အင်ဒိုနီးရှားမှာ ကိုဗစ်ကြောင့် ဆရာဝန်သေဆုံးမှုအရေအတွက် ဇူလိုင်လအတွင်း စံချိန်တင်မြင့်တက်
469
ရောင်နီ (NP News) - ဇူလိုင် ၁၉
အင်ဒိုနီးရှားနိုင်ငံမှာ နိုင်ငံတစ်ဝန်း Delta ကိုဗစ်ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခြင်းနဲ့အတူ COVID-19 ကူးစက်မှုကြောင့် ဆရာဝန်များသေဆုံးမှုဟာလည်း ဇူလိုင်လပထမလဝက်မှာ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ဆရာဝန်များအသင်းအဖွဲ့ရဲ့အဆိုအရ သိရပါတယ်။
ဇူလိုင် ၁ ရက်မှ ၁၇ ရက်အတွင်း ဆရာဝန် ၁၁၄ ဦး သေဆုံးခဲ့ပြီး ယင်းအရေအတွက်ဟာ ဗိုင်းရပ်စ်စတင် ဖြစ်ပေါ်ချိန်မှစ သေဆုံးခဲ့တဲ့ ဆရာဝန်ပေါင်း ၅၅၅ ဦးရဲ့ ၂၀ ရာခိုင်နှုန်းရှိကာ အမြင့်ဆုံးသေဆုံးမှုနှုန်းဖြစ်တယ်လို့ အင်ဒိုနီးရှားဆရာဝန်များအဖွဲ့(IDI)မှ တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ရောဂါဖြစ်ပွားမှု မှတ်တမ်းများအရ ကျန်းမာရေး ပြဿနာများကို ဆေးဘက်ဆိုင်ရာမှ ဖြေရှင်းပေးနိုင်မည်လား၊ ကျန်းမာရေးစနစ်ကြီး ပြိုကျပျက်စီးပွားနိုင်မလားဆိုတာနဲ့ ပတ်သတ်ပြီး ဆရာဝန်အသင်းက စိုးရိမ်ပူပန်နေကြောင်း အသင်းရဲ့အကြီးတန်း IDI အရာရှိ Mahesa Paranadipa က ပြောကြားခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းများအကြား ကာကွယ်ဆေးထိုးမှုနှုန်း ၉၅ ရာခိုင်နှုန်းထိ ရှိနေပေမယ့် ကမ္ဘာ့စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ လူသေဆုံးမှုနှုန်းများ မြင့်တက်ခဲ့ပါတယ်။ ဒီအချက်ဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် တရုတ်နိုင်ငံထုတ် Sinovac ကာကွယ်ဆေးအသုံးပြုမှု မြှင့်တင်သွားဖို့ အစိုးရကို လှုံ့ဆော်မှုဖြစ်စေပါတယ်။ ပိုမိုကူးစက်ပျံ့နှံ့နိုင်တဲ့ Delta ကိုဗစ်မျိုးကွဲ ကူးစက်မှုလှိုင်းကြောင့် အင်ဒိုနီးရှားနိုင်ငံဟာ မကြာသေးမီရက်များအတွင်း ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံများထက်မဆို ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ပိုမိုမြင့်မားလာကြောင်း Reuters က ခုနစ်ရက်တာ ခြေရာကောက်မှု ပျမ်းမျှအချက်အလက်များအရ တွေ့ရပါတယ်။ အင်ဒိုနီးရှားရဲ့သေဆုံးမှုအရေအတွက်တွေဟာ ဘရာဇီးနိုင်ငံတောင် နောက်ကောက်ကျခဲ့ရပါတယ်။ အရှေ့တောင်အာရှရဲ့ ဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက်အသစ်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ တနင်္ဂနွေနေ့က ဗိုင်းရပ်စ်ကူးစက်လူနာသစ် ၄၄,၇၂၁ ဦး၊ သေဆုံးသူသစ် ၁၀၉၃ ဦး ထပ်တိုးခဲ့ပါတယ်။
အစိုးရဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုနှေးကွေးစေရန်အတွက် ဇူလိုင် ၃ ရက်နေ့က တင်းကြပ်တဲ့ ပိတ်ဆို့ထိန်းချုပ်မှုများ ချမှတ်ခဲ့ပါတယ်။ ယင်းကန့်သတ်ချက်တွေဟာ လာမယ့်အင်္ဂါနေ့မှာ အဆုံးသတ်မှာ ဖြစ်ပေမယ့် ကန့်သတ်ချက်ကို ဆက်လက်တိုးချဲ့သွားမယ်လို့လည်း သိရပါတယ်။