NLD မပါဘူးဆိုတာနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်ရေးရည်မှန်းချက်က ပိုပြီးတော့နီးသွားတယ်

 4725

ဟိန်း(NP News) – သြဂုတ် ၆
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘဝကနေ ဝန်ကြီးချုပ်ဖြစ်လာတဲ့ အိမ်စောင့်အစိုးရအဖွဲ့ရဲ့ ခြေလှမ်းနဲ့ပတ်သက်ပြီး ကွန်မြူနစ်(ဗကပ)တပ်သားဟောင်းတစ်ဦးလည်းဖြစ်သလို ထင်ရှားတဲ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သူ ဦးရဲထွန်း (နိုင်ငံရေးလေ့လာသုံးသပ်သူ) ကို NP News သတင်းဌာန က အခုလို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးရဲ။ နစက က အိမ်စောင့်အစိုးရဆိုတဲ့စကားလုံးနဲ့အတူ နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ ပြန်ပြီးလှုပ်လိုက်ပြန်ပြီ။ အဲဒီတော့ ဦးရဲအနေနဲ့ အိမ်စောင့်အစိုးရဆိုတဲ့စကားလုံးကို ဘယ်လိုနားလည်သလဲဆို တာကို အရင်ဆုံးပြောပြစေလိုပါတယ်။
ဖြေ - အိမ်စောင့်အစိုးရဆိုတာက အင်္ဂလိပ်လိုတော့ Caretaker Government ပေါ့။ Caretaker Government ကို အဓိပ္ပါယ်ရှာကြည့်တဲ့အခါ ယာယီအစိုးရလို့ သိရပါတယ်။ ယာယီအစိုးရပေါ့။ တကယ့်တရားဝင် Legitimacy ရှိတဲ့ အစိုးရတစ်ရပ် မဖွဲ့စည်းနိုင်ခင်မှာ အစိုးရတစ်ရပ်အနေမျိုးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းတွေလုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒါကို ယာယီအနေနဲ့ဖွဲ့တဲ့ သဘောပါပဲ။ အဲဒီတော့ သူတို့က ယာယီအစိုးရလို့ မသုံးချင်လို့ အိမ်စောင့်အစိုးရလို့ သုံးတဲ့သဘောပါပဲ။ ယာယီအစိုးရလို့ပြောမယ်ဆို လည်း အတူတူပါပဲ။
မေး ။ ။ ကျွန်တော်တို့ အိမ်စောင့်အစိုးရဆိုတဲ့အသုံးအနှုန်းက မှတ်တမ်းတချို့ပြန်ရှာဖတ်တဲ့အခါ ၁၉၅၈ မှာ တစ်ကြိမ် သုံးနှုန်းခဲ့ဖူးတာ တွေ့ရပါတယ်။ အဲဒီနောက်မှာ ဒီနာမည်က ပျောက်သွားခဲ့ပြီး အခု ၆၃ နှစ်အကြာမှာ ပြန်ပေါ်လာတာဖြစ်တဲ့အတွက် ဒီအကြောင်းအရာလေးက စိတ်ဝင်စားဖို့ကောင်းသလားဆိုတာ သုံးသပ်ပေးပါဦး ခင်ဗျ။
ဖြေ ။ ။ ဒီဟာတော့ သူတို့ စကားလုံးရွေးချယ်မှုနဲ့ပဲဆိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီအသုံးအနှုန်းပေါ်မှာ တော့ သိပ်ပြီးတော့ မတွေးဖြစ်ပါဘူး။ ယာယီအစိုးရအနေနဲ့ဖွဲ့ပြီးတော့ ဆောင်ရွက်ဖို့လိုတယ်ဆိုတာက နစက ကောင်စီအဖွဲ့ထဲမှာပါဝင်နေတဲ့ ကောင်စီဝင်တွေအနေနဲ့ လက်ရှိဝန်ကြီးဌာနတွေကို ကိုင်တွယ်ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူး။ အဲဒီတော့ သူတို့က ဒီကြားကာလ အလွန်ဆုံး (၂) နှစ်ခွဲလောက်ကြာမယ့် အတောအတွင်း မှာ ပေါ်လစီလမ်းညွှန် တိုင်ပင်ရေးဆွဲချမှတ်တဲ့ အဖွဲ့သဘောပဲရှိတယ်။ လက်တွေ့မှာကျတော့ အစိုးရတစ်ရပ်လို ဝန်ကြီးဌာနတွေနဲ့လုပ်ကိုင်ရတဲ့အလုပ်တွေက ကျွန်တော်တို့နိုင်ငံမှာ ပိုများတယ်။ များတဲ့အခါကျတော့ ဝန်ကြီး ဌာနတွေဆိုပြီး ဖွဲ့ထားပြီးတော့ ဝန်ကြီးချုပ်တို့၊ သမ္မတတို့ အစိုးရအဖွဲ့ခေါင်ဆောင် မရှိတဲ့အခါကျတော့ ဘယ်သူနဲ့ တိုင်ပင်မှာလည်း၊ ဘယ်သူကဦးဆောင်မှာလည်း၊ ဘယ်သူကတာဝန်ယူမှာလည်းဆိုတဲ့ လက်တွေ့ပြဿနာတွေ သူတို့ကြုံလာပုံ ရတယ်။ တချို့ ကျန်းမာရေး၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေကို စီမံခန့်ခွဲဖို့ လိုလာတဲ့အခါကျတော့ ကောင်စီကိုခေါ်ပြီး တိုင်ပင်တဲ့အခါကျတော့လည်း ဒီကောင်စီဝင်တွေက ဝန်ကြီးဌာနတွေမှာ ဦးဆာင်နေတာ မဟုတ်တော့ အသေးစိတ်အခိုင်အမာအချက်အလက်တွေကို သူတို့မသိဘူး။ ဒါတွေက လုပ်ရင်းနဲ့မှ သူတို့တွေ့ လာရတာဆိုတော့ ကောင်စီကိုယေဘုယျအားဖြင့် စုပေါင်းတိုင်ပင်လမ်းညွှန်တဲ့အဖွဲ့သဘောထားလိုက်ပြီး လက်တွေ့မြေပြင်မှာအကောင်အထည်ဖော်တဲ့အစိုးရအဖွဲ့ ရှိဖို့လိုလာတဲ့အတွက် ယာယီအစိုးရအဖွဲ့ကိုဖွဲ့တာ ဖြစ်ပါတယ်။ နာမည်ပေးဖို့စဉ်းစားတဲ့အခါမှာလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုပြီး ထွက်လာသလိုမျိုး သင့်တော်တဲ့နာမည်တစ်ခု ဝိုင်းစဉ်းစားကြရင်း ပေးလိုက်တဲ့သဘောပါပဲ။ ကျွန်တော်ကတော့ အဲဒီလိုသဘောမျိုးပဲ ယူဆပါတယ်။
