရင် ကျွန်တော်တို့နိုင်ငံမှာတော့ ဝါစဉ်လိုက်စီတာရှိတယ်။ သမ္မတပြီးရင် ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ။ (၂၅) ဆင့်ရှိတယ်။ နိုင်ငံတကာမှာလည်း ရှိ တယ်။ ခင်ဗျားတို့နိုင်ငံမှာလည်း သမ္မတပြီးလို့ရှိရင် ဒုတိယတာဝန်အရှိဆုံး ဘယ်သူလဲ။ တတိယတာဝန်အရှိဆုံးက ဘယ်သူလဲ။ Protocol တွေ စီလိုက်တာ ရှိတယ်။ တရားဝင် စာထုတ်ပေးတာပေါ့။ အဲဒီတော့ သူက တရားဝင်စာက နိုင်ငံတော်ပြန်တမ်းထုတ်ပြီးတော့ သမ္မတ လက်မှတ်ထိုးထားတဲ့စာထဲမှာ သူသည် ဒုတိယနေရာမှာ ဖော်ပြထားတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဒါသည် ဥပဒေနဲ့ငြိတယ်လို့ ကျွန်တော်တို့ကပြောတာ။ စာမထုတ်ထားဘဲနဲ့ သူ့ဟာသူ အပြင်မှာ သက်သက်နေရင် ပြဿနာမရှိဘူး။ ဒီမှာ စာနဲ့ တရားဝင်ထုတ်ထားတာ။

မေး - ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး တရားစွဲဆိုမှုတွေရှိတယ်ဆိုတာ သိရပါတယ်။ သူမကို ဘယ်လို ပြစ်မှုမျိုးနဲ့ ဘယ်လိုပြစ်ဒဏ်ချမှတ်နိုင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ပနိုင်ငံတွေက တောင်းဆိုမှုတွေ ရှိခဲ့ပါ သလား။ ရှိခဲ့တဲ့နိုင်ငံတွေနဲ့ တောင်းဆိုမှုတွေကို အနည်းငယ် ရှင်းပြပေးစေလိုပါတယ်။
ဖြေ - ကျွန်တော်က တရားသူကြီးမဟုတ်တော့လည်း ပြောရတာ ခက်တာလေ။ တရားရုံးကနေပြီးတော့ သူ့အပေါ်မှာ စွပ်စွဲထားတဲ့အချက်တွေအပေါ် တရားသူကြီးက ဆင်ခြင်တုံတရားနဲ့ စစ်ဆေးမေးမြန်းပြီးတော့ ဆုံးဖြတ်ဆောင်ရွက်ပါလိမ့်မယ်။ တရားစွဲတဲ့ အဖွဲ့အစည်းတွေကတော့ သူတို့တွေ့ရှိချက်အပေါ်မူတည်ပြီးတော့ သူမ အပေါ်မှာ တရားစွဲမှုလုပ်ခဲ့တာပါ။ ဒါပေမဲ့ တရားသူကြီးကနေ စစ်ဆေးမေးမြန်းပြီးတော့ စဉ်းစားဆုံးဖြတ်ပါလိမ့်မယ်။

