မလေးရှားမှာ ကူးစက်မှုနှုန်းတွေ မြင့်တက်နေလို့ တစ်နိုင်ငံလုံးဆိုင်ရာ လော့ဒေါင်းကန့်သတ်ချက် ပိုမိုတင်းကြပ်

 384

ရောင်နီ (NP News) - ဇူလိုင် ၆
မလေးရှားနိုင်ငံဟာ တစ်နိင်ငံလုံးအနှံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှု တစ်ခုအနေနဲ့ တစ်လကြာ တစ်နိုင်ငံလုံးဆိုင်ရာ လော့ဒေါင်းချမှတ်ပြီးနောက်မှာလည်း ကူးစက်မှုနှုန်းတွေ ဆက်လက် မြင့်တက်နေဆဲဖြစ်ကြောင်း အင်္ဂါနေ့ ( ဇူလိုင် ၆ ရက်နေ့ ) မှာ အစီရင်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာသစ် ၇၆၄၃ ဦး ထပ်တိုးပြီး ၎င်းတို့ထဲမှ ထက်ဝက်ကျော်ဟာ Klang Valley ဒေသမှ ဖြစ်တယ်လို့ သိရပါတယ်။ Selangor ပြည်နယ်ကတော့ ကူးစက်လူနာသစ် ၃၂၆၀ ဦး၊ ကွာလာလမ်ပူမှ ကူးစက်လူနာ ၁၅၅၀ ဦး ၊ Negeri နဲ့ Sembilan ပြည်နယ်မှ ၆၉၈ ဦးစီ၊ ဂျိုဟာပြည်နယ်မှ ၃၁၃ ဦး ထပ်တိုးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူအသစ်မှာတော့ အသက် ၂၁ မှ ၁၀၀ ကြားရှိသူ လူပေါင်း ၁၀၃ ဦး ထပ်တိုးခဲ့ပြီး အထူးကြပ်မတ် ကုသရေးဌာနမှာ ဆေးကုသမှု ခံယူနေရသူ ၉၃၃ ဦးရှိကာ ၎င်းတို့အနက်မှ ၄၅၀ ဦးဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ အကူအညီများ လိုအပ်ကြောင်း ကျန်းမာရေးညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah က ပြောကြားခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှု အစုအဖွဲ့( cluster ) သစ် ၂၁ ခုကိုလည်း ထပ်မံဖော်ထုတ်နိုင်ခဲ့ပြီး အခုဆိုရင် စုစုပေါင်း active cluster အရေအတွက် ၈၅၂ အထိရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ကူးစက်မှုနှုန်းတွေ ဆက်လက်မြင့်တက်နေဆဲ ဖြစ်တာကြောင့် ဇွန်လ ၂၈ ရက်နေ့ မှာ အဆုံးသတ်ရမယ့် လော့ဒေါင်းကန့်သတ်ချက်ကို ရက်ထပ်တိုးခဲ့ရပါတယ်။ လော့ဒေါင်း ကန့်သတ်ချက်တွေကို ပိုမိုတင်းကြပ်စွာနဲ့ တိုက်ခန်းလှေကားများ၊ အိမ်ပေါက်ဝများမှာ သံဆူးခွေများချကာ ပိတ်ထားတာကို ဆိုရှယ်မီဒီယာမှ ဓာတ်ပုံတွေမှာ တွေ့ရှိလာရပါတယ်။ ဝန်ကြီးချုပ် Muhyiddin Yassin က နေ့စဉ်ကူးစက်မှုနှုန်း ၄၀၀၀ အောက် မကျမချင်း ဗိုင်းရပ်စ် ကန့်သတ်ထိန်းချုပ်မှုကို လျှော့ချသွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

မလေးရှားနိုင်ငံမှာ အခုဆိုရင် COVID-19 ကူးစက်လူနာ စုစုပေါင်း ၇၉၂၆၉၃ ဦးရှိနေပြီး လတ်တလော active case ကတော့ ၇၂,၂၀၁ ထိ ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.