မေး ။ ။ သူတို့အနေနဲ့ ဩဂုတ် (၁) ရက်နေ့က (၆)လပြည့်ပေါ့၊ သူတို့ကတော့ အာဏာထိန်းတယ်ပေါ့။ ပြည်သူတွေကတော့ အာဏာသိမ်းတယ်ပေါ့။ ဆိုတော့ ထိန်းထိန်း၊ သိမ်းသိမ်း သူတို့အာဏာယူထားတာ (၆)လ ပြည့်တဲ့အချိန်မှာပဲ အိမ်စောင့်အစိုးရဆိုတာကို ကြေညာလိုက်တယ်ပေါ့။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၆) လ ပြည့်မိန့်ခွန်းမှာတောင် ထည့်မပြောဘူး။ ဒါပေမယ့် မိန့်ခွန်းပြီးလို့သိပ်မကြာဘူး နာရီပိုင်းလောက်မှာ ထုတ်ပြန်စာ တွေ ထွက်လာတယ်။ ဒီအဖွဲ့ကိုဦးဆောင်မှာက ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးဆောင်မှာ ပေါ့။ ဆိုတော့ ကျွန်တော်စဉ်းစားတာက အာဏာသိမ်းတာ(၆) လ ပြည့်သွားတဲ့အချိန်မှာနောက်ထပ် (၆)လ သက်တမ်းက တိုးကို တိုးရမှာပေါ့။ အဲဒီတော့ အဲဒီလိုတိုးတာက အိမ်စောင့်အစိုးရဆိုတဲ့ခေါင်းစဉ်နဲ့ တိုးလိုက်သလို ဖြစ်သွားလား။ ခေါင်းစဉ်ပြောင်းသွားလား ခင်ဗျာ။ ဦးရဲရော ဘယ်လိုမြင်မိလဲခင်ဗျာ။
ဖြေ ။ ။ မဟုတ်ဘူးခင်ဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နစက ကို တာဝန်ပေးလိုက်တာက (၁)နှစ်၊ (၁) နှစ် ပြည့်မှ နောက်ထပ်(၆)လနှစ်ကြိမ်ပဲ သက်တမ်းတိုးခွင့်ရှိတယ်။ ဆိုတော့ အခုက(၁)နှစ် မပြည့်သေးဘူးပေါ့။ (၁)နှစ် မပြည့်သေးခင်မှာ အခြေခံဥပဒေပုဒ်မ (၄၁၉) အရ ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ သင့်တော်တဲ့အဖွဲ့ အစည်းတွေဖွဲ့ပြီးတော့ သူကိုယ်တိုင်ပါဝင်လို့ဖြစ်စေ၊ သူကိုယ်တိုင်မပါဘဲနဲ့ဖြစ်စေ၊ အဖွဲ့အစည်းတွေဖွဲ့ပြီးတော့ အုပ်ချုပ်ရေးဆိုင်ရာ၊ ဥပဒေပြုရေးဆိုင်ရာ၊ တရားစီရင်ရေးဆိုင်ရာတွေကို ဆောင်ရွက်နိုင်တယ်လို့ အာဏာပေး ထားတာ။ အဲဒီလိုပေးထားဖို့အတွက် နစကတို့၊ အိမ်စောင့်အစိုးရတိုကိုဖွဲ့တာဖြစ်တယ်။ (၆)လပြည့်တဲ့နေမှာ လုပ်တယ်ဆိုတာကတော့ ဒီလိုဆောင်ရွက်ဖို့လိုတယ်ဆိုတာ စောစောစီးစီးကတည်းက သတိပြုမိပုံရပါတယ်။ သတိပြုမိတော့ ဘယ်နေ့ဘယ်ရက်ကို ကြေညာမလဲဆိုတာကတော့ (၆)လပြည့်တဲ့နေ့ကို ရွေးလိုက်ပုံရတယ်။ အာဏာလွှဲတဲ့ကိစ္စကတော့ ကျွန်တော်တို့ အခြေခံဥပဒေအရတော့ ပထမဆုံးတစ်ကြိမ်လွှဲတာ (၁) နှစ်ပဲဖြစ်ပါ တယ်။
မေး။ ။ အဲဒီတော့ သူတို့အာဏာသိမ်းတာ (၆)လပြည့်တဲ့အချိန်မှာ အိမ်စောင့်အစိုးရဆိုပြီးဖွဲ့တာကလည်း ဦးရဲ ပြောသလိုဆိုရင် လုပ်ရင်းကိုင်ရင်းနဲ့ နားလည်ပြီးတော့ အုပ်ချုပ်ရေးကို သေချာလုပ်မယ်ဆိုပြီး ဖွဲ့တာဖြစ်တယ်လို့ သိရတယ်။ ဆိုတော့ အဲဒီလိုဖွဲ့လိုက်တဲ့အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူမပါဘဲနဲ့ရော ဖွဲ့လို့ရလား။ သူကိုယ်တိုင်ပါမှဖြစ်မယ်လို့ ယူဆလိုက်တာက ဘယ်လိုကြောင့်လို့ ထင်မိလဲဗျ။
ဖြေ ။ ။ ပုဒ်မ(၄၁၉) မှာ ပေးထားချက်အရတော့ သူ မပါဘဲနဲ့လည်း အုပ်ချုပ်ရေးအာဏာတွေ၊ တရားစီရင်ရေး အာဏာတွေကျင့်သုံးဖို့ အဖွဲ့ဖွဲ့နိုင်တယ်။ အဲဒီတော့ သူကိုယ်တိုင်ပါလို့ဖြစ်စေ၊ မပါဘဲနဲ့ဖြစ်စေ ဆိုထားတဲ့အတွက် သူကိုယ်တိုင်ပါဖို့ လိုအပ်တယ်ထင်ရင် ပါမှာပေါ့နော်။ မလိုအပ်ဘူးထင်ရင် လွှဲပြီးတော့ အုပ်ချုပ်တာမျိုးလည်း ဖြစ်နိုင်တာပေါ့။
မေး ။ ။ အဲဒီမှာ ပြီးခဲ့တဲ့ ၁၉၅၈ က ဖြစ်ရပ်လေးတစ်ခုကို တွေးမိပါတယ်။ ဦးရဲက ရှေ့မှီနောက်မှီဆိုတော့ သိမှာ ပါ။ ဒါကဘာလဲဆိုတော့ အဲဒီတုန်းက ဝန်ကြီးချုပ်ဦးနုဆီကနေပြီးတော့ ဦးနေဝင်းကအာဏာသိမ်းမယ့် အသံတွေ ထွက်လာတဲ့အချိန်။ အဲဒီအချိန်မှာ ဦးနုက တိုင်းပြည်နစ်နာမယ် မဖြစ်ဘူးလို့တွေးပြီး ငါတို့တစ်ဖွဲ့လုံး နှုတ်ထွက်တ ယ်။ မင်းတို့ကိုအိမ်စောင့်အစိုးရအဖြစ်တင်တယ်ဆိုပြီး ဦးနေဝင်းဦးဆောင်တဲ့အဖွဲ့ကို အိမ်စောင့် အစိုးရအဖြစ်တ င်ပြီးဖွဲ့ခိုင်းလိုက်တယ်။ အဖွဲ့ဝင် (၁၄) ဦးနဲ့ အစိုးရတစ်ရပ်ဖြစ်လာတယ်။ အဲဒီနောက် ၁၉၆ဝ မှာ ရွေးကောက်ပွဲလုပ် ပေးလိုက်တယ်။ အဲဒီမှာ ဦးနုက ၅၂.၇ ရာခိုင်နှုန်းနဲ့နိုင်လို့ ဦးနုကိုအာဏာပြန်ပေးလိုက်တယ်။ ဆိုတော့ အဲဒီတုန်း ကဖြစ်စဉ်တွေနဲ့ ဒီကနေ့ဖြစ်စဉ်တွေက ပုံစံတူနေတယ်လို့ ပြောလို့ရလား။ ဘယ်အပိုင်းမှာ တူပြီး ဘယ်အပိုင်းမှာ မတူဘူးလို့ ဦးရဲထင်လဲ။ ဘာများ ကွာခြားသွားလဲခင်ဗျ။
