တောင်ကိုရီးယားမှာ တစ်နေ့တာ Covid-19 ကူးစက်မှုတွေ မြင့်တက်လာခြင်းကြောင့် ကန့်သတ်ချက်များ တင်းကြပ်လာ

 400

ရောင်နီ (NP News) - ဇူလိုင် ၁၄
တောင်ကိုရီးယားနိုင်ငံဟာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၄ ရက်) မှာ Covid-19 ကူးစက်လူနာသစ် အင်္ဂါနေ့ကထက် မြင့်တက်ကာ ၁၆၁၅ ဦး ထပ်တိုးခဲ့တာကြောင့် ဆိုးရွားစွာဖြစ်ပွားလာတဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံအနှံ့ social distancing ကန့်သတ်ချက်ကို တင်းကြပ်လိုက်တယ်လို့ သိရပါတယ်။

ကာကွယ်ဆေး ဖြန့်ချိမှုများ နှောင့်နှေးနေခြင်းအပေါ် စိုးရိမ်နေတဲ့အကြား ပိုမိုကူးစက်မှု မြန်ဆန်တဲ့ Delta ဗိုင်းရပ်စ်ကိုဗစ်မျိုးကွဲကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းကြောင့် ယခင်အမြင့်ဆုံးနေ့စဉ်ကူးစက်မှု အရေအတွက် ၁၃၇၈ ဦး စံချိန်ကိုပင် ချိုးဖျက်လာခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုအစုအဖွဲ့များဟာလည်း ဆိုးလ်မြို့နဲ့ အနီးတစ်ဝိုက်မှာ ပေါ်ထွက်လာနေပြီး လျှင်မြန်စွာ ကူးစက်ပျံ့နှံ့နေကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအေဂျင်စီ (KDCA) က ပြောကြားပါတယ်။ ဝန်ကြီးချုပ် Kim Boo-kyum က ကြာသပတေးနေ့ မှစ တောင်ပိုင်းဒေသအချို့ မှလွဲပြီး နိုင်ငံအနှံ့ social distancing စည်းမျဉ်းများကို အဆင့် ၄ ထိ မြှင့်သွားမယ်လို့ ဆိုပါတယ်။ ယခုအဆင့် ၂ ကန့်သတ်ချက်မှာရှိနေပြီး လူရှစ်ယောက်ထက် စုရုံးခြင်းကိုတားမြစ်ထားကာ စားသောက်ဆိုင်များနဲ့ ဘားတွေကိုလည်း ညသန်းခေါင်မှာ ပိတ်ရမယ်လို့ သိရပါတယ်။ ယင်းအပြင် ဇူလိုင် ၂၅ ရက်နေ့ထိ ဆိုးလ်မြို့ရှိ စာသင်ကျောင်းများအားလုံးပိတ်ကာ အွန်လိုင်းမှ သင်ကြားရမည်ဖြစ်ပြီး ပုဂ္ဂလိက ပညာရေးဌာနများကိုလည်း ည ၁၀ နာရီမှာ ပိတ်ရမယ်လို့ ပညာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ နိုင်ငံဟာ အခုအချိန်ထိ ဗိုင်းရပ်စ်ကူးစက်လူနာ စုစုပေါင်း ၁၇၁၉၁၁ အထိရှိပြီး သေဆုံးသူ ၂,၀၄၈ ဦးထိ ရှိပြီဖြစ်တယ်လို့ KDCA အချက်အလက်များအရ သိရပါတယ်။

သို့ပေမယ့်လည်း ပြီးခဲ့တဲ့ သီတင်းပတ်များအတွင်း လူဦးရေ စုစုပေါင်းရဲ့ ၃၀.၆ ရာခိုင်နှုန်းသာ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံထားပြီးဖြစ်ကာ ကာကွယ်ဆေး ထိုးမှုနှုန်း နှေးကွေးနေတယ်လို့ သိရပါတယ်။

Related news

© 2021. All rights reserved.