မေး - နစက အနေနဲ့ အစပိုင်းမှာတော့ ရွေးကောက်ပွဲကို တစ်နှစ်အတွင်းပြန်လည်ကျင်းပပေးမယ်လို့ ပြောပါ တယ်။ မကြာသေးခင်အချိန်က ဗိုလ်ချုပ်မှူးကြီး ပြောသွားတဲ့အထဲမှာ (၂) နှစ်အကြာမှာ ပြန်လည်ကျင်းပပေးမယ်လို့ ပြောပါတယ်။ အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ အနည်းငယ် ရှင်းပြပေးစေလိုပါတယ်။
ဖြေ - ရွေးကောက်ပွဲရလဒ်တွေ စိစစ်တာကတော့ ကျွန်တော်တို့ကပထမဆုံး တပ်မတော်က စစ်ပြီးတော့ ကြေညာလိုက်တာပေါ့။ မဲစာရင်းတွေ မှားနေတယ်လို့ ကြေညာလိုက်တာပေါ့။ အဲဒါတွေကို ကျွန်တော်တို့က တာဝန်ယူတဲ့ အခါမှာ ရွေးကောက်ပွဲကျင်းပရေး ပြည်ထောင်စုကော်မရှင် UEC လို့ခေါ်တဲ့ ကျွန်တော်တို့ရွေးချယ်တင်မြောက်တဲ့ ကော်မရှင်ပြန်ဖွဲ့ပြီးတော့ ပြန်စစ်ခိုင်းတာပါ။ သူတို့ရဲ့စစ်ဆေးတွေ့ရှိချက်ပေါ်မူတည်ပြီး ကျွန်တော်တို့ ထုတ်ပြန်ကြေညာတာရှိတယ်။ အဲဒီတော့ ဒီလုပ်ငန်းတွေပြီးသွားပြီဆိုရင် ကျွန်တော်တို့က ရွေးကောက်ပွဲပြန်လုပ်ဖို့ ဆိုပြီး ကြေညာခဲ့တာပေါ့။ (၆) လအတွင်းလုပ်မယ်။ (၁) နှစ်အတွင်းလုပ်မယ်လို့တော့ မဟုတ်ပါဘူး။ အရေးပေါ် ကာလအခြေအနေအတွင်းမှာ ဆောင်ရွက်ဖွယ်ရာကိစ္စများ ပြီးမြောက်ပြီဆိုလို့ရှိရင် ရွေးကောက်ပွဲကျင်းပဖို့ကို ကျွန်တော်တို့ပြန်လုပ်မယ်။ အဲဒီက ရွေးချယ်တင်မြောက်တဲ့ပါတီက အစိုးရဖွဲ့နိုင်ဖို့အတွက် ဆောင်ရွက်ပေးမယ်၊ လွှဲပေးမယ်လို့ ကျွန်တော်ပြောခဲ့တာပါ။ နောက်တစ်ခုကလည်း ခုနကပြောတဲ့ ဒီရွေးကောက်ပွဲ မဲစာရင်းတွေ မှားတဲ့အထဲမှာ အဓိက မှားတာက မှတ်ပုံတင်မရှိဘဲနဲ့ မဲစာရင်းတွေမှာ ပါနေတဲ့ ကိစ္စတွေ။ မဲစာရင်းမှာ မှတ်ပုံတင် မပါတာ လူပေါင်း (၁ဝ) သန်းကျော်လောက်ပါနေတယ်။ အဲဒီလူတွေကို ကျွန်တော်တို့က စိစစ်တဲ့အခါမှာ (၄) သန်းကျော်လောက်က မှတ်ပုံတင်ပေးဖို့ အရေးတကြီးပေးဖို့လိုနေတယ်။ ကျွန်တော်တို့ မှတ်ပုံတင်တွေ ထပ်ထုတ် ပေးနေတာတွေရှိတယ်။ ဒါတွေကလည်း အနည်းဆုံး(၁၈) လကြာမယ် လို့ သက်ဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေက ခန့်မှန်းတာပေါ့။ (၁၈) လကြာမယ်ဆိုတော့ ဒါက သတ်မှတ် တစ်နေ့ကို လူ ၃ဝဝ လုပ်ရမယ်။ အဲဒီတော့ ၃ဝဝ လုံး မှန်မှန်ကန်ကန်လုပ်မှ (၁၈) လနဲ့ပြီးမှာ။ တကယ်လို့ အဲဒီအရေ အတွက်အတိုင်း မလာဘူးဆိုရင် ဒီထက်ပိုကြာဖို့ပဲ ရှိတယ်။ ကျွန်တော်တို့က မဲစာရင်းမှားတာ၊ မှတ်ပုံတင်မပါဘဲနဲ့ မဲစာရင်းတွေထည်တဲ့အတွက် ကြောင့် မှားတယ်ဆိုတာကို ထောက်ပြထားတာ။ အဲဒီတော့ လာမယ့်ရွေးကောက်ပွဲ အသစ်လုပ်လို့ရှိရင် မှတ်ပုံတင် မပါဘဲနဲ့ မဲစာရင်းထဲမှာ ပါလာလို့ရှိရင် ကျွန်တော်တို့ကို ပြောစရာဖြစ်လာမယ်။
ဒါ့ကြောင့် မှတ်ပုံတင်က မရှိမဖြစ် ကျွန်တော်တို့ပေးရမယ့်လုပ်ငန်းတစ်ရပ်ဖြစ်တယ်။ ဒီလုပ်ငန်းရပ်ပြီးမှ ကျွန်တော်တို့က ရွေးကောက်ပွဲကို စာရင်းဇယားမှန်မှန်နဲ့ ရွေးကောက်ပွဲတစ်ခုလုပ်လို့ရမယ်။ ဒီဟာကို ကျွန်တော်တို့ အချိန်တစ်ခု ပေးရလိမ့်မယ်။ ဒါ့ကြောင့် (၂) နှစ်လည်း ဖြစ်ရင်ဖြစ်သွားမယ်လို့ ကျွန်တော်တို့ပြောတာ။ နောက်တစ်ခုရှိ သေးတယ်။ အဲဒါက ဘာလည်းဆိုတော့ ကျွန်တော်တို့ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ဆိုတာရှိတယ်။ ဒီဥပဒေဟာ နိုင်ငံသားပေးရမယ့် ပုဂ္ဂိုလ်တွေပေးဖို့။ ဒါတွေလည်း ဒီမဲပေးတဲ့ ကာလအတွင်းမှာ မကျန်ရအောင်လုပ်ဖို့ ဆိုပြီးတော့ တာဝန်တစ်ခုရှိတယ်။ ဒါလည်း ကျွန်တော်တို့သက်ဆိုင်ရာတွေနဲ့ဆွေးနွေးပြီးတော့ ဆောင်ရွက်နေတာလည်းရှိတယ်။ ဒါတွေက နှောင့်နှေးနေလို့ မရဘူး။ နှောင်နှေးမယ်ဆိုရင်လည်း ဒါတွေဟာ ကျန်ခဲ့တယ်ဆိုရင်လည်း အဲဒီမှာ ပြဿနာတစ်ခုက လာလိမ့်မယ်။ ဒါလည်းဖြေရှင်းဆောင်ရွက်ဖို့ ရှိနေသေးတယ်လို့ ကျွန်တော် ပြောချင်သေးတယ်။