ဖြေ ။ ။ အမှန်တော့ ကျွန်တော်တို့သိထားတဲ့ဖြစ်စဉ်၊ အခုဖြစ်သွားတဲ့ဖြစ်စဉ်တွေကို သုံးသပ်ကြည့်တဲ့အခါ အဲဒီ တုန်းကအတိုင်း ဖြစ်ဖို့ဗျ။ တပ်က အခုလိုဖမ်းဆီး၊ ထောင်ချပြီး အာဏာသိမ်းတာမျိုး မလုပ်ချင်လို့ ကာလုံခေါ်ပေးဖို့ နောက်ဆုံးအချိန်ထိ သမ္မတဦးဝင်းမြင့်ဆီမှာ တောင်းဆိုတော့ သမ္မတဦးဝင်းမြင့်က ခေါ်မပေးနိုင်ဘူးဆိုပြီးတော့ ခါးခါးသီးသီး ငြင်းတယ်။ အဲဒီတော့ မဖြစ်မနေသိမ်းလိုက်ရတဲ့အခါမှာတော့ ၁၉၅၈ က ဦးနုက အာဏာလွှဲပေးတဲ့ ပုံစံမျိုး မဖြစ်တော့ဘူးပေါ့။ ၁၉၅၈ တုန်းကတော့ ဦးနုက ဒီလိုဖြစ်သွားရင်မကောင်းလို့ တိုင်ပင်ပြီးတဲ့အခါမှာ ဟုတ်ပြီ။ အခြေခံဥပဒေအရ အာဏာလွှဲပေးမယ်။ ပြီးရင် တရားမျှတတဲ့ရွေးကောက်ပွဲကို ပြန်ပြီးကျင်းပပါ ဆိုပြီးတော့ နှစ်ဦးနှစ်ဖက်က ကျေကျေနပ်နပ်နဲ့ အဲဒီလိုလွှဲလိုက်တော့ တိုင်းပြည်လည်း မနာဘူးပေါ့။ အခုကလည်း တကယ်က အဲဒီပုံစံအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို သူတို့က မဖျက်ချင်ဘူးဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်သမ္မတ၊ ဒု- သမ္မတတွေက မပြုတ်ဘူးဗျ။ တပ်ကိုအာဏာလွှဲရသည့်တိုင်အောင် သူတို့က ဆက်ရှိနေမှာ။ အဲဒီအတိုင်းသွားရင် ခုနကပြောသလို ၁၉၅၈ အတိုင်း သွားမယ်၊ ၂ဝဝ၈ အခြေခံဥပဒေလည်း မပျက်ဘူး။ ဆိုတော့ တပ်ကလည်း အာဏာသိမ်းပြီးရင် ရွေးကောက်ပွဲကိုပြန်လည်ကျင်းပပေးမယ်။ အဲဒီရွေးကောက်ပွဲကလည်း ဘာပဲ ဖြစ်ဖြစ် သမာသမတ်ကျတဲ့ရွေးကောက်ပွဲဖြစ်မယ်ဆိုရင် အခြေအနေက အဲဒီတုန်းက အတိုင်းဖြစ်မှာဗျ။ တိုင်းပြည် လည်း အခုလိုပုံစံမျိုး မဖြစ်ဘူး။ နောက်ပြီးတော့ NLD ပါတီလည်း အပြင်းအထန်နှိပ်ကွပ်ခံရတာမျိုး မဖြစ်နိုင်ဘူး။ ဘယ်နေရာမှာသွားပြီးတော့ လွဲသွားလည်းဆိုတော့ ဖြစ်လာနိုင်တဲ့အန္တရာယ်ကိုရှောင်တဲ့နေရာမှာ ဘယ်လမ်း ကြောင်းကိုရွေးမလဲ ဆိုတဲ့အပေါ်မှာ ကွာသွားတယ်လို့ ကျွန်တော်တော့ ထင်တယ်။
မေး ။ ။ အဲဒီတော့ ဦးနေဝင်းတုန်းက အိမ်စောင့်အစိုးရက တကယ်အိမ်စောင့်အစိုးရလုပ်ခဲ့တယ်။ ပြီးရင် ရွေးကောက်ပွဲတကယ်ပြန်လုပ်ပေးတယ်။ တကယ်လည်းအာဏာပြန်လွှဲတယ်။ ဒါပေမယ့် နောက် (၂) နှစ်အကြာ မှာ ပြန်သိမ်းတယ်။ ဒါကတော့ တစ်ပိုင်းပေါ့။ အဲဒီတော့ တကယ်ရွေးကောက်ပွဲလုပ်မလားဆိုတဲ့ မေးခွန်းပေါ့နော်။ သူတို့ရဲ့ Caretaker Government က (၂) နှစ်အတွင်းပေါ့။ (၆) လပြည့် မိန့်ခွန်းမှာတော့ ၂ဝ၂၃ ဩဂုတ်လအတွင်း ရွေးကောက်ပွဲကို အပြီးလုပ်ပေးမယ်လို့ ပြောတယ်။ ဆိုတော့ နောက်(၂) နှစ်အတွင်းမှာ လက်ရှိအိမ်စောင့်အစိုးရ က တကယ်ပဲရွေးကောက်ပွဲပြန်လုပ်ပေးမလား ဆိုတဲ့အပေါ် ဘယ်လိုမြင်မိလဲခင်ဗျ။
ဖြေ - အဲဒီတုန်းကအခြေအနေကတော့ နည်းနည်းလေးတော့ ကွဲသွားတာပေါ့။ ဟိုတုန်းကတော့ ချောချောမွေ့မွေ့နဲ့ ပြေပြေလည်လည်ဖြစ်အောင် ဝန်ကြီးချုပ် ဦးနုက ခင်ဗျားတို့ အာဏာခဏယူထားပါ။ ကျွန်တော်တို့ကို တရားမျှတတဲ့ ရွေးကောက်ပွဲပြန်ပြီး ကျင်းပပေးပါလို့ပြောတဲ့အခါ တပ်ကလည်းသဘောတူပြီး အာဏာယူလိုက်တဲ့အတွက် ဘယ်နိုင်ငံရေးပါတီမှာ အဖျက်သိမ်းမခံရဘူး။ ဖျက်သိမ်းမခံရတဲ့အခါကျတော့ ရွေးကောက်ပွဲပြန်လုပ်တဲ့အခါမှာ တပ်က လိုလားတဲ့ နိုင်ငံရေးပါတီရှိတယ်။ အဲဒီပါတီက မဲ သိပ်မရဘူး။ တပ်နဲ့ အဆင်ပြေတယ်ဆိုရင် မဲ သိပ်မရဘူးပေါ့ (ရယ်လျက်)။ အဲဒီတော့ ကတိအတိုင်း လွှဲပေးလိုက်ရပေမယ့် မကျေ လည်မှုကတော့ရှိနေတယ်။ ဒါပေမယ့် အဲဒီတုန်းက ကျွန်တော်သိတဲ့အချက်အလက်တစ်ခုအရ ဗိုလ်ချုပ်ကြီးနေ ဝင်းမှာ ကိုယ်ရေးရည်မှန်းချက်တစ်ခုရှိတယ်။ အဲဒါက သူက သမ္မတဖြစ်ချင်တာ။ အဲဒီတော့ ဝန်ကြီးချုပ်က သူ့ကို သမ္မတ Nominate လုပ်လိမ့်မယ်လို့ သူကမျှော်လင့်ထားတာ။ ဒါပေမယ့် သမ္မတအဖြစ်နဲ့မတင်ဘဲနဲ့ သူ့ကို အင်ဒိုနီး ရှားဆိုင်ရာသံအမတ်အဖြစ်နဲ့လွှတ်မယ်လို့ သတင်းထွက်လာတဲ့အခါ မကျေနပ်တော့ဘူး။ အဲဒါကြောင့် အာဏာ သိမ်းဖို့ရုတ်တရက်စီစဉ်လိုက်ရတာ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီမှာပြောစရာဘာရှိနေလဲဆိုရင် ရှမ်းပြည်နယ်က တင်သွင်းတဲ့ ဖက်ဒရယ်မူကိစ္စကို လွှတ်တော်ထဲမှာ ဆွေးနွေးနေတဲ့ကာလပေါ့။ ဆယ်နှစ်ကလည်း ပြည့်ပြီဆိုတော့ ခွဲထွက်ရေးများ တောင်းဆိုမှာ လား။ ဖက်ဒရယ်စနစ်ကိုသွားမယ်ဆိုရင် ဖက်ဒရယ်စနစ်ဆိုတာ ခွဲထွက်ဖို့အတွက် တရားဝင်တောင်းဆိုနေတာ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ခိုင်းနေတာ စသဖြင့် အဲဒီလို စိုးရိမ်ပူပမ်မှုတွေ တစ်ဖက် က ရှိလာတာပေါ့။ ဒါပေမယ့် တစ်ဖက်မှာလည်း ဗိုလ်နေဝင်းက ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေကလည်း ရှိနေတယ်။ အဲဒါနဲ့သွားပြီးတိုက်ဆိုတော့ အာဏာပြန်ပြီးသိမ်းလိုက်တာဖြစ်တယ်။ အခုဒီအချိန်မှာတော့ အာဏာလွှဲအပ်ဖို့၊ အာဏာသိမ်းဖို့၊ နစက က အာဏာလွှဲယူဖို့ တိုက်တွန်းတဲ့သူတွေက ရွေးကောက်ပွဲမှာ မတရားအလုပ်ခံရတယ်လို့ ခံစားရတဲ့နိုင်ငံရေးပါတီတွေက တိုက်တွန်းတာ။ တိုက်တွန်းတဲ့အခါကျတော့ နောက်ခံမှာ NLD ပါတီက နိုင်ငံခြား ကနေပြီးတော့ ရန်ပုံငွေ၊ အထူးသဖြင့် OIC တို့ဆီကနေပြီးတော့ လက်ခံရယူထားတာရှိတယ်ဆိုတဲ့ နောက်ခံ Background ကလည်းရှိတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ရင် Orchid ဦးဋ္ဌေးအောင်ကလည်း တရားစွဲဖို့၊ တရားရင်ဆိုင် ဖို့လုပ်နေတာရှိတယ်။ အဲဒီအခင်းအကျင်းအောက်မှာ ယခုလိုအာဏာသိမ်းခံလိုက်ရတာ၊ NLD သဘောမတူဘဲ အာဏာသိမ်းခံလိုက်ရတဲ့အခါမှာ ဘာကိုသွားမှာလည်းဆိုတော့ NLD က ဘာပဲဖြစ်ဖြစ် ဖျက်သိမ်းခံရလိမ့်မယ်လို့ ကျွန်တော်တို့ကတော့သုံးသပ်တာပေါ့။ ဆိုတော့ ကျွန်တော်တို့မူလထင်ထားတာကတော့ နိုင်ငံရေးပါတီတစ်ရပ် က နိုင်ငံခြား အထောက်အပံ့ယူတဲ့ကိစ္စတွေဖော်ထုတ်ပြီး လုပ်လိမ့်မယ်လို့ထင်တာ။ အခုကျတော့ အဲဒီကိစ္စကို ဖော်ထုတ်လို့ ရပုံမပေါ်ဘူး။ ခုထက်ထိ မကြားရဘူး။ NLD ရုံးတွေကို ဝင်စီးတယ်။ စာရင်းတွေစစ်တယ်။ ဒါပေမယ့် အဲဒီသတင်းက ထွက်မလာဘူး။ ခိုင်လုံတဲ့သတင်းတွေ မကြားရဘဲနဲ့ CRPH, NUG, PDF စတဲ့ လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်တဲ့ကိစ္စတွေပေါ်လာတာတွေ့ရတယ်။ အဲဒါတွေနဲ့ပတ်သက်ပြီး NLD ကို ဖျက်သိမ်းလိမ့် မယ်လို့ မှန်းနေကြတယ်။ ဒါပေမယ့် နောက်ဆုံးတွေ့နေတာတော့ ရွေးကောက်ပွဲမှာ မတရားလုပ်လို့ဆိုပြီးတော့ နစက က ခန့်အပ်လိုက်တဲ့ရွေးကောက်ပွဲကော်မရှင်က ကြေညာသွားတာတွေ့ရတယ်။ ဆိုတော့ ဘာပဲဖြစ်ဖြစ် စစ်ကောင်စီကလုပ်ပေးမယ့် လာမယ့်ရွေးကောက်ပွဲမှာ NLD က ပါမှာ မဟုတ်ဘူး။ ဖျက်သိမ်းမခံရရင်လည်း သူတို့က ၂ဝ၂ဝ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ဆွဲကိုင်ထားမယ့်ပုံ ရှိတယ်။ ဒါကြောင့်မို့လို့ ၂ဝ၂၃ ဩဂုတ် မတိုင်မီမှာ ရွေးကောက်ပွဲလုပ်ပေးမယ်ဆိုရင် သေချာပေါက်ပြည်ခိုင်ဖြိုးက အများစုနိုင်မှာပေါ့။ ပြည်ခိုင်ဖြိုးက ဘာပဲဖြစ်ဖြစ် NLD ပြီးရင်အခြားပါတီထဲမှာ မဲ အများဆုံးရနိုင်တဲ့ပါတီဖြစ်တယ်။ မျှမျှတတယှဉ်ပြိုင်ရင် လွှတ်တော် ကိုယ်စားလှယ်နေရာတွေကမျှသွားမယ်ဆိုရင် တပ်ကအာဏာလွှဲပေးမယ်လို့ ယူဆပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က အဲဒီကာလမှာသမ္မတအဖြစ်နဲ့အရွေးခံရနိုင်ခြေ ရှိ၊ မရှိ ဆိုတာကတော့ လွှတ်တော်ထဲမှာ နေရာရရှိမှု အပေါ်မှာမူတည်ပါတယ်။ ပြည်ခိုင်ဖြိုးက ပိုင်ပိုင်နိုင်နိုင် မရထားဘူးဆိုရင်တော့ ကာကွယ်ရေးဦးစီးချုပ်က တပ်မေ တာ်သားကိုယ်စားလှယ်တွေတင်သွင်းတဲ့ ဒုသမ္မတ အဖြစ်နဲ့တက်လာပြီးတော့ သူကပြန်ပြီးတော့ အဲဒီအချိန်မှာ သမ္မတဖြစ်လာနိုင်ပါတယ်။
