ယူရိုဗိုလ်လုပွဲမှာ အတည်ငြိမ်ဆုံးဖြစ်တဲ့ အီတလီသာ ဗိုလ်စွဲနိုင်မှာဖြစ်ပြီး အင်္ဂလန်ဗိုလ်စွဲရင် ကံတရားကြောင့်သာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုရှိလာ

 714

မိုးတိမ် (NP News) - ဇူလိုင် ၁၁
ဇူလိုင်(၁၂)ရက် နံနက်ပိုင်း(ယနေ့ညသန်းခေါင်းယံကျော်)မှာ ကစားမယ့် အီတလီနဲ့ အင်္ဂလန်တို့ရဲ့ယူရိုဖလား ဗိုလ်လုပွဲမှာ အီတလီအသင်းက ဗိုလ်စွဲဖို့ ရေပန်းစားလာနေပါတယ်။

ဘောလုံးအားကစားလောကမှာ ဘယ်ခေတ်ဖြစ်ဖြစ် နာမည်ကြီးလေ့ရှိတဲ့ အင်္ဂလန်အသင်းဟာ အပြည်ပြည်ဆိုင်ရာပြိုင်ပွဲတွေအားလုံးမှာ ဗိုလ်လုပွဲကို တက်နိုင်တာက ဆယ်စုနှစ်နှစ်ခုကျော်အတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်နေတဲ့အတွက် ဒီတစ်ကြိမ်မှာ ဗိုလ်စွဲသွားမလားလို့ ခန့်မှန်းသူတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့ နိုင်ငံတကာအားကစားမီဒီယာတွေကတော့ အီတလီအသင်းသာ ဗိုလ်စွဲလိမ့်မယ်လို့ တွက်ဆထားကြပါတယ်။ အထူးသဖြင့် အီတလီအသင်းဟာ ဒီနှစ်ယူရိုပွဲတွေမှာ တောက်လျောက်ခြေစွမ်းအတည်ငြိမ်ဆုံးပုံစံကို ပြသထားခဲ့သလို ပြိုင်ဘက်အသင်းတိုင်းက သတိထားကစားရတဲ့အသင်းအဖြစ် တည်ရှိနေတာပါ။ အင်္ဂလန်အသင်းကတော့ အစဉ်အလာအတိုင်း ဟယ်ရီကိန်း၊ စတာလင်၊ ဆန်ချို၊ ရပ်ရှ်ဖို့၊ ဟန်ဒါဆင်၊ မက်ဂွဲယား၊ ဂျွန်စတုန်း၊ ဂရီးလစ်၊ မေဆန်မောင့် တို့လိုနာမည်ကျော်ကစားကမားတွေကြောင့် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခြေရှိတယ်လို့ ခန့်မှန်းခံနေရသော်လည်း ယူရိုပွဲတစ်လျှောက်မှာ လူထုတ်ပုံမတည်ငြိမ်မှု၊ ကစားကွက်မတည်ငြိမ်မှုနဲ့ အသင်းလိုက်စည်းလုံးညီညွတ်မှု မရှိခြင်းတွေက ကျရှုံးမှုဘက်ကို ဦးတည်လိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။ ဒီပွဲမှာ အီတလီဘက်က နိုင်နိုင်ခြေ ၅၄ ရာခိုင်နှုန်းအထိ ရှိနေပြီး ပွဲချိန် မိနစ်(၉၀)အတွင်း သရေကျနိုင်ခြေက (၃)ရာခိုင်နှုန်းပဲ ရှိပါတယ်။ အင်္ဂလန်ဘက်က အနိုင်ရနိုင်ခြေကတော့ ၄၃ ရာခိုင်နှုန်းသာရှိထားပြီး ပွဲထွက်လူစာရင်းတွေအဖြစ် အီတလီဘက်ကတော့ ဒွန်နာရမ်မာ၊ ချီလီနီ၊ ဘိုနုစီ၊ အီမာဆန်၊ လော်ရန်ဇို၊ ဗာရက်တီ၊ ဂျော်ဂျင်ဟို၊ ဘာရီလာ၊ ချေဆာ၊ အမ်မိုဘီလီနဲ့ အင်ဆီဂနီတို့ ဖြစ်နိုင်သလို အင်္ဂလန်ဘက်မှာတော့ ဟယ်ရီကိန်း၊ စတာလင်၊ မေဆန်မောင့်၊ ဆာကာ၊ ဒီကလန်ရိုက်စ်၊ ဖိလစ်၊ လုခ်ရှော၊ မက်ဂွဲယား၊ ဂျွန်စတုန်း၊ ဝေါကာနဲ့ ဂျော်ဒန်ပစ်ဖို့ တို့ ဖြစ်နိုင်တယ်လို့ တွက်ဆထားကြပါတယ်။

အင်္ဂလန်အသင်းဟာ ဒီတစ်ကြိမ်မှာသာ ဗိုလ်စွဲနိုင်ခဲ့မယ်ဆိုရင် တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ဘက်ခမ်း၊ ဂျရတ်၊ အိုဝင်၊ လမ်းပတ်၊ ရွန်းနီ၊ စခိုးလ်၊ တယ်ရီ အစရှိတဲ့ အစဉ်အလာနောင်တော်တွေရဲ့နာမည်ကျော်ကြားမှုကိုပါ ကျော်လွန်ပြီး စံချိန်သစ်တင်သွားနိုင်မှာပဲ ဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိ ကစားသမားစုဖွဲ့မှုကို မေ့ထားပြီး ကစားသမားချင်းစည်းလုံးညီညွတ်မှုနဲ့ အသင်းလိုက်စုစည်းကျစ်လစ်မှုအားအရ အီတလီကသာလျှင် ဗိုလ်စွဲဖို့ အသင့်တော်ဆုံးအသင်းဖြစ် အားကစားမီဒီယာတွေက တွက်ချက်နေကြတာပါ။ တကယ်လို့ အင်္ဂလန်ဗိုလ်စွဲသွားခဲ့ရင်လည်း ဒါဟာ ကံတရားကအလှည့်ပေးတာကြောင့်ပဲ ဖြစ်နိုင်မယ်လို့ တွက်ချက်ထားကြကြောင်း တွေ့ရပါတယ်။

Related news

© 2021. All rights reserved.