“ ကာကွယ်ဆေးတွေ၊ ဆရာဝန်တွေ၊ ဆေးဝါးတွေ ကို အားကိုးလို့ မရတော့တဲ့ ကပ်ဘေးဆိုတာ အမြဲတမ်းရှိတာ သတိရပြီး သံဝေဂ ယူစေချင်တယ်”

 758

ဟိန်း(NP News) ဇူလိုင် ၁၇

မြန်မာနိုင်ငံတွင် အောက်ဆီဂျင်လိုအပ်မှုပြဿနာကို တဖက်တလမ်းက ဖြေရှင်းနိုင်ရန်အတွက် တစ်ရက်လျှင် အောက်ဆီဂျင်အလုံး (၃ဝဝ) ထွက်သည့်စက်ရုံကို ဆောက်လုပ်လှူဒါန်းမည့် အရှင်ဥတ္တမသာရ (သဘာဝတရားရိပ်သာ ဆရာတော်) နှင့် တွေ့ဆုံမေးမြန်းခြင်း။

မေး။ ။ ဆရာတော်တို့အခု အောက်ဆီဂျင်စက်ရုံလုပ်ဖို့ စီစဉ်နေတယ်ဆိုတာ ကြားရပါတယ်ဘုရား။ အဲဒီအကြောင်းလေးနဲ့ပတ်သက်ပြီး ရှင်းပြပေးစေလိုပါတယ်ဘုရား။

ဖြေ။ ။ ဆရာတော်တို့ ရိပ်သာမှာလည်း ကိုယ်ပိုင်အောက်ဆီဂျင်အိုးလေးတွေ အလုံး(၅ဝ) လောက်တော့ ရှိတယ်။ အခုကတော့ ဗြုန်းစားကြီး ရောဂါကူးစက်ခံရတာနဲ့ ရောဂါကြောင့် အောက်ဆီဂျင်လိုအပ်ချက်တွေ၊ သေဆုံးတာတွေ သိသိသာသာကို များလာတော့ ဆရာတော်တို့ဆီက အောက်ဆီဂျင်အိုးတွေ အပြင်ကို လှူ ထားတာတင် အလုံး (၄ဝ) လောက်ရှိတယ်။ အရင်ကတော့ ဒီလောက်ထိ အောက်ဆီဂျင်ပြတ်လပ်မှုကို မကြုံဖူး ဘူး။ အခုကတော့ ခေတ်ကာလ အနေအထားအရလည်း အစစအရာရာကြပ်တည်းပြီး လုပ်ရတာခက်ခဲနေတော့ အောက်ဆီဂျင် လိုအပ်ချက်က ဖြစ်လာတာပေါ့။ လူတွေတင်မကဘူး ဘုန်းကြီးတွေ၊ ဆရာတော်ကြီးတွေကိုပါ လှူပေးရတယ်။ လူနာကုတင်ကိုပါ တွဲပြီးတော့ လှူပေးရတာရှိတယ်။ အဲဒီလိုမျိုး အရေးပေါ်ဖြစ်လာတဲ့ အခြေ အနေကြောင့် အပြင်ဘက်က လိုအပ်ချက်သာမက ရိပ်သာထဲမှာပါ မနိုင်မနင်းဖြစ်လာတာပေါ့။ ဆရာတော်တို့နဲ့ သိတဲ့ ဒါကာ၊ ဒါကာမ တွေရော၊ တိုက်ရိုက် မဟုတ်ပေမယ့် ဖုန်းဆက်ပြီးတော့ အကူအညီတောင်းတာတွေ၊ အဲဒါ တွေက များပြားလာတော့ ဆရာတော့်အနေနဲ့ လောလောဆယ် အရေးပေါ်ဆောင်ရွက်ရမယ့် ကိစ္စတစ်ခုဖြစ်လာ တာပေါ့။ သိတဲ့သူများတော့လည်း အကူအညီတောင်းတဲ့သူ များတာပေါ့။ ဘာမှမလုပ်ပေးနိုင်တာထက်စာရင် တော့ တစ်ခုခုတော့ ဖြစ်အောင်လုပ်မယ်ဆိုပြီး မနေ့က ကျွမ်းကျင်တဲ့အဖွဲ့တစ်ဖွဲ့နဲ့က ငွေလည်းလှူချင်တယ်။ အောက်ဆီဂျင်နဲ့ပတ်သက်ပြီးလည်း ဖြစ်မြောက်အောင် တင်သွင်းပေးမယ်။ တပ်ဆင်ပေးမယ်ဆိုတော့ ချိတ်ဆက်မိသွားတာပေါ့။ အဓိက ကတော့ စေတနာပေါ့။ ကိုယ်လည်း ဒါကိုနားမလည်ပါဘူး။ အောက်ဆီဂျင်ကို လည်း တရုတ်ပြည်က မသွင်းဖူးဘူး။ ထမင်းပေါင်းအိုးတော့ ကုန်သည်ကတဆင့် (၂)လုံး မှာဖူးတာတော့ ရှိ တယ်။ အဲဒါတောင် တော်တော်လေးတော့ ကြာတယ်။ အခု ဒီဟာကတော့ အကြောင်းတရားတွေ ညီညွတ်သွား တာရယ်၊ နောက်တစ်ခုက ဆရာတော်တို့ စုံစမ်းရသလောက်ဆိုရင် (၈ဝ) Normal ကျူ့ပစ်မီတာပေါ့။ တစ်နာရီကို ထွက်အား များတာပေါ့။ လက်ရှိ တနိုင်တပိုင်လုပ်နိုင်တဲ့အထဲမှာတော့ ဒီဟာလေးက မဆိုးလှဘူးပေါ့၊ ၄ဝ- ၆ဝ မြေနေရာနဲ့အဆောက်အအုံ တစ်လုံးနှစ်လုံးလောက်မှာ အလုပ်လုပ်လို့ရတဲ့ အနေအထားမျိုးဖြစ်တာနဲ့ ကူညီမယ့်သူတွေအဆင်သင့်ဖြစ်တာနဲ့ မနေ့ကဆုံးဖြတ်ချက်ချ၊ ဒီနေ့မှာ စပြီးမှာဖို့နဲ့ စရံပေးဖို့ကိစ္စတွေ စီစဉ်နေ ပါတယ်။ ဒါကိုလည်း ရှေ့လဆန်း၊ လလယ်လောက်မှာ အပြီးပေါ့။ ဒီဘက်က မြေနေရာရော၊ အဆောက်အအုံ ရော လိုအပ်တဲ့ရေသန့်တို့ မီးအားတို့ပေါ့။ အဲဒါတွေကို ဒီကြားထဲမှာကြိုတင်ပြီး ပြင်ဆင်ရမှာပေါ့။ တနိုင်တပိုင်သွင်းကြတာလေးတွေတော့ များတယ်ပေါ့။ ဆရာတော့်အနေနဲ့က ကိုယ်နဲ့ပတ်သက်တဲ့သူက များတဲ့ အတွက် သေးသေးလေးနဲ့တော့ သိပ်အဆင်မပြေဘူးပေါ့။ အရမ်းကြီးသွားရင်လည်း ကိုယ်က မနိုင်ဘူး။ တစ်ခါမှ လည်း ဒါမျိုးကမလုပ်ဖူးတော့ ကိုနိုင်သလောက်ပေါ့၊ စက်ရုံကြီးဆောက်ပြီး အကြီးအကျယ်ဖြန့်ချိတာ မျိုးတော့ မဟုတ်ပါဘူး။ တနိုင်တပိုင်လုပ်လို့ရတဲ့အထဲမှာတော့ အထိရောက်ဆုံး လုပ်နိုင်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဓိက ကတော့ စိတ်ကောင်းစေတနာကောင်းရှိတဲ့သူတွေနဲ့ ပညာရှင်တွေနဲ့ ပေါင်းမိတော့ စိတ်ကျေနပ်မိမယ်လို့ ထင်ပါတယ်။ ဒါကို သယ်တဲ့အခါမှာတော့ လိုအပ်ရင် ရိပ်သာကားတွေနဲ့ပါ အမြန်ဆုံးသွား သယ်ရမှာပေါ့၊ ဒီဘက် ကလည်း ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး အောက်ဆီဂျင် တောင်းဆိုမှုပြဿနာကို(၂၄) နာရီ လုပ်မယ်ဆိုရင် အလုံး (၃ဝဝ) ကျော်လောက်ဆိုတော့ အဲဒီလောက်ပေးနိုင်တယ်ဆိုရင်လည်း မဆိုးဘူးလို့ ယူဆတာပေါ့။ ဖြစ်မြောက် အောင်ကြိုးစားဖို့တော့ စီစဉ်ဆောင်ရွက်နေပါတယ်။