မေး ။ ။ ၁၉၅၈ အကြောင်းမှာတော့ ဦးနေဝင်းက သူ့ရဲ့မျှော်လင့်ချက်၊ ယုံကြည်ချက် ရှိခဲ့တယ်ပေါ့။ သူလိုချင်တဲ့ အတိုင်း အာဏာသိမ်းပြီးတဲ့နောက်မှာ ရလည်း ရခဲ့ပါတယ်။ လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာရော အဲဒီလို မျှော်လင့်ချက်မျိုး ရှိနေတယ်လို့ မြင်ရလား။
ဖြေ ။ ။ သူပြောတဲ့ ဆိုတဲ့ဟာတွေကို အကဲခတ်ကြည့်တဲ့အခါမှာတော့ ရှိပုံရပါတယ်။ ရှိတယ်ဆိုတာက သူလည်း တိုင်းပြည်ကို အုပ်ချုပ်နိုင်တယ်ဆိုတဲ့အစွမ်းအစပြချင်ပုံရတယ်။ အဲဒီတော့ အခုအခင်းအကျင်းက သူတို့လုပ်ပေး မယ့်ရွေးကောက်ပွဲမှာ NLD လည်း မပါတော့ဘူးဆိုတော့ သူတို့ညှိနှိုင်းရမှာက ပြည်ခိုင်ဖြိုးတစ်ပါတီတည်းပဲ ရှိတော့ တယ်။ ပြည်ခိုင်ဖြိုးပါတီက ရတယ်ဆိုရင် ပြည်ခိုင်ဖြိုး မဲနဲ့ တပ်မဲနဲ့ပေါင်းလိုက်ရင် သမ္မတ ဖြစ်နိုင်တယ်။ သိပ်ပြီး တော့ ပုံပျက်ပန်းပျက်ဖြစ်မယ်လို့ မထင်ပါဘူး။ ဆိုလိုတာက ရွေးကောက်ပွဲကို ကလိမ်ကကျစ်လုပ်ပြီးတော့ သမ္မတ နေရာ ရအောင်လုပ်တာ မဟုတ်ဘဲနဲ့ ရွေးကောက်ပွဲကို သမာသမတ်ကျကျလုပ်ပေးမယ်။ ပြည်သူလူထုအများစုက ရွေးကောက်ပွဲကို သပိတ်မှောက်ကြလိမ့်မယ်။ ကျွန်တော်တို့ရဲ့အခြေခံဥပဒေအရက လာပေးသမျှနဲ့လည်း ရွေးကောက်ပွဲက အောင်မြင်တယ်ဆိုတဲ့အတွက် ပြည်ခိုင်ဖြိုးကပဲ လွှတ်တော်ထဲမှာ နေရာအများစု ရလိမ့်မယ်။ အဲဒီလိုနည်းနဲ့ပဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲအပြီးနောက်ပိုင်းမှာ တရားဝင်သမ္မတဖြစ်လာနိုင် တာပေါ့။
မေး ။ ။ ဦးနေဝင်းတို့ အိမ်စောင့်အစိုးရတုန်းကတော့ (၂) နှစ်အတွင်းမှာ လုပ်ခဲ့တဲ့လုပ်ရပ်တွေကို မပြောဘဲနဲ့ အဲဒီနောက်ပိုင်း ရွေးကောက်ပွဲလုပ်ပေးတဲ့ဖြစ်စဉ် အကြောင်းပြောရရင် ၁၉၆ဝ ဧပြီလမှာ ရွေးကောက်ပွဲလုပ်ပေး လိုက်တယ်။ အဲဒီမှာ ဦးနုက နိုင်ပြီးတော့ ဦးနုက ပြန်တက်လာတယ်။ (၂) နှစ်ကြာတဲ့အခါမှာ ပြန်ပြီးတော့ အသိမ်း ခံရတယ်။ ဒီအသိမ်းခံရတဲ့ဖြစ်စဉ်က ပထမတစ်ခါ သိမ်းလုနီးပါးဖြစ်ခဲ့တဲ့ခံစားချက်နဲ့ တကယ်သိမ်းဖြစ်လိုက်တယ်။ လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်ကလည်း သိမ်းဖူးတဲ့အတွေ့အကြုံရှိသွားပြီဆိုတော့ နောက်တစ်ခေါက်မှာရော သူလိုချင်တဲ့ရလဒ် ထွက်မလာရင် အာဏာသိမ်းဖို့ ပြန်ပြီးခေါင်းလှည့်မလာနိုင်ဘူးလားဆိုတဲ့ အချက်ကိုရော ဘယ်လို စဉ်းစားကြည့်မိလဲ။
ဖြေ ။ ။ ထူးခြားတဲ့နောက်ခံအကြောင်းကတော့ အခုအခြေခံဥပဒေက တပ်က ဦးစီးပြီးတော့ သူတို့အတွက် အခွင့်အရေးယူထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်နေတယ်။ ဒါကို မပျက်စေချင်တာကတော့ ရေးဆွဲတဲ့နေရာမှာ ဦးစီးဦးဆောင်ပြခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အဓိကဖြစ်လိမ့်မယ်။ ဦးသန်းရွှေက ဒါကိုမပျက်စေချင်တဲ့အခါ ဒါကိုဆက်ပြီး ထိန်းကြမှာပေါ့။ ကျွန်တော် ခုနကပြောခဲ့တဲ့အကြောင်းအရာတွေထဲမှာ NLD မပါဘူးဆိုတာနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမ္မတဖြစ်ရေးရည်မှန်းချက်က ပိုပြီးတော့နီးသွားတယ်။ အဲဒီတော့ NLD မပါစေ ချင်တဲ့ကိစ္စမှာ တပ်နဲ့ အခြားနိုင်ငံရေးပါတီတွေနဲ့က သွားတူနေတယ်လို့ ကျွန်တော်ထင်တယ်။ ၂ဝ၂ဝ ရွေးကောက် ပွဲမှာ အထူးသဖြင့် ပြည်မက ပါတီတွေက သဘောပေါက်သွားတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ရှိနေသေး သရွေ့ နိုင်ငံရဲ့အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေမှာဝင်ပါဖို့ သူတို့အတွက် အလားအလာသိပ်ပြီးတော့ မရှိဘူး။ အထူး သဖြင့် ဒေါ်သက်သက်ခိုင်တို့ဆိုရင် ပါတီထောင်ပြီးလှုပ်ရှားတာဟာ အနာဂတ် ဒေါ်အောင်ဆန်းစုကြည် အလွန် ကာလအတွက်ရည်ရွယ်ထားပါတယ်လို့ အလွတ်ပြောတာတွေတောင်ရှိခဲ့တယ်။ ဆိုတော့ NLD ဟာ ဥပဒေချိုး ဖောက်လို့ ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ဆက်စပ်လို့၊ ဦးဆောင်လို့ဆိုရင် ဖျက်သိမ်းမခံရ ရင်တောင် မှ အခြားနိုင်ငံရေးပါတီတွေက ကျေနပ်ကြမယ်မထင်ဘူး။ ဆိုလိုတာက သူတို့ကလည်း NLD ဖျက်သိမ်းရေးကို အားပေးတိုက်တွန်းမယ့်အဖွဲ့တွေဖြစ်တယ်။ တပ်မတော် ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ဘက် က ကြည့်မယ်ဆိုရင် NLD ပါလို လွှတ်တော်ထဲမှာ နေရာအများစုရသွားရင် သူသမ္မတဖြစ်ဖို့အတွက်က သိပ်ပြီး မသေ ချာဘူး။ ဆိုတော့ သူတို့စီစဉ်ထားတဲ့အတိုင်းဖြစ်မယ်ဆိုရင် ချောချောမွေ့မွေ့ဖြစ်သွားမှာပါ။ အဓိကကတော့ ပြည်သူလူထုရဲ့ထောက်ခံမှုကတော့ မရနိုင်ဘူးပေါ့။ ပြည်သူလူထုအများစုကတော့ မဲ လာပေးကြမယ်လို့ ကျွန်တော်ထင်တယ်။
