ကိုဗစ်ကြောင့် အငတ်ဘေး၊ လူလှိုင်းကြီးတွေနဲ့ အတူ ကွာဟချက် ပိုများလာမည့် ကမ္ဘာကြီး

 562

ကိုလှိုင် (NP News) - ဇူလိုင် ၄

၂၀၁၉ နှစ်ကုန်ပိုင်းကနေ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဟာ တစ်နှစ်ကျော်ကြာခဲ့ပြီးတဲ့နောက် ကမ္ဘာတစ်ဝန်းမှာ ဇူလိုင်လ(၄)ရက်နေ့ အထိ စာရင်းအရ ဖြစ်ပွားသူပေါင်း ၁၈၄ သန်း ( ကမ္ဘာ့လူဦးရေရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းကျော်)၊ သေဆုံးသူ ၄ သန်းနီးပါး( ၃ ဒသမ ၉၇ သန်းကျော်) ရှိပြီဖြစ်ပါတယ်။

နေ့စဉ် အသစ်ဖြစ်ပွားသူ(၄)သိန်းကျော်ရှိနေကြောင်း သိရပါတယ်။ ရောဂါကိုကာကွယ်ဖို့ ကာကွယ်ဆေးတွေ ပေါ်လာခဲ့သလို ရောဂါပိုးမျိုးစိတ်တွေကလည်း အသစ်သစ်တွေ ဖြစ်ထွန်းလာပါတယ်။ အင်္ဂလန်က စတွေ့တဲ့ အယ်လ်ဖာ၊ အိန္ဒိယက စတွေ့တဲ့ ဒဲလ်တာ ပိုးမျိုးစိတ်သစ်တွေကလည်း ကမ္ဘာကို ပျံ့နေပြီဖြစ်ပါတယ်။ ဒဲလ်တာဆိုရင် အခုအခါမှာ ၉၂ နိုင်ငံကို ပျံ့နှံ့သွားပြီလို့ဆိုပါတယ်။ ဒါ့အပြင် နောက်ဆုံးသတင်းအရ ဒဲလ်တာပလပ်စ် ဆိုတဲ့ ထပ်တိုးမျိုးစိတ်အသစ်တစ်ခုလည်း အိန္ဒိယမှာ တွေ့နေရတယ်လို့ သိရပါတယ်။ အိန္ဒိယ ကျန်းမာရေးဌာနက ဒီမျိုးစိတ်သစ်ဟာ ကူးစက်မှုနှုန်းမြင့်တယ်၊ အဆုပ်ဆဲလ်တွေကို ကုပ်တွယ်ဖို့ ပိုအားကောင်းတယ် (ရောဂါ ပိုဝင်လွယ်တယ်)၊ သွေးဖြူဥတစ်လုံးတည်းကို ပုံတူဖန်တီးထားတဲ့ ပဋိပစ္စည်း monoclonal antibodies ကို တုန့်ပြန်မှု နည်းပါးတယ်( လူ့ကိုယ်က ရောဂါကိုယ်ခံအားဟာ ဒီပိုးအပေါ်သိပ် မထိရောက်ဘူး) လို့ သတင်းထုတ်ပြန်ထားပါတယ်။ တရုတ်သိုင်းဝတ္ထုတွေထဲကလို သူ့ထက်သူ လူစွမ်းကောင်းတွေလို့ ဆိုရမလားမသိပါဘူး။