မေး။ ။ အခု ရန်ကုန်မြို့မှာဆိုရင် လူတော်တော်များများ အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အောက်ဆီဂျင် ပေး ကြပါဆိုတဲ့ ငြီးငြူသံတွေကြားရတဲ့အပေါ် ဆရာတော့်အနေနဲ့ ဘယ်လိုမြင်မိလဲ။ သက်ဆိုင်ရာတာဝန်ရှိသူတွေ အနေနဲ့လည်း ဘာလုပ်ရမှန်းမသိကြဘဲ ဖြစ်နေတာ တွေ့ရတယ်။

ဖြေ။ ။ ဟုတ်ပါတယ်။ အခုဆရာတော်နဲ့တိုက်ရိုက်သိတဲ့ မြောင်းမြက ဆရာတော်တစ်ပါးမှာလည်း လူနာတွေ များနေတယ်။ နောက်ပြီးတော့ အောင်လံက ပြည်သူ့ဆေးရုံမှာရောပဲ။ ကြားရသလောက် နယ်တွေမှာလည်း ဒီလို မျိုးဖြစ်နေတဲ့သဘောမျိုးပေါ့။ ကူးစက်ပြီဆိုရင်လည်း ပြန့်တာ အရမ်းမြန်တဲ့သဘောမျိုးပေါ့။ ကိုယ့်မကယ်နိုင် သူ့မ ကယ်နိုင် အဲဒီလိုမျိုးဖြစ်နေတော့ ဆရာတော့်အနေနဲ့တော့ လူတိုင်းမှာ ဒီဗိုင်းရပ်ပိုးက ရှိနေတဲ့သဘောမျိုး တွက် ဆလို့ရတယ်။ အချို့လည်း အဲဒီလိုမျိုးရေးထားတာ တွေ့ရတယ်။ ဆရာတော်နားလည်တာတော့ ခံနိုင်ရည်ရှိ အောင် အသက်မဆုံးရှုံးအောင် ကြိုးစားသွားရမှာပဲ ဖြစ်ပါတယ်။ ဆရာတော်တို့အနေနဲ့တော့ တရားကိုပိုပြီး အားကိုးဖို့ပေါ့။ ပညာရှင်တွေကတော့ ဆေးဝါးအားကိုးတာနဲ့ ကာကွယ်ဆေးနဲ့တော့ မလုံလောက်တာ သေချာ တယ်။ ဒီအောက်ဆီဂျင်ကလည်း ဘာမှမတတ်နိုင်မယ့်အတူတူ တတ်နိုင်သလောက်လေး သက်တမ်းကို ဆွဲဆန့် ထားတာလို့ပဲ ဆရာတော်နားလည်တယ်။ ဒီဟာကြီးနဲ့ လုံးဝကြီးပြန်ကောင်းလာဖို့တော့ အရမ်းကြီးတော့ များမယ် မဟုတ်ဘူးပေါ့။ ဘာလို့ဆိုတော့ ဖြစ်တာတွေကများပြီးတော့ ဆရာတော့်တို့ဘက်က ဘယ်လောက်ပဲ ဖြည့်ဆည်း ဖြည့်ဆည်း ကံကုန်ပြီဆိုရင် ဘယ်လိုမှတားလို့မရဘူး။ အဲဒီတော့ ငုတ်တုပ်ထိုင်ပြီး သေရမှာကို စောင့်နေတာမျိုး ထက်စာရင် လောကီပိုင်းဆိုင်ရာရော၊ လောကုတ္တရာပိုင်းဆိုင်ရာရော အစွမ်းကုန် အခုလိုမျိုးတွေ ဆောင်ရွက်ခြင်း အားဖြင့် အဓိပ္ပါယ်ရှိရှိ ရှင်သန်ရင်းနဲ့ အသက်ဆုံးရှုံးသွားရင်လည်း သွားမယ်ပေါ့။ မျှော်လင့်ချက်နဲ့ ကြိုးစားနေရင်း နဲ့ ကောင်းမှုကုသိုလ်ပြုလုပ်နေရင်းနဲ့ ရောဂါကူးစက်ခံရမယ်။ ဗြုန်းစားကြီးအသက်ဆုံးရှုံးမယ် ဆိုရင်လည်း ဒီလို ဆုံးရှုံးရတာမျိုးက တော်သေးတယ်ပေါ့။ လွတ်မြောက်အောင် ကြိုးစားနိုင်ဖို့လည်း မျှော်လင့်ချက်ရှိတယ်။ အဲဒီ အတွက် ဆရာတော့်အနေနဲ့ အောက်ဆီဂျင်စက်ရုံကိစ္စကိုဖြစ်မြောက်အောင် ဆောင်ရွက်တာပေါ့။ ဆရာတော်နဲ့ ပတ်သက်တဲ့လူတွေအပေါ်မှာလည်း တာဝန်ကျေချင်တယ်။ ကိုယ်နဲ့ပတ်သက်တဲ့လူတွေကလည်း လုပ်စေချင် တာပေါ့။ ဆရာတော်ကတော့ ဒီလိုမျိုးအရေးပေါ် ခက်ခက်ခဲခဲကိစ္စမျိုးတွေဆိုရင် ပါဝင်နေကြပေါ့။ အဲဒါကြောင့် လည်း ကိုယ်လုပ်မှ ကိုယ်နဲ့ပတ်သက်တဲ့လူတွေ ပိုပြီးတော့ ထိထိရောက်ရောက်လုပ်နိုင်မယ်။ ပိုပြီးတော့ဝင်ပါ လာမယ်၊ စိတ်ကျေနပ်မှုရမယ်။ အသက်ကို ကယ်တင်နိုင်တဲ့အပိုင်းမှာ အားနည်းချက်ရှိတယ်ဆိုရင်တောင်မှ အနည်းဆုံးတော့ ကျန်ရစ်တဲ့သူတွေက သူတို့အစွမ်းကုန် ဆောင်ရွက်ပေးလိုက်နိုင်တယ်ဆိုတဲ့ စိတ်ကျေနပ်မှုမျိုး ရရှိတာကို အဓိကထားပါတယ်။ စိတ်ပိုင်းဆိုင်ရာကိုပေါ့။ ရုပ်ပိုင်းကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာအထိ ဖြစ် တာဆိုတော့ ဒီလောက်ပြည့်စုံတဲ့နိုင်ငံတွေတောင်မှ အများအပြား အသက်ဆုံးရှုံးနေတာတွေ ကြားသိနေတာ ဆို တော့ သူတို့တောင် ကြောက်လန့်နေတာ မြန်မာနိုင်ငံအနေအထားနဲ့ဆိုရင် ဘယ်လိုမှမတတ်နိုင်တာ သေချာ တယ်။ အဲဒီတော့လည်း တတ်နိုင်သလောက် ဆုံးရှုံးနစ်နာမှုရှိတာခြင်းတူတူ စိတ်ပျက်လက်ပျက်နဲ့ မကျေမနပ် ဖြစ်ပြီး အသက်ဆုံးရှုံးမယ့်အစား၊ ခွဲခွာရမယ့်အစား ကောင်းမှုကုသိုလ်အလုပ်ကို အစွမ်းကုန်ကြိုးစားလုပ်ကိုင်ရင်း နဲ့ သေရတာက တော်သေးတယ်ပေါ့။ တရားသဖြင့်သေရတာက မြင့်မြတ်တယ်ပေါ့။ ဒါကြီးနဲ့တော့ ဒီကိစ္စကြီးကို တားနိုင်လိမ့်မယ်။ အသက်တွေအများကြီး ကယ်နိုင်လိမ့်မယ်လို့တော့ မမျှော်လင့်ပါဘူး။ ဒါက လက်တွေ့ကျကျေ ပြာတာပေါ့နော်။ အသက်တွေ အများကြီးကယ်နိုင်မယ်လို့ လူတွေက အထင်ကြီးတယ်။ ဒါပေမယ့် ရောဂါက ဒီလောက်လွယ်လွယ်ကူကူနဲ့ ရှင်းလို့မရဘူး။ ပြည့်စုံတဲ့နိုင်ငံတွေတောင် ဆုံးရှုံးနေတာဆိုတော့ ဆရာတော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း အောက်ဆီဂျင်တွေ လုံလုံလောက်လောက်ရလည်း ဒီရောဂါရဲ့ ဒုက္ခပေးတာကိုတော့ မလွှဲမရှောင်သာတော့ ခံရလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

မေး။ ။ ဆရာတော်တို့ အခု အောက်ဆီဂျင်စက်ရုံမှာ ၂၄ နာရီ ကို အလုံး ၃ဝဝ လောက် ဖြန့်မယ်လို့သိရတယ်။ အောက်ဆီဂျင်နဲ့ပတ်သက်ရင် လူထု လိုတာက အောက်ဆီဂျင်အိုးလည်းလိုတာ တွေ့ရပါတယ်။ အောက်ဆီဂျင် အိုးနဲ့ပတ်သက်လို့ စီစဉ်ထားတာမျိုး ရှိပါသလား ဘုရား။