မေး ။ ။ စစ်ကောင်စီ၊ နစကအနေနဲ့ သူတို့ထုတ်ပြန်လိုက်တဲ့စာကိုကြည့်ပြီး တွေးမိတာက အိမ်စောင့်အစိုးရ ဆိုတဲ့စကားလုံးကို သုံးလာတယ်။ သမိုင်းနောက်ခံအခြေအနေရဲ့ ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကို သူတို့ ကိုယ်တိုင်သင်္ခန်းစာယူပြီးတော့ ထုတ်ပြန်တဲ့စာတွေဖြစ်တယ်လို့ ယူဆမိလား။ ထုတ်ပြန်တဲ့စာတွေရဲ့အသွား အလာကို ကြည့်ခြင်းအားဖြင့်ပေါ့။ နောက်တစ်ခုက နစကဥက္ကဋ္ဌ(၃) ဦးလည်း ထုတ်ပယ်ခံရတယ်လို့ ပြောရမှာပေါ့။ ဘာလို့လည်းဆိုတော့ စာအရ အနားယူခွင့်ပြုလိုက်သည်ဆိုတာက အဓိပ္ပါယ်တစ်မျိုးရှိတယ်လေ။ အရင်ကဆို ကျန်းမာရေးဖြစ်ဖြစ် တစ်ခုခုကိုအကြောင်းပြတယ်။ အခုက ထုတ်လိုက်တယ်ဆိုတော့ သူတို့ကိုယ်တိုင် သမိုင်း ကြောင်းနောက်ခံမှာဖြစ်ခဲ့တဲ့ အိမ်စောင့်အစိုးရကိုသေချာလေ့လာပြီး ဒီလိုထုတ်ပြန်စာတွေ ထွက်လာတယ်လို့ ယူဆမိလား။
ဖြေ ။ ။ ကျွန်တော်တော့ အဲဒီကိစ္စရဲ့အသေးစိတ်နောက်ခံအချက်အလက်တွေကိုတော့ မသိဘူး။ ခန့်မှန့်ကြည့် ရတာက နစကဖွဲ့ပြီးတဲ့အချိန်မှာ တချို့က နိုင်ငံတော်အဆင့်မှာပါကြတယ်။ တချို့ကလည်း ပြည်နယ်တိုင်း အဆင့်မှာ ပါကြတယ်။ အဲဒီလိုဖွဲ့ပြီးတဲ့အချိန်မှာ ပြည်သူလူထုရဲ့ဆန့်ကျင်မှုပုန်ကန်မှုက ပြင်းပြင်းထန်ထန်ဖြစ် လာတယ်။ ပထမကတော့ ငြိမ်းချမ်းစွာ ဆန္ဒပြကြတယ်။ အဲဒါကိုတဖြည်းဖြည်းနဲ့ လက်နက်နဲ့အကြမ်းဖက်ပြီးတော့ ဖြိုခွဲတယ်။ အဲဒါကိုမခံနိုင်တဲ့အခါ တောခိုပြီးလက်နက်ကိုင်ကြတယ်။ ပြည်သူလူထုရဲ့ဆန့်ကျင်မှုတွေက တဖြည်း ဖြည်းငြိမ်သွားတယ်ဆိုပေမယ့် မကျေနပ်မှုအစိုင်အခဲကတော့ ကြီးနေတာသိတယ်။ အဲဒီကာလမှာ ကျွန်တော် ခံစားမိတာက သူတို့နစကထဲပါသွားတဲ့တချို့က နောင်တရတယ်၊ မပါချင်ကြဘူး။ ကျွန်တော်သိတဲ့ တချို့ပုဂ္ဂိုလ် တွေဆိုရင် သူတို့ကမ်းလှမ်းတဲ့အချိန်မှာ ဒီဟာကိုခန့်မှန်းမိလို့ ငြင်းလိုက်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်။ ဆိုတော့ ဖြစ်နိုင်တာက သူတို့တောင်းဆိုလို့ ဆက်ပြီးတော့မလုပ်ချင်တော့လို့ အနားပေးလိုက်တာလို့ မြင်မိတယ်။ အသေး စိတ်ကိုတော့ ကျွန်တော်လည်း မသိဘူးပေါ့။ မှန်းကြည့်ရတာပေါ့။ အိမ်စောင့်အစိုးရဆိုတဲ့ကိစ္စကလည်း ပထမက ကျွန်တော်ပြောသလို အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေ၊ တရားစီရင်ရေးဆိုင်ရာကိစ္စတွေ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စေ တွနဲ့ပတ်သက်လို့ တကယ်တန်းအလုပ်လုပ်တဲ့အခါမှာ အစိုးအဖွဲ့ တကယ်လုပ်နေတဲ့ဝန်ကြီးတွေနဲ့ဦးဆောင်ပြီး လုပ်မှဖြစ်မှာဖြစ်တဲ့အတွက်ကြောင့် ဖွဲ့လိုက်တာလို့ထင်တယ်။ ခုနကပြောသလို နောက်ခံအကြောင်း တွေအပေါ် မှာတော့ သိပ်ပြီးတော့ မူတည်လေ့မယ်လို့မထင်ပါဘူး။ စကားလုံးရွေးချယ်မှုကတော့ သမိုင်းမှာ ယာယီအစိုးရကို အိမ်စောင့်အစိုးရ လို့ခေါ်တဲ့အတွက် အဲဒီလိုပြန်ပြီး ခေါ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
မေး ။ ။ အဲဒီတော့ တစ်ဖက်မှာ အိမ်စောင့်အစိုးရဆိုပြီးတော့ နစက က ကြေညာလိုက်တဲ့အခါ နစက ကောင်စီ ဝင်တွေရဲ့အခန်းကဏ္ဍက ဘာဖြစ်သွားမလဲ။ ဆိုလိုတာက အိမ်စောင့်အစိုးရက အုပ်ချုပ်ရေးကိုင်ပြီး ဟိုက ပေါ်လစီ ကိုင်တာမျိုးလား။ ဘယ်လိုခွဲမယ်လို့ မြင်မိလဲ။