မေး - အခုအသစ်ဖွဲ့စည်းလိုက်တဲ့ UEC အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးမှသာ ရွေးကောက်ပွဲအသစ်ကို ကျင်းပလို့ရမယ်လို့ နားလည်ထားပါတယ်။ ဒီလို သန်းဆယ်ချီပြီး မှားယွင်းနေမှုကိုစစ်ဆေးမှုဟာ အချိန်ဘယ် ကြာနိုင်ပါသလဲ။ ဘယ်အချိန်လောက် ပြီးမယ်လို့ ခန့်မှန်းထားပါသလဲ။
ဖြေ - ကျွန်တော်တို့ တော်တော်များများတော့ ပြီးနေပြီ။ (၉ဝ) ရာခိုင်နှုန်းလောက် စစ်ဆေးတာပြီးသွားပါပြီ။ လာမယ့် ဇူလိုင်လ နောက်ဆုံးအပတ် (သို့) သြဂုတ်လ ပထမပတ်ထဲမှာ တရားဝင် အဲဒါကို ရှင်းလင်းဖို့ရှိပါတယ်။

မေး - မဖြစ်မနေဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေအားလုံးပြီးသွားလို့ ရွေးကောက်ပွဲကျင်းပဖို့ အဆင်သင့်ဖြစ်တဲ့ အချိန် မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေအားလုံးအနေနဲ့ ဒီရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသလား။
ဖြေ - ပြိုင်နိုင်ပါတယ်။ ပြိုင်ခွင့်ရှိတာပေါ့။ ဒါပေမယ့် သူက သတ်မှတ်တဲ့စည်းကမ်းတွေရှိတယ်။ ဥပမာအားဖြင့် မဲဆန္ဒနယ်ဘယ်နှစ်ခု ဝင်ရောက်ယှဉ်ပြိုင်ရမယ်တို့ ဒါတွေလဲရှိတာပေါ့။ အဲဒါတွေနဲ့ စည်းကမ်းကိုက်ညီမယ်ဆိုရင်တော့ သူတို့အားလုံး ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ တစ်ခုတော့ရှိတာပေါ့ဗျာ။ အဲဒါဘာလဲဆိုတော့ ပါတီများ ဖွဲ့စည်းခြင်း နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ ဒါတွေနဲ့လည်း ကိုက်ညီဖို့လိုတာပေါ့။ ဖွဲ့စည်းမှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း ကိုက်ညီဖို့လည်းလိုတယ်။ ပြီးရင် ရွေးကောက်ပွဲဝင်နိုင်မယ့် စည်းမျဉ်းစည်းကမ်းတွေ ကိုက်ညီဖို့လည်း လိုတယ်။ ဒီနှစ်ခုနဲ့ ပြည့်စုံတဲ့ ဘယ်နိုင်ငံရေးပါတီမဆို ယှဉ်ပြိုင်ခွင့်ရှိပါတယ်။