ဘာဖြစ်ဖြစ် ဖွံ့ဖြိုးတဲ့နိုင်ငံကြီးတွေကတော့ ကာကွယ်ဆေးတွေကို ပြည့်ပြည့်စုံစုံ ပိုပိုလျှံလျှံဝယ်ထားပြီးဖြစ်တဲ့အပြင် အထိုက်အလျှောက်လည်း ဆေးထိုးပြီးဖြစ်နေကြပါပြီ။ ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ ချမ်းသာတဲ့နိုင်ငံတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၁၆ ရာခိုင်နှုန်းပဲ ရှိပေမယ့် လတ်တလော ကာကွယ်ဆေးထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကို ဝယ်ယူထားတယ်လို့ဆိုပါတယ်။ ကာကွယ်ဆေးထိုးနှံနိုင်မှုမှာလည်း ချမ်းသာနဲ့နိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေထက် ၂၅ ဆ ပိုပြီး ကာကွယ်ဆေးထိုးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဥပမာအားဖြင့် အမေရိကမှာ လူဦးရေရဲ့ ၄၇ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးပြီးဖြစ်ပေမယ့် ကမ္ဘာမှာ ကာကွယ်ဆေးအများဆုံး ထုတ်နေတဲ့ အိန္ဒိယမှာတောင် လူဦးရေရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်းပဲ ဆေးထိုးနိုင်သေးတယ်လို့ဆိုပါတယ်။ (ဒါတောင်မှ အမေရိကမှာ ပြည်နယ်အလိုက် ချမ်းသာဆင်းရဲအပေါ်မူတည်ပြီး ကွာဟချက် ရှိနေတယ်လို့ ဆိုပါတယ်။ အိန္ဒိယကတော့ ဆေးထုတ်ပေမဲ့ လူဦးရေက သန်း ၁၃၀၀ ကျော်ဆိုတော့ မနိုင်မနင်းဖြစ်နေတဲ့သဘောရှိပါတယ်။) လူဦးရေ သန်း ၁၄၀၀ ကျော်ရှိတဲ့ တရုတ်ကတော့ တစ်ရက်ကို လူသန်း၂၀ နှုန်းနဲ့ ဆေးထိုးခဲ့တာ နှစ်တစ်ဝက်မှာပဲ ကာကွယ်ဆေး ၁ ဒသမ ၂၃ဘီလျံ ထိုးပြီးသွားပြီးတော့ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကို အနည်းဆုံး တစ်ကြိမ်ဆေးထိုးနိုင်ခဲ့ကာ၊ ဒီနှစ်ကုန်မှာ လူ ၇၀ ရာခိုင်နှုန်း ကာကွယ်ဆေးအပြီးထိုးဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။ဒီအချိန်မှာ ကမ္ဘာ့လူဦးရေရဲ့ ၁၇ ရာခိုင်နှုန်းလောက်ရှိတဲ့ လူသန်း ၁၃၇၀ ရှိတဲ့ အာဖရိကနိုင်ငံတွေမှာတော့ ၁ ရာခိုင်နှုန်းလောက်ပဲ ဆေးထိုးနိုင်သေးတယ်လို့ဆိုပါတယ်။

ဒီကိစ္စရဲ့အကျိုးဆက်က ကိုဗစ်အလွန်ကာလ ကမ္ဘာ့စီးပွားရေးဟာ K shape ပုံစံဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဆိုလိုတာက ချမ်းသာတဲ့နိုင်ငံတွေက ကာကွယ်ဆေးစောစောထိုးပြီးလို့ စောစောအရင်းပြန်ထောင်ပြီး စီးပွားပြန်တက်လာမယ့်အချိန်မှာ ဆင်းရဲတဲ့နိုင်ငံတွေက ကိုဗစ်နဲ့ နပန်းဆက်လုံးပြီး စီးပွားထပ်ကျ၊ ကွာဟချက်က ပိုကြီးလာမယ့်သဘောပါပဲ။ IMF ရဲ့ ၂၀၂၁ ကမ္ဘာ့စီးပွားရေးသုံးသပ်ချက်မှာ ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ဝင်ငွေနိမ့်နိုင်ငံတွေရဲ့ တစ်ဦးကျ ပျမ်းမျှဝင်ငွေဟာ ၅ ဒသမ ၇ ရာခိုင်နှုန်းလျော့ကျသွားနိုင်ချိန်မှာ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာတော့ ၂ ဒသမ ၃ ရာခိုင်နှုန်းလောက်ပဲ လျော့သွားနိုင်တယ်လို့ ခန့်မှန်းပါတယ်။ ဆင်ပိန်တာက ကျွဲလောက်ကျန်နိုင်သေးပေမယ့် ခြင်အဆင့်ပဲရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပိန်သွားရင်တော့ အသက်ရှင်ဖို့တောင် ခပ်ခက်ခက် ဖြစ်ကုန်တော့မှာကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က သတိပေးထားပါတယ်။ ကိုဗစ် ၁၉ က ဒဲလ်တာမျိုးစိတ်သစ်တွေနဲ့ တစ်ကျော့ပြန်လာတာကြောင့် အထူးသဖြင့် ဖွံ့ဖြိုးဆဲ ဝင်ငွေနည်းနိုင်ငံတွေမှာ ဒီမုန်တိုင်းဒဏ်ကို အလူးအလဲခံကြရလိမ့်မယ်လို့ WFP အကြီးအကဲက ဆိုပါတယ်။ အခုတောင်မှပဲ အာဖရိကမှာ စစ်ဘေးသင့်နေတဲ့ အီသီယိုပီးယား၊ တောင်ဆူဒန်၊ နိုက်ဂျီးရီးယား၊ ယီမင် စတဲ့နိုင်ငံတွေမှာ အငတ်ဘေးနဲ့ ရောဂါဘေးပြိုင်တူဆိုက်နေပြီး ကပ်ကြီး (၃)ပါးနဲ့တွေ့နေရတာပါ။ လာမယ့် (၆)လကနေ (၉)လအတွင်းမှာ ဒေါလာ(၆)ဘီလျံလောက် အကူအညီ အထောက်အပံ့သာ မရဘူးဆိုရင် နိုင်ငံပေါင်း (၄၃) နိုင်ငံက လူပေါင်း (၄၁)သန်းကျော်ဟာ သမ္မာကျမ်းစာထဲကလို အလွန်ကြီးမားတဲ့ အငတ်ဘေးကြီးနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ သူကဆိုပါတယ်။