ဖြေ ။ ။ နစက က ယေဘူယျအားဖြင့် နိုင်ငံရေးပါတီက နိုင်ငံရေးသမားတွေအများစု ထည့်ထားတာဆိုတော့ ပေါ်လစီပိုင်းဆိုင်ရာကိစ္စကို ညှိနှိုင်းတိုင်ပင်ဖို့အတွက် အဓိကထားလေ့မယ်လို့ထင်ပါတယ်။ လက်တွေ့မှာတိုင်ပင် ညှိနှိုင်းမှုလုပ်၊ မလုပ်ဆိုတာတော့ မသိဘူးပေါ့။ ဥပမာ- NLD ကို ဖျက်သိမ်းမှာလား၊ မဖျက်သိမ်းဘူးလား၊ ဖျက်သိမ်းရင် ဘယ်လိုအကြောင်းအချက်တွေနဲ့ ဖျက်သိမ်းမလဲ စတဲ့ အရေးကြီးတဲ့ကိစ္စ အကြောင်းအချက်တွေကို အဓိကတိုင်ပင်ရမယ်။ အိမ်စောင့်အစိုးရဖွဲ့လိုက်တဲ့ကိစ္စမှာလည်း နိုင်ငံတကာနဲ့ဆက်သွယ်ဆက်ဆံရေးမှာ လွယ်ကူအောင်ဆိုတဲ့အချက်တစ်ချက်လည်းပါလိမ့်မယ်။ နစကရဲ့အဓိကအခန်းကဏ္ဍကတော့ အရေးကြီးတဲ့ ပေါ်လစီပိုင်းဆိုင်ရာတွေကိုတိုင်ပင်ဖို့၊ အကြံဉာဏ်ယူဖို့ ဖြစ်မှာပါ။
မေး ။ ။ အိမ်စောင့်အစိုးရလို့ကြေညာလိုက်တဲ့တချိန်တည်းမှာပဲ ဝန်ကြီးဌာနတွေကို ခွဲ၊ ဖြုတ်လုပ်တာတွေ ရှိ တယ်။ ဥပမာ- ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက ကျန်းမာရေးနဲ့အားကစားဝန်ကြီဌာနကို ခွဲထားပြီးသား။ အဲဒါကို ဒေါ်အောင်ဆန်းစုကြည်တို့ လက်ထက်ရောက်တော့ ပေါင်းလိုက်တယ်။ အခုအိမ်စောင့်အစိုးရက ပြန်ပြီး ခွဲလိုက်တယ်။ နောက်တစ်ခါ အလုပ်သမားဝန်ကြီးဌာနနဲ့ လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနကိုလည်း ဒီလိုပဲ ခွဲလိုက် တယ်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဆိုလည်း ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာ ပေါ်လာတယ်။ အဲဒါကို ရုံး(၁)၊ ရုံး(၂) ဆိုပြီးတော့ နစက က ခွဲလိုက်တာတွေ့ရတယ်။ ဆိုတော့ (၂) နှစ်အတွင်းမှာ တကယ့်အစိုးရ တစ်ရပ်အနေနဲ့တာဝန်ထမ်းဆောင်မယ့်သဘောကိုမြင်တာတာလား။ ဘယ်လိုသဘောမျိုးလဲ။
ဖြေ ။ ။ အစိုးရဝန်ကြီးဌာနတွေကို ပြန်လည်ဖွဲ့စည်းတာနဲ့ပတ်သက်ပြီးတော့ တချို့ဝန်ကြီးဌာနတွေက မတူတဲ့ တာဝန်နှစ်ခု၊ သုံးခုလောက်ကို တစ်ခုတည်းယူခဲ့တာရှိတယ်။ အဲဒါကို နောက်တက်လာတဲ့အစိုးရတွေက ပြန်ခွဲ လိုက်တာ။ ပြန်ပေါင်းလိုက်တာကတော့ လုပ်ကိုင်ရတဲ့တာဝန်တွေပေါ်မူတည်ပြီးတော့ ဆုံးဖြတ်တာဖြစ်တယ်။ ဆို တော့ အိမ်စောင့်အစိုးရလက်ထက်မှာကျတော့လည်း ဒီဟာကိုဘယ်လိုထားမလဲဆိုတာက အောက်ခြေမှာ တကယ်တမ်းလုပ်နေတဲ့ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်မှူး Level တွေရဲ့အကြံဉာဏ်ကို ယူပြီးတော့ လုပ်တယ်လို့ ထင် ပါတယ်။ အဲဒီတော့ ပေါင်းသင့်လား/ မပေါင်းသင့်လား ဆိုတာကတော့ လုပ်ငန်းလုပ်ရတာ လွယ်ကူမှု၊ ချောမွေ့မှု၊ ဦးဆောင်တဲ့ပုဂ္ဂိုလ်က ကျွမ်းကျင်မှုရှိ/ မရှိ အပေါ်မှာမူတည်ပြီး လုပ်တာလို့ပဲမြင်ပါတယ်။
မေး ။ ။ ဦးနေဝင်း အိမ်စောင့်အစိုးရတာဝန်ယူတဲ့အချိန် ၁၉၅၉ လောက်မှာ တပ်မတော်က အငြိမ်းစားဗိုလ်မှူး ကြီးတွေဦးဆောင်ပြီး ကြံ့ခိုင်ရေးဆိုတဲ့အသင်းမျိုး၊ အခုဆို ပြည်ခိုင်ဖြိုးပေါ့။ အဲဒီက ကွင်းဆက်လာတော့ ကျွန်တော် လည်း မသိဘူးပေါ့။ အဲဒီခေတ်နဲ့တော့ တော်တော်လေးကွာပါတယ် ပြည်ခိုင်ဖြိုးနဲ့က။ အဲဒီလိုအသင်းတွေထောင် ပြီး ပြည်သူကြားမှာ တိုးဝင်နိုင်အောင်လုပ်တယ်။ တချိန်တည်းမှာပဲ ပျူစောထီးလိုခါးပိုက်ဆောင်တပ်တွေကို ဖျက်ပစ်တာတွေလုပ်တယ်။ အဲဒီလိုမျိုး ထူးထူးခြားခြားလုပ်ခဲ့တာမျိုးတွေ ရှိတယ်ဆိုတော့ ဒီဘက်ခေတ်မှာ ပျူစော ထီးဆိုတဲ့စကားလုံးက ပြန်ပေါ်လာတာရှိတယ်။ အရင်တုန်းကပုံစံနဲ့ သွားပြီးတူနေတာတွေရှိနေတော့ ဒီအကြောင်း အရာတွေအကုန်လုံးနဲ့ချိတ်ပြီးနောက်ကနေ ဦးမင်းအောင်လှိုင်ကြီးကို အကြံပေးနေတဲ့အဖွဲ့တစ်ဖွဲ့က ရှိနေသ လားဆိုတာ တွေးစရာဖြစ်လာတယ်။
မေး ။ ။ ဦးရဲအနေနဲ့ဆိုရင်ရော ဒီဖြစ်စဉ်တွေကို သွားတွေးမိလား။ ဘယ်လိုမြင်မိလဲခင်ဗျ။
