နှစ်(၇၀)ကျော်တည်ဆောက်လာခဲ့သော တပ်မတော်ကို တစ်လခန့်စစ်သင်တန်းတက်ပြီး ယှဉ်တိုက်ရန် မဖြစ်နိုင်ကြောင်း နားလည်ပြီဟု မန္တလေး PDF ခေါင်းဆောင် ထွန်းတောက်နိုင်ပြော
1950
Iris (NP News) - ဇူလိုင် ၁၃
နှစ်ပေါင်း(၇၀)ထက်မနည်း တည်ဆောက်လာခဲ့သော တပ်မတော်အား တစ်လတည်းစစ်သင်တန်းတက်ရုံဖြင့် ယှဉ်တိုက်၍မဖြစ်နိုင်ကြောင်း၊ နိုင်ငံရေးထက် နိုင်ငံ့အရေးကိုသာ အကြမ်းမဖက်သောနည်းဖြင့် လုပ်ဆောင်စေလိုကြောင်း မန္တလေး PDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ထွန်းတောက်နိုင်က ပြောကြားလိုက်သည်။
ဇူလိုင်(၁၂)ရက်က စစ်ကောင်စီသတင်းစာရှင်းလင်းပွဲ၌ ဗီဒီယိုမက်ဆေ့မှတစ်ဆင့် ထွန်းတောက်နိုင်က ပြောကြားလိုက်ခြင်းဖြစ်ပြီး ၎င်းမှာ မန္တလေး၌ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီးတွင် ဖမ်းဆီးခံခဲ့ရသူလည်း ဖြစ်သည်။ “ GZ တွေကိုလည်း ကျွန်တော်ပြောချင်တာက ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေရဲ့အသုံးချခြင်းကို ခံရမှာကိုလည်း ကျွန်တော်စိုးရိမ်ပါတယ်။ လူငယ်တွေ နိုင်ငံရေးစိတ်ဝင်စားတာကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံရေးလုပ်တဲ့အချိန်မှာ နိုင်ငံ့အရေးလုပ်တာနဲ့ အဖျက်အမှောင့်လုပ်တာကို ကွဲကွဲပြားပြားသိစေချင်ပါတယ်။ နှစ်ပေါင်း(၇၀)ကျော် တည်ဆောက်လာတဲ့ တပ်မတော်ကို တစ်လလောက် စစ်ပညာသင်ယူပြီးတော့ ပြန်လည်တိုက်ခိုက်ဖို့ဆိုတာ လုံး၀ မဖြစ်နိုင်တဲ့ကိစ္စပါ ” လို့ ထွန်းတောက်နိုင်က ပြောပါတယ်။ မန္တလေးတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်းက မီဒီယာအချို့ထံသို့ ထွန်းတောက်နိုင်၏ပြောကြားချက်အချို့တွင် တော်လှန်ရေးစတင်ပြီဖြစ်ကြောင်းနှင့် မန္တလေးမြို့ကို PDF များက သိမ်းပိုက်နိုင်တော့မည့်အနေအထားမျိုးရောက်လုမတတ် ပြောကြားမှုများ ရှိခဲ့သည်ကိုလည်း တွေ့ရသည်။ ယင်းအပြင် ဆိုရှယ်မီဒီယာမှ ထင်ရှားသူများကလည်း ထွန်းတောက်နိုင်ကို ဖမ်းမိသွားပြီဆိုသော သတင်းနှင့်ပတ်သက်၍ သတင်းအမှားဖြစ်ကြောင်း လှုံ့ဆော်ရေးသားမှုများ လုပ်ခဲ့ကြသည်ကို တွေ့ရသည်။ “ ဒါတွေဟာ ပြည်ပနဲ့ မလိုလားအပ်သောအဖွဲ့အစည်းတွေရဲ့သွေးထိုးလှုံ့ဆော်မှုတွေ အများကြီးပါဝင်ပါတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၎င်းတို့အဖွဲ့အနေဖြင့် မူလကမသိရှိခဲ့ဘဲ အကြမ်းဖက်ဖောက်ခွဲမှုလုပ်ငန်းများ၊ ဒလန်ဟုခေါင်းစဉ်တပ်၍ သတ်ဖြတ်သည့်လုပ်ငန်းများကို ၎င်းကိုယ်တိုင်မလုပ်သည့်တိုင် အခြားသူများက လုပ်ခဲ့ကြကြောင်း၊ ယင်းအပြင် PDF မှ ထွက်မည်ဟု နှစ်ကြိမ်တိုင်တိုင်ပြောခဲ့သည့်တိုင် ထွက်ခွင့်မရခဲ့ကြောင်းလည်း ဆိုသည်။