တစ်မိသားစုလုံး တိမ်းရှောင် ထွက်ပြေးနေရတယ်လို့ ဖွေးဖွေး ပြော

 8596

NP News - ဇူလိုင် ၁၉

ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးက သူ့အနေနဲ့ သူ့ရဲ့ပရိသတ်တွေ၊ ပြည်သူတွေကို ပစ်ထားတာ မဟုတ်ပါဘူး၊ သူတို့တစ်မိသားစုလုံး ထွက်ပြေးနေရပါတယ်လို့ ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ အသိပေးပြောလာပါတယ်။

လူမှုကွန်ရက်မှာပျောက်နေတာကြာပြီဖြစ်တဲ့ သရုပ်ဆောင် ဖွေးဖွေးက ဒီနေ့ ဇူလိုင် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၄ ကြိမ်မြောက် အာဇာနည်နေ့မှာတော့ သူမရဲ့ဖေ့ဘွတ်စ်အကောင့်ကနေ ပိုစ့်တစ်ခုတင်ခဲ့ပြီး အဲဒီပိုစ့်ရဲ့ ကွန်းမန့်ဘောက်မှာ သူမတို့မိသားစုရဲ့ လက်ရှိအခြေအနေကို အသိပေးခဲ့တာဖြစ်ပါတယ်။

“April ၄ ရက်နေ့ကတည်းက အိမ်ကို ရဲတွေ ဝင်ဖမ်းဖို့ ကြိုးစားတော့ မိသားစုလိုက် ပြေးနေရတာပါ။ နားလည် ပေးပါ။ ပစ်ထားတာ မဟုတ်ပါဘူးကွယ်” လို့ သရုပ်ဆောင် ဖွေးဖွေးက သူမရဲ့ပိုစ့် ကွန်းမန့်မှာ ထပ်မံရေးသား ဖော်ပြခဲ့ပါတယ်။

ဖွေးဖွေးဟာ သူမအနေနဲ့ ဒီနေ့ နေ့လယ်ပိုင်းက “ကိုယ့်လူတွေ R.I.P ဖြစ်နေကြရပြီ။ ကိုယ်လည်း ဖြစ်သွားနိုင် တာ ပဲမို့ လောကကြီးက ဘာတွေဖြစ်နေမှန်း စဉ်းစားရင်းခေါင်းရှုပ်လာပေမယ့် ချစ်တယ်။ ပြန်ဆုံကြမယ်။ စိတ်မလျှော့လိုက်ကြနဲ့နော်။ အရာအာလုံးကို စိတ်တူသူတွေ အားလုံး အတူတူရင်ဆိုင်ကြမယ်။ ဘာပဲဖြစ်ဖြစ် "ပြန်ဆုံ" ကြရမယ် လို့တွေးထားပေးပါ…” ဆိုပြီး ပိုစ့်တင်ခဲ့တာဖြစ်ပါတယ်။

အဲဒီပိုစ့်တက်လာပြီးတဲ့ နောက်မှာ သူမရဲ့ပရိသတ်တွေက သူ့ကို သတိရနေကြောင်း၊ ကျန်းမာရေးဂရုစိုက်ဖို့နဲ့၊ ပရိသတ်တွေကို မေ့သွားပြီလား၊ ပစ်ထားတာလား ဆိုတဲ့ ကွန်းမန့်တွေအပေါ်မှာ ဖွေးဖွေးက သူမတို့မိသားစုရဲ့ အခြေအနေကို ပြန်လည်အသိပေးခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင် ဖွေးဖွေးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစတင်ပြီး ဖမ်းဆီးခံခေါင်းဆောင်များကို ပြန်လ ည်လွတ်ပေးရေး၊ စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် မြန်မာနိုင်ငံဒီမိုကရေစီစနစ်ကို ပြန်လည်ဖော်ဆောင်နိုင်ရေး အတွက် ဆန္ဒထုတ်ဖော်ပွဲတွေမှာ ကိုယ်တိုင်အားတက်သရောပါဝင်ကာ ဆင်နွှဲခဲ့သူလည်းဖြစ်ပြီး လူမှုကွန်ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်စာများ ရေးသားခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း စစ်ကောင်စီဘက်က ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် ဖွေးဖွေးကို ပုဒ်မ ၅ဝ၅(က) နဲ့ အမှုဖွင့် အရေးယူခဲ့ပြီး ဧပြီလ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူမအိမ်ကို ဝင်ရောက်ရှာဖွေခဲ့တာကြောင့် လက်ရှိ အချိန်ထိ တစ်မိသားစုလုံး ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။
#ဖွေးဖွေး #BurmeseActressPP #NPNews

Related news

© 2021. All rights reserved.