ဖြေ။ ။ အိုးအလုံး(၂ဝဝ) လည်း မှာထားပါတယ်။ အိုး(၂ဝဝ)ကတော့ အဆင်သင့်ပေါ့။ (၂၄) နာရီ လုပ်တယ် ဆိုတာက စိတ်ကူးတာပေါ့။ တကယ်မှာ အကြောင်းကြောင်းကြောင့် နှောင့်နှေးတာမျိုးရှိရင်တော့ အနည်းဆုံး တော့ အိုး(၂ဝဝ) လောက်ကိုဖြည့်ပြီးတော့ အိုး(၂ဝဝ)လောက်ကို လှူနိုင်ဖို့ပေါ့။ အဲဒါလည်း လီတာ(၄ဝ) အိုးကြီး တွေထဲကိုဖြည့်ထားပြီးတော့ လိုအပ်ရင် အိုးသေးတွေထဲကို ပြန်ပြောင်းထည့်ပေးရမှာပေါ့။ ဒီအောက်ဆီဂျင် လို အပ်ချက်ကို အခြားအဖွဲ့အစည်းတွေလည်း ကြိုးစားနေကြတဲ့နည်းတူ အားလုံးဝိုင်းပြီး ဖြေရှင်းနေကြတာပေါ့။ ကပ်ရောဂါကြောင့် နိုင်ငံခြားကလာလှူလို့ မရမယ့်အနေအထားပေါ့။ အဲဒီတော့ ကိုယ့်ရှိတဲ့ အနေအထားနဲ့ပဲ လုပ်နိုင်တဲ့လူတွေကပဲ ကိုယ့်အချင်းချင်း ကူညီဆောင်ရွက်ကြရမယ့်အနေအထားမျိုးပေါ့။ တကယ်လို့ နိုင်ငံ ရပ်ခြားက တတ်နိုင်လို့ ဒီလိုမျိုးစက်တွေ လှူဒါန်းတာမျိုးတွေရှိရင်လည်း သူတို့အကူအညီယူပြီးတော့ ဆရာတော့် မှာရှိတဲ့ သဘာဝတရားရိပ်သာတွေကတဆင့် တတ်နိုင်သလောက် ကောင်းမှုကုသိုလ်အလုပ်တွေကို ဆက်လုပ် သွားဖို့ ရည်ရွယ်ထားပါတယ်။

မေး။ ။ အောက်ဆီဂျင်အိုး၊ အောက်ဆီဂျင်တွေ အခမဲ့လှူတဲ့နေရာမှာ တကယ်လိုအပ်တဲ့လူတွေနဲ့ မလိုအပ်ဘဲ လုပ်စားတဲ့လူတွေနဲ့ကို ဘယ်လိုခွဲခြားပြီး ပေးမလဲဆိုတာ သိချင်ပါတယ် ဘုရား။

ဖြေ။ ။ အဲဒါကိုတော့ ပရဟိတအဖွဲ့တွေနဲ့ စုပေါင်းချိတ်ထားဖို့တော့ စိတ်ကူးထားတယ်။ ဘာဖြစ်လို့လည်းဆို တော့ အခုက ကိုယ်ကျိုးရှာတာတွေပါလာတယ်။ တိုက်ရိုက် မသိတာတွေလည်း ပါလာတယ်။ အဲဒီလိုပါလာတဲ့ အတွက် ဒီမှာတော့ အလကားယူသွားမယ်။ အခြားနေရာမှာတော့ ရောင်းစားတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဒါယိကာမ တစ်ယောက်တောင်မှ သူ့ရဲ့အောက်ဆီဂျင်အိုး အလုခံလိုက်ရလို့ ဆရာတော့်ရိပ်သာမှာ လာပြီးတော့ အကူအညီတောင်းတာရှိတယ်။ အဲဒီလိုဆိုတော့ တတ်နိုင်သလောက်စုပေါင်းပြီး အာမခံတဲ့လူကို ဘယ်သူ့ အာမခံနဲ့လာတာလဲ။ ဘယ်နယ်ကလဲ။ နယ်ကဆို ဆောင်ရွက်ရင်လည်း အဲဒီနယ်က ပရဟိတအဖွဲ့ ဒါမှမဟုတ် ရပ်ကွက်အုပ်ချုပ်ရေးပဲဖြစ်ဖြစ်ပေါ့။ အဲဒီလိုမျိုး အာမခံကိုစိစစ်ဖို့ ဒီတစ်လ ကာလအတွင်း အခြားအဖွဲ့အစည်း တွေကိုချိတ်ဆက်ပြီးတော့ လုပ်စေချင်တာပေါ့။ အာမခံတဲ့လူကိုပဲ ပေးဖို့ပေါ့။ အဲဒီလိုလုပ်မှဖြစ်မယ်လို့လည်း နားလည်တယ်။ မဟုတ်ရင် တကယ်လိုတဲ့လူတွေဆီမရောက်ဘဲနဲ့ ဥပမာ- ငွေထုတ်တာတောင် လုပ်စားတဲ့ သဘောတွေပါနေတာဆိုတော့ တတ်နိုင်သလောက်တော့ လိုအပ်သူတွေ လက်ထဲကို တကယ်ရောက်အောင် လု ပ်ရမှာပေါ့။ ကိုယ်နဲ့ပတ်သက်တဲ့ သိတဲ့လူတွေကိုတော့ ဦးစားပေးပြီး၊ မသိတဲ့လူတွေကိုတော့ သိတဲ့သူက တဆင့် ထောက်ခံပေးတာမျိုးတွေနဲ့ ဆောင်ရွက်သွားမှာပါ။ ဆရာတော့်ရိပ်သာမှာက အဆက်အသွယ်တွေ တော်တော် များများရှိတော့ တကယ်လိုအပ်တဲ့သူလက်ထဲကို ထည့်ပေးနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။ ရိပ်သာမှာက အဆက်အသွယ်များတဲ့အတွက် စုံစမ်းရတာ မခက်ဘူးပေါ့။ အခုနောက်ပိုင်းတော့ အကြောင်းကြောင့် ဒုက္ခ ရောက်လို့ အကူအညီတောင်းတယ်ဆိုရင်တောင် သေချာစုံစမ်းပြီးတော့မှ လုပ်ပါတယ်။ ခုနကတောင် မြို့ထဲက ဒါယိကာတစ်ယောက်ကို လာပို့တာ ကိုဗစ်တော့ မရှိဘူး။ အိမ်ထောင်ရေးအဆင်မပြေလို့ လမ်းဘေးရောက်နေ တာ။ အဲဒါနဲ့ရိပ်သာပို့ဖို့ လက်ခံပေးဖြစ်တယ်။ အဲဒီလိုတွေကလည်း တောက်လျှောက် လက်ခံပေးဖြစ်ပါတယ်။ ဆရာတော်တို့လုပ်တာ ဒီတစ်ခုတည်းတော့ မဟုတ်ဘူး။ နေဖို့လိုအပ်ချက်ရော၊ နောက်ဆုံး သေဖို့လိုအပ်ချက် ရော။ လမ်းဘေးမှာ သေရတာထက်စာရင် ရိပ်သာမှာသေရတာက တော်သေးတာပေါ့။ အဲဒီလိုမျိုးတွေကို သန်လျင်ရိပ်သာ စဖွင့်တည်းက အခုအချိန်ထိ တစိုက်မတ်မတ်လုပ်ပါတယ်။ အခုနောက်ပိုင်းတော့ ပိုပြီးတော့ အများရဲ့ယုံကြည်အားကိုးမှုကို ပိုပြီးတော့ ရရှိလာပါတယ်။ လုပ်ရတာ ရိုးသွားတဲ့သဘောလည်း ပါတာပေါ့၊ ရိပ်သာအတွက်က အထူးအဆန်း မဟုတ်တော့ဘူးပေါ့။ ဒါတောင်မှ မသိတဲ့သူက မသိသေးတော့ ဘယ်ပို့ရမှန်း မသိဘဲ အခက်အခဲရှိနေတာတွေတော့ ရှိပါတယ်။