အခု အနေအထားမှာတော့ တောင်မင်းကို မြောက်မင်းမကယ်နိုင်ဆိုတာလို ဆင်းရဲတဲ့နိုင်ငံတွေကို ဆေးအခမဲ့ထိုးပေးမယ့် Covax အစီအစဉ်အတွက် အရေးပေါ် ဒေါ်လာ(၂)ဘီလျံလောက်ကိုတောင် ချမ်းသာတဲ့နိုင်ငံတွေဆီက အလှူခံလို့ မပြည့်နိုင်သေးပါဘူး။ ဒီနှစ်ကုန်မှာ ဆေးအလုံး သန်း(၁၀၀၀)ရဖို့ကလည်း အခုအထိ လှူတာ သန်း(၁၅၀)ပဲ ရှိပါသေးတယ်။ ပြီးခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးမှာ ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ အလှူကတိကဝတ်တွေရခဲ့ပေမယ့် လက်တွေ့မှာ ဘယ်လောက်ကျလာမလဲ စောင့်ကြည့်ဦးမှာပါ။ ရခဲ့ရင်တောင် Covax အစီအစဉ်တစ်ခုလုံးအတွက် (၁၇)ဘီလျံလောက်ထပ်လိုဦးမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ WFP က နောက်ထပ် အငတ်ဘေးအတွက် (၆)ဘီလျံ ထပ်အလှူခံနေပြန်တော့ ချမ်းသာတဲ့နိုင်ငံတွေလည်း လက်ဖက်ရည်ဆိုင်တွေမှာ ဆိုင်းဘုတ်ချိတ်သလို အလှူခံခြင်းသည်းခံပါလို့ ချိတ်ချင်နေကြမယ့်ပုံရှိပါတယ်။ ဒါပေမဲ့ ဒီပြဿနာတွေကို မဖြေရှင်းနိုင်ရင် ဘာဖြစ်လာမလဲ။

လူတွေ အများကြီး ဆက်သေမယ်။ ဆင်းရဲတဲ့နိုင်ငံတွေ ကုန်းကောက်စရာမရှိဖြစ်ကုန်မယ်။ လူတွေ အစုလိုက်အပြုံလိုက် ငတ်ကုန်မယ်။ မတည်မငြိမ်ဖြစ်မယ်။ လုယက်သတ်ဖြတ်ဆူပူကြမယ်။ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေးပြီး နီးစပ်ရာ ချမ်းသာတဲ့နိုင်ငံတွေဆီ ခိုဝင်ကြမယ်။ အာဖရိကတိုက်မှာ အဆိုးဆုံးဖြစ်မယ်။ ဥရောပက သူဌေးနိုင်ငံတွေဆီကို လူလှိုင်းလုံးကြီးတွေက ဦးတည်လိမ့်မယ်။ တောင်အာရှနဲ့ တောင်အမေရိကမှာလည်း ဖြစ်လိမ့်မယ်။ တောင်အာရှ လူလှိုင်းလုံးက အရှေ့တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းကို ဦးတည်နိုင်ပြီး တောင်အမေရိက ကတော့ မြောက်အမေရိကဘက်ကို ချီတက်ကြပါလိမ့်မယ်။ ဒါတွေက ချမ်းသာတဲ့အနောက်ဒီမိုကရေစီ လစ်ဘရယ်တွေအတွက် လက်တွေ့ကျတဲ့ အကြီးဆုံးစိန်ခေါ်မှုဖြစ်လာနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

( ဆောင်းပါးရှင် ကိုလှိုင်သည် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဖြစ်ပြီး ကမ္ဘာ့ရေးရာ သုတေသီတစ်ဦးလည်း ဖြစ်ပါသည် )

Related news

© 2021. All rights reserved.