မေး - လက်ရှိမှာဆိုရင်တော့ ဆူပူဆန္ဒပြတဲ့အဆင့်ကိုကျော်လွန်ပြီးတော့ အကြမ်းဖက်တဲ့အဆင့်ထိကို ရောက် နေပြီဖြစ်ပါတယ်။ ဆူပူဆန္ဒပြမှုတွေဟာလည်း ဒီမသမာတဲ့ ရွေးကောက်ပွဲကြောင့်ဖြစ်ခဲ့တာဖြစ်ပြီးတော့ ယခု လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကျတော့ ဘယ်အကြောင်းရင်းကြောင့် ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ မှတ်ချက်ပေးချင်ပါသလဲ။
ဖြေ - အကြမ်းဖက်မှုကတော့ ပထမဦးဆုံး ရိုးရိုးဆန္ဒပြတာကနေပြီးတော့ နောက်ပိုင်းမှာတော့ ဒီဆန္ဒပြတာတွေကနေတဆင့် ကျော်တက်လာတာပေါ့။ အကြမ်းဖက်မှုတွေရှိတယ်။ ဒါပေမယ့် အခုတော့ အကြမ်းဖက်မှုတွေကတော့ အရင်လိုတော့ မများတော့ဘူး။ တော်တော်တော့ ကျသွားပြီ။ လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတို့ လူတွေ ချောင်းမြောင်းပစ်ခတ်တာတို့ အနည်းအကျဉ်းတော့ရှိပါတယ်။ ဒါက ဘာလည်းဆိုရင်တော့ လူတွေ အကြောက်တရားဖြစ်အောင်ရယ်၊ နောက်တစ်ခါ နိုင်ငံတော်အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်ဘူးဆိုတာကို နိုင်ငံတကာမှာ ပုံရိပ်ပျက်ပြားအောင် နိုင်ငံတကာရဲ့ပုံရိပ်မှာ ကျွန်တော်တို့ရဲ့အနေအထိုင်ပျက်ပြားအောင်လည်း ဆောင်ရွက်တာဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ သူတို့ဒီလိုလုပ်ခြင်းအားဖြင့် သူတို့အပေါ်မှာ တဖက်ကလည်း အားပေးတဲ့သူတွေပေါ့။ စိတ်ဓါတ်တက်ကြွပြီးတော့မှ ဒီထက်ပိုပြီးတော့ အရှိန်ပြင်းပြင်းလုပ်ဆောင်နိုင်အောင် လုပ်နိုင်တဲ့ရည်ရွယ်ချက်လည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် အများပြည်သူက လက်မခံဘူး။ အကြမ်းဖက်မှုကို ဘယ်သူမှလက်မခံကြဘူး။ တော်တော်များများလည်း အခုနှိမ်နင်းဆောင်ရွက်နိုင်တာတော့ ရှိတယ်။ သူတို့မျှော်လင့်ထားတာကတော့ ဒီအကြမ်းဖက်မှုတွေက အရှိန်ပြင်းထန်လာလိမ့်မယ်လို့ မျှော်လင့်ထားတာပေါ့။ ဒါပေမယ့် သူတို့ဒီလိုအခြေအနေမျိုး လုံးဝရောက်ဖို့လည်း ဘယ်သူမှ မရှိနိုင်ဘူး။ ဒါကတော့ သူတို့အမြင့်ဆုံး ကျွန်တော်တွက်ကြည့်တာ ဒီတော့ မှန်းလို့ရပါတယ်။

မေး - ဒီလိုမျိုး အကြမ်းဖက်မှုတွေကို ထောက်ခံတဲ့သူတွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်နေတယ်လို့ ပြောတဲ့ အချိန်မှာ ထောက်ခံသူတွေအနေနဲ့ နိုင်ငံရေးအရ ထောက်ခံသူကို ဆိုလိုတာလား။ ဒါမှမဟုတ် ငွေရေးကြေးရေးအရ ထောက်ခံသူကို ဆိုလိုတာလား။
ဖြေ - နိုင်ငံရေးအရ ထောက်ခံသူတွေရဲ့ဦးဆောင်မှုနဲ့ ငွေကြေးကြောင့် လိုက်လုပ်နေသူတွေက ပိုများတာပေါ့။ ဦးဆောင်တဲ့သူတွေကတော့ နိုင်ငံရေးအရ ဆန့်ကျင်တဲ့သူတွေ ဦးဆောင်တာရှိတယ်။ သူတို့က သူတို့ရတဲ့ ငွေကြေးတွေနဲ့ ခိုင်းတဲ့အခါမှာ ငွေကြေးရတဲ့သူတွေက လိုက်လုပ်ကြတာပေါ့။ အဲဒီတော့ သူတို့က နိုင်ငံရေးအရတော့ မဟုတ်ဘူး။ ပိုက်ဆံကြောင့်လုပ်တာ။ ဦးဆောင်တဲ့သူတွေကတော့ နိုင်ငံရေးအရ ဦးဆောင်တဲ့သူတွေ။