မေး။ ။ အောက်ဆီဂျင်အိုးပါ လှူမယ်ဆိုရင် တစ်နေ့ကိုအလုံး (၂ဝဝ) ဆိုပါစို့ ဘုရား။ နေ့ပေါင်များစွားဆိုရင် အိုးတွေ ထောင်ပေါင်းများစွာ ရှိလာမှာဖြစ်တဲ့အတွက် ဘယ်လို စီမံခန့်ခွဲဖို့ စဉ်းစားထားပါသလဲ ဘုရား။

ဖြေ။ ။ ဆရာတော်အနေနဲ့ အိုးမှာရတာတော့ လွယ်လေ့မယ်လို့ ထင်တယ်။ စက်ကသာ ပိုပြီးခက်နိုင်ပါတယ်။ အဲဒီတော့ အိုးကိုသိပ်ပြီး ဦးစားမပေးဘူးဆိုတာက လွယ်တာကျတော့ လုပ်တဲ့သူက များတယ်လေ။ အိုးတွေက အများကြီးရောက်လာလိမ့်မယ်လို့ထင်တယ်။ တကယ်လို့ အိုးမလုံလောက်ဘူး၊ အိုးကိစ္စကိုပါ ရှင်းရမယ်ဆိုရင် တော့ စက်ရောက်ခါနီးတဲ့အချိန်မှာ ဒီအိုးကိစ္စကို အဲဒီအခြေအနေမှ ဖြစ်ပေါ်နေတဲ့အနေအထားအပေါ် မူတည် ပြီးတော့ အိုးကိစ္စကိုပါဆောင်ရွက်ဖို့စီစဉ်ပါမယ်။ အောက်ဆီဂျင်လိုအပ်တာတော့ သေချာတယ်။ အိုးလိုအပ်တယ် ဆိုတာကတော့ ဖြစ်တာမကြာသေးဘူး။ နောက်ပြီးတော့ အိုးကိစ္စက ရှင်းရတာ လွယ်တယ်။ အိုးက သပ်သပ်မှာ လို့ ရတယ်။ တွဲမှာ စရာမလိုဘူး။ အခုကတော့ ဆရာတော်က ၂၄ နာရီ (၃၂ဝ) ထွက်တဲ့အိုးနဲ့ လီတာ (၄ဝ) ထွက်တဲ့ စက်နဲ့၊ အိုးအလုံး(၂ဝဝ) နဲ့ကတော့ တစ်လက်စတည်း ရေရှည်ဆောင်ထားဖို့ဆိုတဲ့သဘောနဲ့ စီစဉ်တာ ပေါ့။ စက်ရောက်ခါနီးမှာ ပြောင်းလဲသွားတဲ့အခြေအနေပေါ်မူတည်ပြီးတော့ အိုးကို လိုရင်လိုသလို တွက်ချက်ခန့် မှန်းပြီးတော့ ဖြည့်ဆည်းပေးဖို့လည်း စီစဉ်ပါတယ်။ အိုးက ကုန်ကျစာရိတ်က သိပ်မရှိဘူး။ စက်ကသာ ကုန်ကျ စာရိတ်က အားလုံးပေါင်း မြေနေရာမပါ၊ အဆောက်အအုံနဲ့ စက်ပစ္စည်းဖိုး၊ လိုအပ်လို့ ရေသန့်စက်တွေ၊ ဘာတွေနဲ့ဆိုရင်တော့ သိန်း(၁၅ဝဝ - ၂ဝဝဝ) နီးပါးလောက်ကျ သွားနိုင်တယ်။ အဲဒီလောက်ကျသွားမယ်လို့ ထင်ပါတယ်။ အိုးကျတော့ တစ်လုံးမှ ၄ဝ လီတာမှ (၁၈ဝဝဝဝ) ဝန်းကျင်လောက်ဆိုတော့ အရမ်းကြီးတော့ မခက်ခဲဘူးပေါ့။ တတ်နိုင်သလောက်တော့ အိုးကို မြန်မြန်ဘယ်လိုသွင်းလို့ရမလဲဆိုတာ စုံစမ်းထားပါဦးမယ်။ စက်ရှိမှ အိုးက လိုတာဆိုတော့ အောက်ဆီဂျင်မလုံလောက်တဲ့အခါကျတော့ အိုးရှိနေလည်း သိပ်မမျှတသေး ဘူးလို့တော့ ထင်ပါတယ်။

မေး။ ။ အခုဆိုရင် လူမှုကွန်ယက်တွေမှာပြောနေကြတာ အောက်ဆီဂျင်မရလို့ ဆုံးပါးသွားရတဲ့သူတွေ ပုံထပ် နေတာပဲလို့ သိရတယ်။ တစ်ရက်ကို (၆ဝဝ) (၇ဝဝ) လောက် ရှိတယ်လို့ ပြောနေကြပါတယ်။ ဒီလူတွေ ဆုံးပါး သွားရမှုကိုကြည့်ပြီးတော့ တရားသဘောအရ အသိပညာပေးချင်တာ ဘာများရှိမလဲ ဘုရား။

