ထိုင်းနိုင်ငံ၏ ပလပ်စတစ်စက်ရုံ မီးလောင်ပေါက်ကွဲမှုကို ထိန်းချုပ်နိုင်ပြီ

636

ရောင်နီ (NP News) - ဇူလိုင် ၆
ထိုင်းနိုင်ငံ၊ Bang Phli ခရိုင်ရှိ ပလပ်စတစ်စက်ရုံတွင် ဇူလိုင်လ ၅ရက်က ဓာတ်ငွေ့ပေါက်ကွဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၆ရက်နေ့ နံနက်အစောပိုင်းတွင် ၎င်းကိုထိန်းချုပ်နိုင်ခဲ့သော်လည်း ပြတ်တောင်းပြတ်တောင်း မီးလောင်မှုများရှိနေသေးကြောင်းသိရသည်။
ထိုင်ဝမ်ပိုင် Ming Dih Chemical ကုမ္ပဏီ၏ ရေမြှုပ်နှင့် ပလပ်စတစ်ပြား ထုတ်လုပ်ရေးစက်ရုံတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးငွေ့၊ မီးခိုး အကြွင်းအကျန်များနှင့်အပျက်အစီးများကို မီးသတ်သမားများက မီးငြိမ်းဆေးများနှင့်ဆက်လက်ပတ်ဖြန်းနေကြောင်းသိရသည်။ စက်ရုံတွင် ပေါက်ကွဲမီးလောင်မှုဖြစ်ပြီး ၂၄ နာရီကျော်ကြာပြီးနောက် အင်္ဂါနေ့ နံနက် ၅ နာရီခန့်တွင်မှ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပြတ်တောင်းပြတ်တောင်း မီးလောင်မှုများ ရှိနေသော်လည်း ထိန်းချုပ်နိုင်သေးကြောင်းသိရသည်။
မီးငြိမ်းသတ်ရာမှ မီးသတ်သမားတစ်ဦးသည် ဓာတုဗေဒသိုလှောင်ရုံမှ လျှံထွက်လာသည့် မီးတောက်ကြောင့် မီးလောင်သေဆုံးခဲ့ရပြီး စေတနာ့ဝန်ထမ်း မီးသတ်သမား ၁၂ ဦးနှင့်အခြားလူ ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ပေါက်ကွဲမှုနှင့်မီးလောင်မှုသည် အိမ်ခြေ ၇၃ လုံးနှင့် ကား ၁၅ စီးကို ထိခိုက်စေခဲ့ကြောင်းသိရသည်။ တနင်္လာနေ့က ယင်းအခင်းဖြစ်နေရာနှင့် (၅)ကီလိုမီတာအတွင်း နေထိုင်သူ များကို မီးခိုးငွေ့နှင့် ဓာတ်ငွေ့အဆိပ်သင့်နိုင်ကြောင်း၊ နောက်ထပ်ပေါက်ကွဲမှုများ ဖြစ်လာနိုင်ကြောင်း သတိပေးကာ ယာယီကယ်ဆယ်ရေး စခန်းများဆီ ရွှေ့ပြောင်းပေးခဲ့ကြောင်းသိရသည်။ အင်္ဂါနေ့ နံနက်ပိုင်းတွင်လည်း ၎င်းတို့ အိမ်ပြန်ရန် လုံခြုံမှုမရှိသေးကြောင်း အရာရှိများက ပြောကြားခဲ့သည်။
လယ်ယာစိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနဝန်ကြီး Thamanat Prompow နှင့် Samut Prakan အုပ်ချုပ်ရေးမှူး Wanchai Kongkasem တို့သည် ညသန်းခေါင်မတိုင်မီက အဆိုပါ မီးသတ်နေရာကို လာရောက်ကြည့်ရှုစစ် ဆေးခဲ့ကြပြီး စက်ရုံကျွမ်းကျင်ပညာရှင်များက စက်ရုံတွင်း ကျန်ရှိနေသည့် ဓာတုတိုင်ကီ ၃ လုံး၏ အဆို့ရှင်များကို ပိတ်ပစ်နိုင်ပြီးနောက် မီးလောင်မှုသည် ထိန်းချုပ်မှု အောက်တွင် ရှိနေပြီ ဖြစ်ကြောင်း သတင်းထောက်များကိုပြောကြားခဲ့သည်။
#NPNews