မေး - ကျွန်မတို့ ကမ္ဘာမှာ ယခုလက်ရှိ ရှိတဲ့ ကမ္ဘာ့နိုင်ငံရေးအသိုင်းအဝိုင်းထဲကနေမှ ဒီနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ရော၊ အရှေ့တောင်အာရှိဒေသအတွင်းမှာရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါ မြန်မာနိုင်ငံရဲ့အခြေအနေကို တည်ငြိမ်အေးချမ်းဖို့အတွက် ဘယ်လိုအကူအညီမျိုးတွေ ပေးနိုင်ပါသလဲ။ ဘယ်လိုအကူအညီမျိုးတွေ ဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ လက်ခံဆောင်ရွက်ပေးဖို့ ရှိပါသလဲ။
ဖြေ - နံပါတ်တစ် အချက်ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုကိုတော့ နားလည်ဖို့လိုတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုနားလည်ဖို့လိုတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ ဥပဒေလည်း နားလည်ဖို့လိုတယ်။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်တွေလည်း နားလည်ဖို့လိုတယ်။ ဒီအပေါ်တွေမှာ နားလည်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ပိုပြီးတော့အကျိုးရှိလိမ့်မယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ ဒါတွေကို နားမလည်ဘဲနဲ့ သူတို့လိုချင်ရာကိုဆွဲပြီးတော့မှ ရရှိတဲ့သတင်းတွေပေါ်မူတည်ပြီး သူတို့လိုရာ ကောက်ချက်ချ တာပေါ့။ ရရှိတဲ့သတင်းတွေကလည်း အနောက်နိုင်ငံအဖွဲ့အစည်းတွေကြတော့လည်း သူတို့ရဲ့လိုချင်တဲ့ပုံစံကို သွားနိုင်ဖို့ကိုသာ သူတို့ကလုပ်တာပေါ့။ အဲဒီအပေါ်မှာမူတည်ပြီး သတင်းတွေတင်တဲ့အခါ ဒီအပေါ်မှာရရှိတဲ့ နိုင်ငံတွေကလည်း ဒီအပေါ်မှာပဲ Analyze လုပ်ပြီးတော့ ပြောတာပေါ့။ ဒါပေမယ့် ပကတိအခြေအနေမှာ တော်တော် ကွဲပြားခြားနားတာတွေရှိနေတယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့ပြည်တွင်းပကတိအခြေအနေမှန်လည်း သူတို့သိဖို့ လိုတယ်။ အဲဒါဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ သိပ်ကောင်းတယ်။ ကျွန်တော်တို့လည်း နိုင်ငံတစ်နိုင်ငံတည်းဆိုတာ တော့ ကျွန်တော်တို့နိုင်ငံပြည်တွင်းရေးဆိုတာတော့ ဟုတ်ပါတယ်။ သို့သော်လည်းပဲ တစ်ဖက်ကလည်း နိုင်ငံတကာကနေပြီးတော့ ပူးပေါင်းဆောင်ရွက်လို့ရတဲ့နယ်ပယ်တွေမှာလည်း ရှိကောင်းရှိနိုင်တာပေါ့။ ဒါမျိုးမှာ အကောင်းဘက်ကနေ အပြုသဘောဆောင်တဲ့ပူးပေါင်းဆောင်ရွက်မှုမျိုးဆိုရင် ကျွန်တော်တို့ ဘာလို့မလုပ်မှာလဲ။ ကျွန်တော်တို့ အထီးကျန်လို့ မရဘူး။ ပူးပေါင်းဆောင်ရွက်မှုတွေ ဘယ်လိုပဲဖြစ်ဖြစ်လုပ်ရမှာ အခုကျွန်တော်ရုရှား နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ တရုတ်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ အိမ်နီးနားချင်းနိုင်ငံများနဲ့ ဆက်ဆံမှု တွေရှိတယ်။ အကုန်ရှိတယ်။ နိုင်ငံတွေ အကုန်လုံးဆက်ဆံမှုတွေရှိတယ်။ ဒါအရေးကြီးတာ နားလည်ဖို့လိုတယ်။ နားလည်မှုပါပဲ။

