တာဝန်ထမ်းဆောင်ရင်း ကိုဗစ်ကူးခံရတဲ့ တောင်ကိုရီးယားစစ်သားတွေအတွက် ဝန်ကြီးချုပ်က အစိုးရရဲ့ပျက်ကွက်မှုအဖြစ် ဝန်ချတောင်းပန်
488
မိုးတိမ် (NP News) - ဇူလိုင် ၂၀
တောင်ကိုရီးယားနိုင်ငံအတွက် တာဝန်ထမ်းဆောင်ရင်းနဲ့ကိုဗစ်ကူးစက်ခံရတဲ့ ရေတပ်စစ်သားတွေအတွက် ကြိုတင်ပြီးကာကွယ်ပေးနိုင်စွမ်း မရှိခဲ့မှုအပေါ် တောင်ကိုရီးယားဝန်ကြီးချုပ်က တောင်းပန်စကားဆိုလိုက်ပါတယ်။
အာဖရိကရေပြင်မှာ ပင်လယ်ဓါးပြဖမ်းဆီးနှိမ်နှင်းရေးအတွက် ပူးပေါင်းစစ်ဆင်ရေးကို သွားရောက်ရင်း သင်္ဘောတစ်စီးလုံးမှာပါတဲ့ ရေတပ်စစ်သား(၃၀၁)ဦးထဲက (၂၅၀)ဦးဟာ ကိုဗစ်ကူးစက်ခံလိုက်ရတာဖြစ်ပြီး ဒါဟာ တောင်ကိုရီးယားအတွက်တော့ တစ်နေရာတည်းမှာ အစုလိုက်အပြုံလိုက်ကူးစက်မှုအမြင့်မားဆုံးဖြစ်စဉ်ဖြစ်ခဲ့တာပါ။ “ တောင်ကိုရီးယားနိုင်ငံအတွက် တာဝန်ထမ်းဆောင်ပေးနေတဲ့ စစ်သားတွေကို ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်မပေးနိုင်ခဲ့ခြင်းအပေါ် ကျွန်တော် တောင်းပန်ပါတယ် ” လို့ တောင်ကိုရီးယားဝန်ကြီးချုပ် Kim Boo-kyum က ပြောပါတယ်။ တောင်ကိုရီးယားမှာ (၅၂)သန်းသော ပြည်သူတွေထဲက (၁၃)ရာခိုင်နှုန်းကိုသာ ကာကွယ်ဆေးထိုးထားနိုင်သလို တောင်ကိုရီးယားစစ်သားတွေကို ကာကွယ်ဆေးထိုးထားပေးနိုင်မှုအပိုင်းမှာလည်း အားနည်းခဲ့တယ်လို့ ဝန်ကြီးချုပ်က ဝန်ခံပါတယ်။ ဒါဟာ အစိုးရရဲ့အကြီးမားဆုံးတာဝန်ပျက်ကွက်ပေ့ါလျော့မှုအဖြစ် သတ်မှတ်ခဲ့သလို ဒီဖြစ်စဉ်မျိုး နောက်ထပ်မဖြစ်စေဖို့အတွက် တာဝန်ခံကြိုးပမ်းပေးသွားမယ်လို့ ဝန်ကြီးချုပ်က ကတိပေးခဲ့ပါတယ်။ Munmu the Great လို့အမည်ရတဲ့ စစ်သင်္ဘောပေါ်မှာ တောင်ကိုရီးယားစစ်သား(၃၀၁)ဦးဟာ ပင်လယ်ဓါးပြစစ်ဆင်ရေးအတွက် (၆)လကြာ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး အာဖရိကနိုင်ငံတစ်ခုကို ကမ်းခဏကပ်ခဲ့စဉ်မှာပဲ ကိုဗစ်ကူးစက်ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အစကတည်းက စစ်သင်္ဘောပေါ်မှာ ပါလာခဲ့သူတွေကို ကိုဗစ်ကာကွယ်ထိုးဆေးမထိုးထားဖြစ်တဲ့အတွက် ကူးစက်မှုဟာ လျှင်မြန်သွားခဲ့တာမျိုးဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
ဇူလိုင်လ(၂၀)ရက်က တောင်ကိုရီးယားနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်တဲ့ သင်္ဘောသား(၃၀၁)ဦးဟာ သက်ဆိုင်ရာဒေသကွာရန်တင်းစင်တာမှာ ဝင်ရောက်ကုသမှုခံယူနေပြီဖြစ်ပြီး သူတို့ကို စစ်ဘက်သုံးလေယာဉ်အကြီးစားတွေနဲ့ ချက်ခြင်း ပြန်ခေါ်ခဲ့တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ သင်္ဘောကိုတော့ အာဖရိကမှာ ဆက်လက်ထားရှိမှာဖြစ်ပြီး ကိုဗစ်နဲ့ပတ်သက်တဲ့ ပိုးသတ်ဆေးတွေဖြန်းပက်ပြီးသွားတာနဲ့အမျှ အစားထိုးတာဝန်ထမ်းဆောင်မယ့်အဖွဲ့ကိုလည်း ဆက်လက်တာဝန်ထမ်းဆောင်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။