အလောင်းတွင်ထည့်၍ မီးသဂြိုလ်ပစ်သော သစ်သားကတ်တစ်ကတ်လျှင် ကျပ်(၄၀၀၀)မှ (၂၀၀၀၀)ကျပ်ဖြစ်သွားသည်အထိ ပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်နေ

 656

မိုးတိမ် (NP News) - ဇူလိုင် ၂၈

သေဆုံးသူများကို မီးသဂြိုလ်ရန်တင်သည့် ကတ်တစ်ခုလျှင်ကျပ်(၄၀၀၀)မှ (၂၀၀၀၀)ကျော်ဖြစ်သွားရခြင်း မှာ ကုန်ကြမ်းပစ္စည်းပြတ်လပ်သွားခြင်းကြောင့်ဖြစ်ပြီး အလှူရှင်များအနေဖြင့် ကိုဗစ်အရေးလှူဒါန်းမှုများ၌ ထည့်သွင်းစဉ်းစားလှူဒါန်းပေးစေလိုကြောင်း ပရဟိတအသင်းများက အသိပေးလာသည်။

သုသာန်များတွင် အလောင်းများကို မီးသဂြိုလ်ရာ၌ အလောင်း၏ခန္ဓာကိုယ်ကို ကတ်ပြားပေါ်တင်၍ စက်အတွင်းထိုးထည့်ရခြင်းမျိုးဖြစ်ပြီး အဆိုပါကတ်ပြားမှာလည်း သေဆုံးသူနှင့်အတူ တပါတည်း လောင်မြိုက်သွားရခြင်းမျိုးဖြစ်ကြောင်း သိရသည်။ အဆိုပါကတ်ပြားများကို မီးလောင်လွယ်စေရန် သစ်သားပြားများဖြင့် လုပ်ဆောင်ထားခြင်းဖြစ်ပြီး ယခင်ပုံမှန်အခြေအနေများ၌ တစ်ကတ်လျှင် ကျပ်(၄၀၀၀)သာ ကျသင့်ကြောင်းလည်း သိရသည်။ “ တစ်ကတ်ကို ၄၀၀၀ ကနေ ၂၀၀၀၀ ကျော်ဖြစ်သွားတာတောင် ကတ်ပြားမလောက်လို့ စောင့်နေရတာတွေတောင် ရှိခဲ့တယ်။ ဒါကြောင့် ကိုယ့်ဘာသာကိုပဲ ဈေးလည်းသက်သာအောင် ကတ်တွေရိုက်ပြီးတော့မှ လူနာကိုသယ်တော့တယ် ” ဟု နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကိုနွေဦးလွင်က ပြောသည်။ တစ်ရက်လျှင်ကတ်ပြားထောင်ချီ မီးရှို့နေရခြင်းမျိုးဖြစ်ပြီး ဈေးကွက်အရဆိုလျှင် တစ်ကတ်ကျပ်(၂၀၀၀၀)နှုန်းဖြင့် တစ်ရက်လူ(၁၀၀၀) သဂြိုလ်ရပါက ကျပ်သိန်း(၂၀၀)ဖိုးထက်မနည်း၊ တစ်လလျှင် ကျပ်သိန်း(၆၀၀၀)ထက်မနည်းသော ဈေးကွက်ကြီးဖြစ်နေသည်ကိုလည်း တွေ့ရသည်။ “ သစ်တွေ ဝယ်မရဘူးလို့ ကြားတယ်။ ကျန်တာ မပြောပါနဲ့ ဘာမှမဟုတ်ဘဲ သာမန်သုံးနေတဲ့ အလောင်းထည့်သယ်ဖို့သုံးတဲ့ ပလတ်စတစ်အိတ်တောင် အခုပြတ်နေတယ်လို့ သိရတယ်။ အခုပဲ ပတ်ရှာနေရတယ်ဗျ ” ဟု မေတ္တာသင်္ဂဟပရဟိတအသင်းမှ ကိုမင်းဒင်ကလည်း ပြောကြားသည်။ အထူးသဖြင့် ယခုလပိုင်းအတွင်း ရန်ကုန်၌ သေဆုံးနှုန်းမြင့်တက် နေခြင်းက အသုဘလုပ်ငန်းစဉ်သုံး ပစ္စည်းမျိုးစုံပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်းလည်း ကြားသိရသည်။

လူသေအလောင်းမီးသဂြိုလ်ရာတွင် ထည့်သုံးစွဲရသည့်ကတ်ပြားများကို သစ်သားများဖြင့်ပြုလုပ်ခြင်းတွင်လည်း သစ်သားအဟောင်းတန်းဈေးကွက်က သီးခြားရှိနေပြီး ရန်ကုန်မြို့တစ်ခွင် အိမ်အပျက်များကို ဈေးပေး၍ဝယ်ယူခြင်းများသည် သုသာန်၌မီးသဂြိုလ်ခြင်းများအတွက်ဖြစ်နေကြောင်း ကြားသိရသည်။ အထူးသဖြင့် သစ်အကောင်း၏ဈေးနှုန်းက ကြီးမြင့်နေခြင်းကြောင့် သစ်တိုသစ်စများနှင့် အိမ်အပျက်များမှသစ်စများကသာ မီးသဂြိုလ်ရေးအတွက် သက်သာသောနှုန်းထားဖြင့် ရနိုင်ခြင်းမျိုးဖြစ်ကြောင်းလည်း ဆိုနိုင်သည်။

Related news

© 2021. All rights reserved.