ထိုင်းနိုင်ငံမှာ ကိုဗစ်ကြောင့် တစ်ရက်တည်းသေဆုံးသူ(၉၁)ဦးထိ စံချိန်တင်ထပ်တိုးလာ
398
ရောင်နီ (NP News) - ဇူလိုင် ၁၀
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၉၃၂၆ ဦး၊ စံချိန်တင် သေဆုံးသူ ၉၁ ဦး ထပ်တိုးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက စနေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပိုးကူးစက်လူနာသစ်တွေထဲမှ ၉၁၃၄ ဦးဟာ အများပြည်သူလူထု အဝန်းအဝိုင်းမှဖြစ်ပြီး ၁၉၂ ဦးဟာ အကျဉ်းထောင်သားများဖြစ်ကာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း Covid-19 လူနာ ၃၈၄၁ ဦး ဆေးရုံမှ ဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံဟာ ဧပြီ ၁ ရက်နေ့ကစတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းကူးစက်မှုမှာ ပိုးကူးစက်လူနာ စုစုပေါင်း ၂၉၇၉၆၉ ဦး ရှိခဲ့ပြီး ၂၁၆၄၉၂ ဦး ပြန်လည်သက်သာလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အစောပိုင်းကတည်းကစတင်ပြီး ယနေ့ထိအတွင်း ထိုင်းနိုင်ငံရဲ့ ဗိုင်းရပ်စ်ကူးစက်လူနာ စုစုပေါင်းကတော့ ၃၃၆၁၅၈ ဦး ရှိခဲ့သလို ၁၄၃၉၁၈ ဦး ဆေးရုံမှဆင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ တတိယမြောက်လှိုင်းအတွင်း သေဆုံးသူ အရေအတွက်ကတော့ ၂၅၃၁ ဦးရှိပြီး ပိုးကူးစက်မှု စတင်ချိန်မှစ ယနေ့ထိအတွင်း သေဆုံးသူ စုစုပေါင်း ၂၆၂၅ ဦး ထိ ရှိပြီဖြစ်ပါတယ်။ ယခင်က တစ်နေ့တာ ဗိုင်းရပ်စ်ကူးစက်သေဆုံးမှု အများဆုံး စံချိန်ဟာ သေဆုံးသူ ၇၅ ဦး ထပ်တိုးခဲ့တဲ့ ကြာသပတေးနေ့( ဇူလိုင် ၈ ရက်နေ့) ဖြစ်ပြီး သောကြာနေ့မှာတော့ သေဆုံးသူ ၉၁ ဦးနဲ့ ယင်းစံချိန်ကို ချိုးဖျက်ခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ Covid-19 ကူးစက်ဖြစ်ပွားမှုတွေကတော့ ၂၄ နာရီအတွင်း ၄၉၀၀၀၂ ဦး ထပ်တိုးခဲ့ပြီး စုစုပေါင်း ကူးစက်လူနာ ၁၈၆.၈၃ သန်းအထိ မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း သေဆုံးသူ အရေအတွက် ၈,၂၈၇ ဦး ထပ်တိုးပြီး ၄.၀၃ သန်းအထိမြင့်တက်လာခဲ့ပါတယ်။
အမေရိကန်ဟာ ဗိုင်းရပ်စ်ကူးစက်မှု ၃၄.၇၁ သန်း၊ သေဆုံးသူ ၂၇၂၃၇ ဦးနဲ့ ပိုးကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်နေပြီး ထိုင်းနိုင်ငံကတော့ ဗိုင်းရပ်စ်ကူးစက်မှု ကမ္ဘာလုံးဆိုင်ရာ အဆင့် ၆၂ မှာ ရှိနေတယ်လို့ သိရပါတယ်။