မေး - စောစောက ဗိုလ်ချုပ်မှူးကြီးဖြေကြားသွားတဲ့အထဲမှာ ရုရှားနိုင်ငံနဲ့လည်း လက်ရှိမှာ ပူးပေါင်းဆောင်ရွက်မှု တွေပြုလုပ်နေပါတယ်။ တရုတ်နိုင်ငံနဲ့လည်း ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်လို့ ဖြေကြားသွားပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အခုမြန်မာနိုင်ငံရဲ့တည်ငြိမ်အေးချမ်းမှုတည်ဆောင်ရေးအတွက်ရော ဒီမိတ်ဖက်နိုင်ငံ နှစ်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတာတွေရှိပါတယ်။ ဘယ်လိုအကူအညီတွေပြုလုပ်သွားဖို့ စီစဉ်သွားဖို့ ရှိပါ သလဲ။
ဖြေ - ပူးပေါင်းဆောင်ရွက်မှုတွေကတော့ ရှိတယ်ဗျ။ မြန်မာနိုင်ငံရဲ့အခြေအနေမှန်ကို သူတို့သိအောင်ကြိုးစားပြီးတော့မှ နိုင်ငံတကာမျက်နှာစာတွေမှာ သူတို့က ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကို သိအောင်ပြန်ပြီးတော့မှ ဆောင်ရွက်ပေးတာတွေဟာ သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေပဲ။

မေး - မြန်မာနိုင်ငံအကြောင်းကို မေးမြန်းတဲ့အခါမှာ ယခုလက်ရှိကာလကြီးမှာတော့ မဖြစ်မနေမေးရမယ့် မေးခွန်းလေးတော့ ရှိပါတယ်။ တကမ္ဘာလုံးမှာ Covid-19 ကူးစက်ရောဂါအန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ မြန်မာနိုင်ငံမှာရော ကိုဗစ်ရောဂါ ကာကွယ်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီးတော့ ဆောင်ရွက်မှုတွေ အလျဉ်မီပါသလား။ ဘယ်လိုအခက်အခဲတွေ ရှိပြီးတော့ ဘယ်လိုအောင်မြင်မှုတွေ ရှိသလဲဆိုတာကို သိချင်ပါတယ်။
ဖြေ - ကိုဗစ်ရောဂါ စဖြစ်တဲ့ ပထမလှိုင်းပေါ့ဗျာ။ ပထမလှိုင်းဖြစ်တဲ့အချိန်မှာတော့ သိပ်မများဘူး။ ဒုတိယလှိုင်း ဖြစ်တဲ့အချိန်မှာတော့ ကျွန်တော်တို့တော်တော်လေးများသွားတယ်။ ကျွန်တော်တို့ဒါကိုလည်း ပြန်ထိန်းနိုင်တာပေါ့။ အဲဒီအချိန်မျာ ကိုဗစ်ကာကွယ်ဆေးတွေပေါ်လာတော့ ကာကွယ်ဆေးတွေ ဝယ်ယူပြီးတော့ ကျွန်တော်တို့ ကာကွယ်ဆေးထိုးနှံဖို့လုပ်တယ်။ ပထမဆုံး စပေါ်တာ အိန္ဒိယနိုင်ငံကနေစပြီး ဝယ်ပါတယ်။ နောက်ကျတော့ အိန္ဒိယနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် သူတို့ရဲ့ပြည်တွင်းရေးမှာလည်း ရှိနိုင်တဲ့အခက်အခဲကြောင့် သူတို့ရဲ့ကာကွယ်ဆေးတွေ ကျွန်တော်တို့ကိုရောင်းချမှုတွေ ခဏတော့ ရပ်ဆိုင်းထားတာပေါ့။ အဲဒီအချိန်မှာ ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ်ဆေးလက်ခံရရှိတာရှိတယ်။ ဒါကလည်း အခုကျွန်တော်တို့ဆီမှာလည်း စမ်းသပ်သုံးစွဲပြီးလည်း ဖြစ်တယ်။ နောက်ထပ်လည်း ရုရှားနိုင်ငံကနေ ထပ်ပြီးတော့ တိုးချဲ့ဝယ်ယူဖို့အတွက်လည်း ကျွန်တော်တို့ ညှိနှိုင်းဆွေးနွေးတာရှိတယ်။ ထို့အတူပဲ တရုတ်နိုင်ငံကနေပြီးတော့လည်း ကျွန်တော်တို့နိုင်ငံ အပေါ်မှာ ကျွန်တော်တို့ရဲ့နိုင်ငံအတွက် ကာကွယ်ဆေးတွေ ပေးပို့ခဲ့တာရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့ သုံးစွဲ ပြီးဖြစ်ပါတယ်။ ဒါလည်း ဆက်လက်ပြီး တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့လည်းရှိပါတယ်။ တတိယလှိုင်းကတော့ မြန်မာနိုင်ငံမှာတော့ နည်းနည်းပြန်ဖြစ်တဲ့သဘောတော့တွေ့တယ်။ တစ်နေ့တစ်နေ့ တွေ့ရှိတဲ့ ရာခိုင်နှုန်းက(၁ဝ) ရာခိုင်နှုန်းပတ်ဝန်းကျင်လောက်ရှိနေတာပေါ့။ နည်းလာတဲ့ ရက်တွေလည်း ရှိတယ်။ များလာတဲ့ ရက်တွေလည်း ရှိတယ်။ သို့သော် တွေ့ရှိတဲ့ရက် တွေ့ရှိတဲ့ပမာဏကတော့ (၁ဝ) ရာခိုင်နှုန်းပတ်ဝန်းကျင်လောက်မှာ ရှိနေတဲ့အတွက်ကြောင့် အရင်ထက်စာရင်တော့ နည်းနည်းပိုများလာတဲ့ သဘောရှိတယ်။ သို့သော် နိုင်ငံတကာမှာဖြစ်နေတဲ့ ဒီပြန့်ပွားမှုနှုန်းထက်စာလို့ရှိရင် ကျွန်တော်တို့နိုင်ငံမှာ အများကြီးတော့ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ကောင်းကောင်းမွန်မွန် စည်းကမ်းတကျလိုက်နာမယ်ဆိုရင် ထိန်းသိမ်းနိုင်တဲ့အနေအထားရှိ တယ်လို့လည်း ကျွန်တော်ပြောထားပါတယ်။ ဒါလည်း တတ်နိုင်သလောက်ကြိုးစားပြီး ဆောင်ရွက်ပေးနေပါတယ်။

