ကိုဗစ်ကာကွယ်ဆေးထိုးပေးနေသည့် ရှမ်းပြည်တောင်ပိုင်း ၊ဖယ်ခုံမြို့တွင် မိုင်ထောင်ဖောက်ခွဲမှုကြောင့် ရဲတပ်သားနှစ်ဦး သေဆုံး

 877

ရဲပြည့် (NP News) - သြဂုတ် ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မြို့တော်ခန်းမရှေ့၌ ကိုဗစ်ကာကွယ်ဆေးထိုးပေးနေသည့်နေရာတွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲတပ်သားနှစ်ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်တစ်ခု သြဂုတ်လ ၃ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ ညောင်ကုန်း(၄)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ သြဂုတ်လ ၃ ရက် နံနက်ပိုင်းက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုများဆောင်ရွက်ပေးနေစဉ် မြို့တော်ခန်းမရှေ့ ဝင်ပေါက် ဘယ်ဘက်ခြမ်းရှိ Flower Box အတွင်းတွင် ထောင်ထားသည့် လက်လုပ် Remote မိုင်း တစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် မြို့တော်ခန်းမအတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်သား ထွန်းလင်းဇော်သည် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ရသလို ရဲတပ်သား အောင်လွင်ဖြိုးနှင့် ဒုရဲတပ်ကြပ် အောင်မျိုးတို့သည် ဗုံးထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။ ဗုံးထိမှန် ဒဏ်ရာရရှိခဲ့သည့် လုံခြုံရေးရဲတပ်သားများအား ဖယ်ခုံမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ညနေ ၃ နာရီ ၂၀ မိနစ်အချိန်တွင် ရဲတပ်သား အောင်လွင်ဖြိုးသည် ရရှိသောဒဏ်ရာများဖြင့် ထပ်မံကျဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းအပြင် မိုင်းပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ကာကွယ်ဆေးလာရောက်ထိုးနှံနေကြသည့် ပြည်သူများထဲမှ ဒေါ်မူရိန်းနှင့် ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းများတွင် လာရောက်ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ ဝန်ထမ်း ဦးနန္ဒဝေယံတို့တွင် မိုင်းစ ထိမှန်ဒဏ်ရာများအသီးသီးရရှိခဲ့ပြီး ဖယ်ခုံမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေး ကုသမှုခံယူလျက်ရှိကြောင်းသိရသည်။
လက်ရှိတွင် ကာကွယ်ဆေးထိုးနှံပေးနေသည့်နေရာအား လာရောက်ဗုံးထောင်ဖောက်ခွဲခဲ့သည့် တရားခံအား ဖမ်းဆီးရမိရေးကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.