ဖြေ။ ။ ဆရာတော်ကတော့ ကာကွယ်ဆေးတွေ၊ ဆရာဝန်တွေ၊ ဆေးဝါးတွေ အားကိုးလို့ မရတော့တဲ့ ကပ်ဘေးတွေ အမြဲတမ်းရှိနေတယ်ဆိုတာကို သတိရပြီး သံဝေဂ ယူစေချင်တာပါ။ လူတွေကတော့ ဆေးပဲအား ကိုးချင်တယ်။ တရား အားမကိုးချင်ဘူး၊ ငွေသာ အကုန်ခံလိုက်မယ်၊ ငွေပဲ အားကိုးပြီးတော့ ဖြေရှင်းကြမယ်ပေါ့။ တရားသာစွဲချင်ကြတာ အချင်းချင်းညှိပြီး မဖြေရှင်းချင်ကြဘူး။ အခုလို ကပ်ဘေးကြုံလာရင်တော့ အများပြည်သူ အနေနဲ့ ကိုယ့်နိုင်ငံမှမဟုတ်ဘူး။ တိုးတက်တဲ့နိုင်ငံတွေမှာလည်း ဘယ်လိုမှကာကွယ် တားဆီးလို့မရဘဲ အသက် ဆုံးရှုံးမှုတွေ အများအပြားကြုံနေရတာ တွေ့ရတယ်။ အခုမြန်မာနိုင်ငံဘက်ကိုရောက်လာတဲ့အချိန်မှာ နိုင်ငံရေး အပြောင်းအလဲဖြစ်သွားတာက လူတွေကိုတော်တော်လေး အကုသိုလ်တွေ များသွားစေတယ်ဆိုတာ ဆရာတော် နားလည်တယ်။ ဆဲဆိုတာတွေ၊ ပျက်ဆီးစေချင်တာတွေ၊ သေကြေစေချင်တာတွေ အရမ်းများသွားတော့ မကောင်းတဲ့စိတ်တွေ အဖြစ်များသွားတာပေါ့။ သတ်ဖြတ်တဲ့အပိုင်းကတော့ ပြည်သူလူထုဘက်မှာ ဒီလောက်ကြီး မရှိဘူးပေါ့။ ဆဲဆိုတာတွေ မကောင်းတဲ့စိတ်တွေ အရမ်းများသွားတဲ့အခါမှာတော့ ကပ်ရောဂါဘေးကို ပိုပြီး ကြီး ထွားလာစေတယ်လို့ ဆရာတော်အနေနဲ့နားလည်ပါတယ်။ အဲဒီလိုနားလည်လို့လည်း ဆရာတော်က ငြိမ်းချမ်းရေးကိုပါ တွဲလုပ်တာ။ မကောင်းတဲ့စိတ်ဆိုတာ သူများကို ပျက်ဆီးစေချင်ရင် ကိုယ်ပျက်ဆီးမယ်၊ သူများ ကိုသေစေချင်ရင် ကိုယ်ပါသေမယ်။ အဲဒါကြောင့် ဒီလိုစိတ်တွေကို မထားတာကောင်းတယ်။ သူ့တရားသူ စီရင် တာ ကိုယ့်အပြစ်ကင်းတယ်။ ဝင်မပါနဲ့။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မှာပဲဆိုတဲ့ နားလည်မှုနဲ့ တရား အားကိုးပြီးဖြေရှင်းစေချင်တာပါ။ အခုလိုတတိယလှိုင်း မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့အချိန်မှာလည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး အကုသိုလ်တွေများများစားစား တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ဖြစ်ခဲ့တာဆိုတော့လည်း ဒီတတိယလှိုင်းမှာ အဆုံးအရှုံး အသေအပျောက်များတယ်လို့ပဲ ဆရာတော်အနေနဲ့ နားလည်ထားပါတယ်။ အများပြည်သူအနေနဲ့လည်း ဒီလိုကပ်ဘေးကြုံနေတဲ့အချိန်မှာ တတ်နိုင်သလောက် အကုသိုလ်စိတ်တွေ မဖြစ် အောင်၊ မကောင်းတာတွေမပြောမိအောင်၊ မလုပ်မိအောင် ထိန်းသိမ်းစေချင်တဲ့ ဆန္ဒရှိပါတယ်။

မေး။ ။ ကိုဗစ်နဲ့အတူ အောက်ဆီဂျင်ပြတ်လတ်မှုတွေနဲ့အတူ ပြည်သူတွေ သေကြေ၊ ဒုက္ခရောက်ရတဲ့အပေါ် သက်ဆိုင်ရာလုပ်ပေးနိုင်စွမ်းရှိတဲ့ တာဝန်ရှိသူတွေကို ဆရာတော်အနေနဲ့ သတင်းစကားပြောချင်တာ ဘာများ ရှိမလဲ။