မေး - ရုရှားနိုင်ငံကနေ ကာကွယ်ဆေးကို တင်သွင်းဖို့ ညှိနှိုင်းတာနဲ့ပတ်သက်ပြီးတော့ အရေအတွက်အားဖြင့် ဘယ်လောက်ဖြစ်နိုင်မလဲလို့ ပြောလို့ရပါသလား။
ဖြေ - လောလောဆယ် ကျွန်တော် (၂) သန်းဝယ်ဖို့လုပ်ထားတယ်။ နောက်ထပ်လည်း (၇) သန်း ဝယ်ဖို့လည်း တစ်ဖက်ကလည်း စီစဉ်နေတာရှိတယ်။ ဒါတော့ ညှိနှိုင်းဆဲပဲဖြစ်ပါတယ်။ ဒီဘက်ကလည်း ပို့နိုင်တဲ့အခြေအနေပေါ်မူတည်ပြီးတော့လည်း ကျွန်တော်ကလည်း တွက်ချက်ဆောင်ရွက်ရတာဖြစ်ပါတယ်။ ရုရှားနိုင်ငံကလည်း တစ်ကမ္ဘာလုံးကို ဖြန့်နေရတဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့လိုအပ်ချက်ကို တပြိုင်နက်တည်းမပေးနိုင်ဘူး ဆိုတာ သိရှိထားပါတယ်။

မေး - ရုရှားနိုင်ငံမှာ တရားဝင်ခွင့်ပြုထားတဲ့ ကာကွယ်ဆေးသုံးမျိုးရှိပါတယ်။ အဲဒီထဲမှာ Sputnik V တစ်မျိုးကိုပဲ စိတ်ဝင်စားဖို့ရှိတာပါလား။
ဖြေ - Sputnik V ရယ်၊ Sputnik Light ရယ် နှစ်မျိုးရှိတယ်။

