တရုတ်ထုတ် TikTok ကို ပါကစ္စတန်မှာ ထပ်မံပိတ်ပင်ပြီ
530
မိုးတိမ် (NP News) - ဇူလိုင် ၂၁
ပါကစ္စတန်နိုင်ငံဟာ တရုတ်ထုတ် TikTok ကို နိုင်ငံတွင်းမှာ အသုံးပြုခွင့်မရှိတော့ကြောင်း ဒုတိယအကြိမ်မြောက် ပိတ်ဆို့ကန့်သတ်မှု လုပ်လိုက်ပါတယ်။
ကမ္ဘာတစ်လွှားမှာ TikTok အသုံးပြုသူတစ်ဟုန်ထိုး မြင့်တက်လာမှုနဲ့အတူ လူမှုကွန်ရက်ကနေတစ်ဆင့် မလိုလားအပ်တဲ့အသုံးပြု၊ အသုံးချမှုတွေမြင့်တက်လာပါတယ်။ ပါကစ္စတန်နိုင်ငံအနေနဲ့ကတော့ TikTok ဟာ မသင့်တော်တဲ့ဖန်တီးမှုရုပ်သံတွေ အများအပြားရှိနေတာကြောင့် နိုင်ငံတွင်းမှာ အသုံးပြုခွင့်ကို ပိတ်ပင်တာမျိုးဖြစ်တယ်လို့ ဆက်သွယ်ရေးအာဏာပိုင်အဖွဲ့(PTA) က အီလက်ထရောနစ်အက်ဥပဒေကို အခြေပြုပြီး ဇူလိုင်လ ၂၁ ရက်မှာ ထုတ်ဖော်အသိပေးလိုက်ပါတယ်။ “ ဒီကြေညာချက်ဟာ TikTok ပေါ်မှာ မသင့်တော်တဲ့ရုပ်သံတွေအများအပြား ဆက်လုပ်လာတာတွေကြောင့် ဖြစ်ပေါ်လာရတာပါ ” လို့ ပါကစ္စတန် PTA က တွစ်တာကနေတစ်ဆင့် ထုတ်ဖော်အသိပေးလိုက်ပါတယ်။ အထူးသဖြင့် ပါကစ္စတန်နိုင်ငံသားတွေဟာ TikTok အသုံးပြုမှုမှာ ပုံစံမျိုးစုံရှိနေသလို အစိုးရရဲ့ကန့်သတ်တားမြစ်ချက်တွေ၊ မဖော်ပြသင့်တာတွေ၊ လူမှုယဉ်ကျေးမှုအရ တစ်နိုင်ငံချင်း ကန့်သတ်ချက်တွေကို ကျော်လွှားသွားတာတွေက တားဆီးရခက်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပိတ်ပစ်ဖို့ကို ဆုံးဖြတ်ကြေညာမျိုးဖြစ်တယ်လို့ ပြောပါတယ်။ အထူးသဖြင့် ပထမတစ်ကြိမ်တုန်းကလည်း အသုံးပြုခွင့်ပိတ်ထားခဲ့ပေမယ့် ၁၀ ရက်လောက်အကြာမှာပဲ ပြန်လည်အသုံးပြုသူတွေ များပြားလာသလို တစ်နည်းအားဖြင့် VPN နဲ့ ကျော်ခွသုံးစွဲမှုတွေကြောင့် တားဆီးရခက်ခဲတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီတစ်ကြိမ်မှာတော့ ပါကစ္စတန်နဲ့ပတ်သက်ပြီး ဘယ်လိုတားဆီးရမလဲဆိုတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ပြင်ဆင်စဉ်းစားရင်းနဲ့ တင်းကြပ်တဲ့မူဝါဒကိုပါ ထည့်သွင်းလာတယ်လို့ သိရပါတယ်။
တရုတ်ထုတ် TikTok မှာ ပါကစ္စတန်ဘက်က တင်ထားတဲ့ ရုပ်သံဗီဒီယိုပေါင်း ၆ သန်းထက်မနည်း ရှိနေသလို လွန်ခဲ့တဲ့သုံးလအတွင်းက အဲဒီရုပ်သံတွေအားလုံးကို အက်ပလီကေးရှင်းပေါ်ကနေ ဖယ်ရှားပြီးပြီဖြစ်တယ်လို့လည်း သိရပါတယ်။