ဖြေ။ ။ အခုက တာဝန်ရှိတဲ့သူတွေအနေနဲ့ လုပ်ရကိုင်ရတာ ခက်ခဲတဲ့အခြေအနေကို ရောက်သွားတာပေါ့။ မထင်မှတ်တဲ့အမှားလေးတစ်ခုကနေပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဆေးကုရတာက အစ အဆိုးဆုံးအခြေအနေကို ရောက်သွားတဲ့အချိန်မှာ ကပ်ရောဂါဘေးကပါ ဝင်လာတာမျိုးဆိုတော့လည်း မကောင်း တဲ့လုပ်ရပ်တွေကို တတ်နိုင်သလောက်လျော့နည်းအောင်ကြိုးစားစေချင်တာပေါ့။ ကောင်းတာကတော့ လုပ်ရမှာ ပဲ၊ တစ်ဖက်ကလည်း မလုပ်သင့်မလုပ်ထိုက်တာတွေကိုမလုပ်ဖြစ်အောင် ပိုပြီးတော့ ထိန်းထိန်းသိမ်းသိမ်း လုပ် ကြရမှာပေါ့။ အခုလိုအချိန်မှာ တာဝန်ရှိတဲ့အာဏာပိုင်မှမဟုတ်ဘူး။ အကုန်လုံးခက်ခဲကြတဲ့အချိန်ဆိုတော့ အကုန်ဒုက္ခရောက်ကြတာ ဘယ်သူမှသက်သာကြတာမဟုတ်ဘူး။ ဒီလိုဖြစ်တာတွေကလည်း မြန်မာနိုင်ငံရဲ့ ကံကြမ္မာပဲလို့ ပြောရမှာပဲ။ သူမှားကိုယ်မှားနဲ့ ကိုယ့်အပြစ်ကိုဝန်ခံဖို့ မကြိုးစားကြဘဲ အပြန်အလှန် စွပ်စွဲပြစ်တ င် ပြီးတော့ ဒုက္ခပေးကြတဲ့အတွက် စွပ်စွဲပြစ်တင်ရင်းနဲ့ပဲ လက်နက်တွေ၊ ဥပဒေတွေနဲ့ရှင်းကြတဲ့အတွက် ဒီလို အခြေအနေမျိုးဖြစ်တာလို့ ဆရာတော်ကနားလည်ထားတယ်။ ဒီကိစ္စမှ မဟုတ်ဘူး၊ ဘယ်ကိစ္စမဆို အကြောင်း ကြောင့်ဖြစ်တဲ့အကျိုးတရားပဲလို့ နားလည်ပြီးတော့ သံဝေဂ ယူစေချင်ပါတယ်။ တတ်နိုင်သလောက် ညှိနှိုင်း ဆောင်ရွက်ပြီးတော့ သူ့ဘက်ကိုယ့်ဘက်ကြည့်ပြီး အားလုံးအဆင်ပြေအောင်ဆောင်ရွက်စေချင်တဲ့ ဆန္ဒပဲ ရှိပါ တယ်။ ဖြစ်လာမှတော့ အပြစ်တင်မနေဘဲ သင်္ခန်းစာယူပြီး နောင်မြန်မာနိုင်ငံ သမိုင်းမှာ ဒီလိုမျိုးမဖြစ်အောင်ဘဲ ကြိုးစားဖို့ပဲရှိတော့တာပေါ့။ ခံရသူကလည်းအကြွေးဆပ်ရတာပေါ့။ လုပ်တဲ့သူကတော့ အကြွေးသစ်ထပ်ယူ လိုက်တာပေါ့။ ဒါတွေကို ထပ်ပြီးတော့ မဖြစ်စေချင်တော့ပါဘူး။ တားမရဘူးဆိုရင်တောင် နှစ်ပေါင်းများစွာ ကြာ တဲ့အခါမှာ ဖြစ်မြောက်အောင် ဝိုင်းပြီးတော့ ကြိုးစားစေချင်ပါတယ်။ အချင်းချင်းအပြစ်တင်မှုတွေ ရပ်တန့်ပြီး ပူးပေါင်းဆောင်ရွက်စေချင်တာပါပဲ။

မေး။ ။ နောက်ဆုံးအနေနဲ့ ပြည်သူတွေကို ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ပြုမူနေထိုင်သင့်တဲ့အနေအထားရယ်၊ ဆရာတော်တို့ရဲ့အောက်ဆီဂျင်စက်ရုံက ဘယ်နေရာမှာတည်ဆောက်မယ်ဆိုတာ သိပါရစေ ဘုရား။