မေး - ယခု ဗိုလ်ချုပ်မှူးကြီးရဲ့ ရုရှားနိုင်ငံခရီးစဉ်အဖြစ် ယခုလို မော်စကိုမြို့မှာ ရောက်ရှိတုန်းမှာ (၉) ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးညီလာခံကို တက်ရောက်ခဲ့တာအပြင် အခြားဘာအစီအစဉ်တွေရှိပါသေးလဲ။ အကြမ်းဖျင်းလေး ပြောပြလို့ရမယ်ဆိုရင် သိချင်ပါတယ်။
ဖြေ - ကျွန်တော် လုံခြုံရေးကောင်စီအထွေထွေအတွင်းရေးမှူးနဲ့လည်း တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့တယ်။ ကာကွယ်ရေးဝန်ကြီးနဲ့လည်း ဆွေးနွေးမှုလုပ်ခဲ့တယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့စစ်တက္ကသိုလ်ကို ကျွန်တော်သွားပြီးတော့ ကျွန်တော့်ကို ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ပေးတာကို လက်ခံခဲ့တယ်။ မော်စကိုမှာရှိတဲ့ အထင်ကရနေရာ တစ်ချို့ကိုလည်း ကျွန်တော်ရောက်ခဲ့တယ်။ နောက်ပြီး တခြားနေရာတွေလည်း ကျွန်တော်သွားဖို့ရှိတယ်။ နောက်တစ်ခုကလည်း မော်စကိုမှာရှိတဲ့ ထေရဝါဒဗုဒ္ဓဘာသာကျောင်းကိုလည်း ကျွန်တော်သွားခဲ့တယ်။ အဲဒီမှာလည်း သိမ်ရေစက်ချတာ လုပ်ခဲ့တယ်။ ဒါကတော့ မော်စကိုနဲ့ ရုရှားနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်များအတွက် ဘာပဲပြောပြော အထောက်အကူရမယ့် နေရာတစ်ခုလို့ ကျွန်တော်ပြောလိုတယ်။

မေး - နောက်ထပ်သွားရောက်လည်ပတ်မယ့် မြို့တွေနဲ့ပတ်သက်ပြီေးတာ့ သိလို့ရပါသလား။ ဘယ်မြို့တွေကို သွားဖို့ စီစဉ်ထားပါသလဲ။
ဖြေ - သေချာတာကတော့ ရုရှားနိုင်ငံရဲ့ ထင်ရှားတဲ့မြို့တွေပါပဲ။ Kazan ရယ်၊ နောက်တစ်ခါ Novosibirsk ရယ် ကျွန်တော်သွားမယ်။

မေး - Novosibirsk ကို သွားမယ်လို့တော့ မထင်ထားပါဘူး။ အရမ်းဝေးပါတယ်။
ဖြေ - သွားမယ်။ ရောက်အောင် သွားပါမယ်။ အင်မတန်လှပတဲ့ မြို့လို့ ပြောပါတယ်။

မေး - ယခုအချိန် ခရီးစဉ်ကတော့ ဆက်လက်ပြီးလည်း သွားရောက်လည်ပတ်အုံးမှာဖြစ်တဲ့အတွက် မပြီးသေးပါ ဘူး။ ဒါပေမယ့် အခု ယနေ့ထိ ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ခံစားရတဲ့ စိတ်ခံစားချက်ကို သိလိုပါတယ်။
ဖြေ - ကောင်းမွန်တဲ့ခရီးစဉ်းပါပဲ။ ဘာပဲပြောပြော ကျွန်တော်တို့ လာရောက်ဆောင်ရွက်ခဲ့တဲ့ ကိစ္စအားလုံး အောင် အောင်မြင်မြင်ရှိပါတယ် လို့ပြောချင်ပါတယ်။

မေး - ယခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
ဖြေ - ကောင်းပါပြီ။ ဒီနေ့က ခင်ဗျားတို့သတင်းဌာန RIA ရဲ့ နှစ်(၈ဝ) ပြည့်တဲ့နေ့လို့ သိထားရတယ်။ ဒီလို သတင်းတွေကျော်ကြားတဲ့ ခင်ဗျားတို့ရဲ့ဒီလိုသတင်းဌာနတွေရဲ့ ဒီလိုနှစ်ပေါင်း(၈ဝ) ကြာအောင် ဒီလိုအောင် အောင်မြင်မြင်ဆောင်ရွက်ခဲ့တာနဲ့ပတ်သက်ပြီး အထူးပဲချီးကျူးဂုဏ်ပြုကြောင်းပြောလိုပါတယ်။ ဆက်လက်ပြီးလည်း ဒီထက်မက အောင်မြင်တိုးတက်ပါစေလို့ ကျွန်တော် ဆုမွန်ကောင်းတောင်းပါရစေ။

ရုရှား RIA သတင်းဌာန - ကျေးဇူးအများကြီးတင်ပါတယ်။

Picture

Zayar Oo1500

19/10/2022 15:16

🇲🇲

Related news

© 2021. All rights reserved.