ဖြေ။ ။ ပြည်သူ့အနေနဲ့ကတော့ ဆရာတော်လည်း နေ့တိုင်းဆွမ်းခံ မပျက်ကြွနေပါတယ်။ ပြည်သူတွေရဲ့ကိုယ့် အိမ်မှာ ရှင်းမရတဲ့ပြဿနာတွေ ဥပမာ- တစ်ယောက်ဆိုရင် သူ့သားက ဘုန်းကြီး၊ ရိပ်သာမှာနေတယ်။ သူ့အဖေ က ကိုဗစ်တွေ့တော့ ကျန်တဲ့မိသားစုက အတူတူနေလို့ မရဘူး။ သူ့အဖေက မလာချင်ဘူးဆိုတော့ ကျန်တဲ့ မိသားစုကို ရိပ်သာမှာလက်ခံပေးဖို့ပေါ့။ အဲဒီလိုမျိုးကိစ္စတွေ ကိုယ့်ရိပ်သာကမှ မဟုတ်ပါဘူး အပြင်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်ထဲမှာနေလို့မဖြစ်တော့ဘူး။ ဆေးရုံသွားပြလို့လည်း မဖြစ်တော့ဘူးဆိုတဲ့ အနေအထားမျိုးတွေ၊ ခက်ခဲတဲ့ကြားထဲကနေ အစားကျွေး၊ နေစရာပေး၊ တရားပေးပြီး ရိပ်သာမှာ လက်ခံထား ဖြစ်ပါတယ်။ ကိုယ်လုပ်ပေးနိုင်သလောက်တော့ လုပ်ပေးဖြစ်ပါတယ်။ ဘယ်နေရာမှလက်မခံနိုင်ရင် သဘာဝ တရားရိပ်သာက လက်ခံတယ်ဆိုတာမျိုး ဒီအချိန်မှာ ပိုပြီးတော့လုပ်ရပါတယ်။ အခုက ရောဂါဘေးဆိုတော့ ပိုပြီး တော့ ကြောက်ဖို့ကောင်းတယ်။ လက်နက်ဘေးကမှ မြင်သာသေးတယ်။ ရောဂါကျတော့ မျက်စိနဲ့မြင်ရတာ မဟုတ်တော့ အကုန်လုံးက သံသယဖြစ်စရာတွေချည်းပဲ။ ဒီလိုအထင်မှားစရာတွေက ရှိနေတဲ့အခါကျတော့ ပိုပြီး တော့ဆိုးတာပေါ့။ ဒီရောဂါဘေးနဲ့ပတ်သက်ပြီး မှီခိုသူတွေ ပိုများလာတယ်။ ဒါကိုလည်း ကြိုးစားပြီးတော့ လက်ခံ ပေးဖြစ်ပါတယ်။ တစ်ဖက်ကလည်း ဒါယိကာ၊ ဒါယိကာမတွေအနေနဲ့လည်း ဒါကြီးကိုရှောင်လို့ မရဘူးဆို တာနားလည်စေချင်တယ်။ အို၊ နာ၊ သေ ဘေးဆိုတာ ဘုရားတောင်ရှောင်လို့မရဘူး။ ကိုယ့်အနေနဲ့လည်း မရမက ရှောင်ဖို့လုပ်နေမယ့်အစား တဖက်က ဖြစ်လာတော့လည်း ကံ ဘဲဆိုပြီးတော့ ဖြစ်တာကိုလက်ခံပြီး အချိန်မရွေးသေသွားနိုင်တယ်လို့ တွေးပြီး တတ်နိုင်တဲ့ ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုကုသိုလ်တွေကို လုပ်စေ ချင်ပါတယ်။ လုပ်ဖြစ်အောင်လည်း ဆရာတော်အနေနဲ့ ပုံမှန်ဆွမ်းတန်းတွေကို ကြွပါတယ်။ တို့ချဲ့လို့ရ သလောက်လည်း တိုးချဲ့ပြီး ကြွပါတယ်။ ကောင်းမှုကုသိုလ်အလုပ်ကို တတ်နိုင်သလောက် တနိုင်တပိုင် လွယ်လွယ်ကူကူ အများပြည်သူလုပ်ဖြစ်အောင်၊ လှူချင်တာလေး လှူလိုက်ရအောင်၊ ကိုယ်လျှောက်တင်ချင်တာ လေး လျှောက်လိုက်ရအောင် ဆောင်ရွက်နေပါတယ်။ အောက်ဆီဂျင်နဲ့ပတ်သက်ရင်တော့ သန်လျင်ရိပ်သာက အဆင်သင့်ဆောက်လို့ရပါတယ်။ Transformer လည်း ရှိတယ်။ မြေနေရာလည်း ရှိတယ်။ ဒါပေမယ့် သူ့အားနည်းချက်က အောက်ဆီဂျင်ရဖို့လာတဲ့သူတွေအတွက် ဟိုးအစွန်အဖျားဖြစ်‌နေတဲ့အတွက် မြောက်ဥက္က လာဘက်မှာ စဉ်းစားနေပါတယ်။ သေချာတာကတော့ သန်လျင်ပေါ့။ တခြားနေရာကတော့ အများအတွက် ပိုအဆင်ပြေတာမျိုးပေါ့၊ သန်လျင်ကတော့ ဆရာတော်တို့အတွက် ပိုအဆင်ပြေတာ။ အများအတွက်ကျတော့ အဝေးကြီးဖြစ်နေတာပေါ့။ ရွှေပြည်သာက တစ်ခုကတော့ ငှားလိုက်တဲ့အတွက် လုပ်လို့မရဘူးဖြစ်သွားတာပေါ့။ အရင်ကတော့ ကူညီပေးမယ့် ဒါယိကာတစ်ယောက်တော့ ရှိတာပေါ့။ အခုတော့လည်း အဆင်မပြေတော့ဘူး ဖြစ်သွားတာပေါ့။ ဆရာတော်ကတော့ အချိန်လည်းရသေးတော့ အများအတွက်အဆင်ပြေအောင် သေချာစဉ်း စားပြီး စီစဉ်နေပါတယ်။ ရက်ကလည်း နောက်လ (၁၅) ရက်နေ့လောက် စပြီးတော့ သုံးဖြစ်အောင်ကြိုးစားနေပါ တယ်။ အထစ်အငေါ့ မရှိဘူး။ အပြောင်းအလဲမရှိဘူးဆိုရင်တော့ ဖြစ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ရိပ်သာ အတွက်က သိပ်ပြီးပြဿနာ မရှိပေမယ့် အပြင်ဘက်က ပူပန်ပြီး အကူအညီ မပြတ်တောင်းတာတွေ ကြုံနေ ရတော့ ကိုယ်ကလည်း လုံလုံလောက်လောက်မပေးနိုင်တော့လည်း ကိုယ့်ပါ ဂယက်ရိုက်တာပေါ့။ ရေဝေးတို့ ထိန်ပင်တို့မှာ အလောင်းတွေ တန်းစီနေတာတွေကြားနေရတော့ စိတ်ထဲမှာ အကောင်းဘက်ကတွေးပြီး ကံ ပဲ ပေါ့၊ တစ်ဖက်ကလည်း မကောင်းတာတွေဖြစ်နေရင် အကုသိုလ်တွေ နည်းသွားတာပေါ့။ ကြီးနိုင်ငယ်ညှင်း ဘေး၊ ကပ်ရောဂါဘေး၊ အငတ်ဘေးတို့ ကြုံလိုက်ရတယ်ဆိုရင် အကုသိုလ်များတဲ့သူတွေ နည်းသွားတာပေါ့၊ အဲဒီလိုပဲပြောရမှာပေါ့။ မြန်မာနိုင်ငံရဲ့အကုသိုလ်တွေလျော့နည်းသွားတယ်လို့ ပြောရမှာပေါ့။ အကျိုးပေးစရာရှိ တာတွေက မပေးရသေးဘူးဆိုရင် အကြွေးက မကျေဘူးပေါ့။ ကြီးကြီးမားမားအကုသိုလ်ကြွေးတွေ ရှိနေတာပေါ့။ နာဂစ်လိုဖြစ်လိုက်တယ်။ ကိုဗစ်လိုမျိုးကြုံရတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ နားလည်သဘောပေါက်မယ်ဆို ရင်တော့ မြန်မာပြည်ရဲ့အကုသိုလ်တွေကို တရားနဲ့ မဆပ်နိုင်တဲ့အခါကျ တော့လည်း ခန္ဓာနဲ့ပေးဆပ်ကြရ တယ်လို့ နားလည်လက်ခံစေချင်တာပါပဲ။ အဲဒီလိုဆိုရင်တော့ အနာဂါတ်မှာ အကုသိုလ်တွေလည်း လျော့နည်း သွားပြီး ကိုယ်လိုချင်တဲ့ ဒီမိုကရေစီစစ်စစ်ရရှိဖို့ လွတ်လပ်မှုရော၊ ငြိမ်းချမ်းမှုရော၊ တိုးတက်မှုရော ဘက်စုံရရှိဖို့ အတွက် လမ်းပွင့်သွားမယ်လို့ ဆရာတော်အနေနဲ့ယုံကြည်ထားပါတယ်။

ယခုလိုမျိုး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။

#NPNews #အောက်ဆီဂျင်စက်ရုံ #သဘာဝတရားရိပ်သာဆရာတော်

Related news

© 2021. All rights reserved.