ဖြေ ။ ။ ဟိုတုန်းက ပျူစောထီးဆိုတဲ့အဖွဲ့တစ်ဖွဲ့ရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့လည်း လေ့လာမိပါတယ်။ ကျွန်တော်တို့ကတော့ ငယ်သေးတယ်။ ကျွန်တော့်အဖေတို့ကတော့ အဲဒီပျူစောထီးအဖွဲ့တွေမှာ ပါခဲ့ဖူးတယ်ထင် တယ်။ ကျွန်တော်ကငယ်တော့ အများကြီးတော့ မမှတ်မိဘူး။ ဒါပေမယ့် နောက်ပိုင်းပြန်လေ့လာ ကြည့်တဲ့အခါ ကျတော့ အဲဒီအဖွဲ့ ဖွဲ့ရတဲ့အကြောင်းအရင်းက ဂျပန်ဖက်ဆစ်တွေကိုတိုက်ထုတ်ပြီး အင်္ဂလိပ်ဝင်လာတဲ့အချိန်မှာ လွတ်လပ်ရေးအတွက်လက်နက်ကိုင်ပြီး ဆက်တိုက်ရမယ်ဆိုပြီးတော့ နိုင်ငံရေးသမားလူငယ်တွေထဲမှာဖြစ်နေ တဲ့အချိန် အင်္ဂလိပ်နိုင်ငံမှာ အစိုးရအပြောင်းအလဲဖြစ်သွားတာနဲ့ အင်္ဂလိပ်က လွတ်လပ်ရေးပေးမယ်။ ဒါပေမယ့် မင်းတို့တပ်ကတော့ အရွယ်အစားလျော့ချရမယ်ဆိုပြီးကန့်သတ်လိုက်တယ်။ အဲဒီလိုကန့်သတ်ချက်ကို ဒီဘက် ကဆွေးနွေးဖို့သွားတဲ့ခေါင်းဆောင်တွေ၊ ပထမဆွေးနွေးတဲ့ အောင်ဆန်း- အက်တလီစာချုပ်၊ ဒုတိယက နု-အက်တလီစာချုပ် စတဲ့စာချုပ်တွေချုပ်ပြီး လွတ်လပ်ရေးကိုလွှဲပြောင်းယူရတာပေါ့။ အဲဒီစာချုပ်တွေအရ ကျွန်တော်သိတာက ဗိုလ်လကျ်ာနဲ့ ဟိုဘက်က ဖရီးမန်းထင်တယ်၊ လကျ်ာ- ဖရီးမန်း စာချုပ်အရလား မသိဘူး။ ကျွန်တော်ကောင်းကောင်း မမှတ်မိဘူး။ အဲဒီစာချုပ်အရ ကျွန်တော်တို့ရဲ့လက်နက်ကိုင်တပ်ဖွဲ့ကို လူဦးရေ ကန့်သတ်လိုက်တဲ့အခါကျတော့ ဂျပန်ဖက်ဆစ်ဆန့်ကျင်ရေးတိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကျွန်တော်တို့ရဲ့မျိုးချစ်လူငယ် တွေက ယောင်နနဖြစ်ကုန်တာပေါ့။ တိုင်းပြည်ရဲ့လက်နက်ကိုင်တပ်ထဲမှာ ဆက်ပြီးတော့ နေချင်တဲ့သူတွေက များတယ်။ ဒါပေမယ့် အဲဒီလိုကန့်သတ်လိုက်တဲ့အခါ တချို့တော်တော်များများက အပြင်ကိုရောက်ကုန်တယ်။ ဒီဘက်ခေတ်မှာက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် PDF တပ်တွေဝင်လာတဲ့အခါ တချို့နေရာတွေမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတဲ့အခါကျတော့ ခုခံကာကွယ်ဖို့ ပြည်သူ့စစ် ဖွဲ့ရ မယ်ဆိုတဲ့သဘောပေါ့။ အမှန်တကယ်တော့ ပြည်သူ့စစ်ဖွဲ့တာပါပဲ။ ပျူစောထီး ဆိုတဲ့နာမည်အခေါ်အဝေါ်က ကျွန်တော်တို့ ဆိုရှယ်မီဒီယာမှာပြောနေကြတဲ့အတိုင်း အစိုးရက တရားဝင်ပေးတဲ့နာမည်တော့ မဟုတ်ဘူးပေါ့။
မေး ။ ။ အိမ်စောင့်အစိုးရ ဆိုတဲ့စကားလုံးနဲ့ပတ်သက်ရင် တွေးမိလာတာက သူတို့အာဏာသိမ်းပြီး (၆) လ အကြာမှာ မဖြစ်မနေ ဒါကိုထုတ်ပြန်လိုက်တာနဲ့ တပြိုင်တည်း မဲစာရင်းရလဒ်ကို ဟိုက်လိုက်လုပ်ခဲ့တယ်။ မဲ (၁၁) သန်းကျော် မသမာမှုဖြစ်တယ်ဆိုတာကိုတရားဝင်ထုတ်ပြန်လိုက်တယ်။ ထုတ်ပြန်လိုက်တဲ့နောက်မှာ အိမ်စောင့် အစိုးရဆိုတာ ပေါ်လာတယ်။ နောက်ဆက်တွဲအနေနဲ့ စက်တင်ဘာမှာ ကုလသမဂ္ဂရဲ့အစည်းအဝေးရှိတယ်။ အဲဒီမှာ စစ်ကောင်စီနဲ့ NUG နဲ့က ဘယ်သူ့ကို အသိအမှတ်ပြုမှာလည်းဆိုတာက ရှိလာတယ်။ အဲဒီတော့ စစ်ကောင်စီက နစကအဖြစ်နဲ့ဆက်ရှိနေရင် အသိအမှတ်ပြုခံရမှာ ခက်ခဲသွားမှာစိုးလို့ အစိုးရအဖွဲ့ပုံစံကို ကျကျ နနဖော်လိုက်သလား။ ဒီဘက်မှာ မဲစာရင်းကလည်း ထွက်လာပြီးပြီဖြစ်တဲ့အတွက် တိတိကျကျကို စနစ်တကျ ပြင်ဆင်လိုက်သလားလို့ မြင်မိတယ်။ အဲဒီအချက်အပေါ် ဦးရဲအနေနဲ့ ဘယ်လိုမြင်မိလဲ။

ဖြေ ။ ။ ကျွန်တော် ခုနကပြောတဲ့အထဲမှာလည်း ပါတယ်။ သူတို့လက်တွေ့အုပ်ချုပ်ရေးလုပ်ငန်းတွေ၊ တရားစီရင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ရတာခက်တာကြောင့်၊ အဆင်မပြေတာကြောင့်မလို့ အစိုးရအဖွဲ့ဆိုတာ ကိုဖွဲ့လိုက်တာဖြစ်သလို အခြားတစ်ဖက်ကလည်း နိုင်ငံတကာနယ်ပယ်မှာ အထူးသဖြင့် ကုလသမဂ္ဂလိုနေရာမျိုး မှာ ဆက်ဆံတဲ့အခါ နိုင်ငံတစ်နိုင်ငံမှာ အစိုးရအဖွဲ့ခေါင်းဆောင်အနေနဲ့ ဝန်ကြီးချုပ် (သို့မဟုတ်) သမ္မတ ရှိနေဖို့ လိုတဲ့အတွက် အဲဒီဟာအတွက် ဖွဲ့တာလည်း ဖြစ်နိုင်ပါတယ်။
မေး ။ ။ ဦးနုရဲ့အိမ်စောင့်အစိုးရက အမေရိကန်ရော၊ ဆိုဗီယက်အပါအဝင် အင်အားကြီးတဲ့နိုင်ငံတွေ အကုန်လုံး နဲ့ဆက်ဆံရေးအဆင်ပြေတယ်။ ဦးနုကလိုပဲ အဆင်ပြေတယ်ဆိုတော့ ဒီပုံစံကိုသွားယူလိုက်တာမျိုးတွေ့ရတယ်။ အထူးသဖြင့် ကုလသမဂ္ဂရဲ့ခြေလှမ်းကလည်း အရေးကြီးနေတာဆိုတော့ အဲဒီအချက်ကို ဘယ်လိုမြင်မိလဲ။
ဖြေ ။ ။ အဲဒါတော့ ကျွန်တော်ထင်တယ် သိပ်ပြီးတော့ မဆိုင်ဘူးလို့။ ဟိုတုန်းကတော့ ဦးနုက နောက်ကွယ်မှာ ညှိပြီး လိုလိုလားလားနဲ့ နိုင်ငံနာမည်မပျက်အောင် ခင်ဗျားတို့လည်းဖြစ်စေချင်တဲ့အတိုင်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် အခြေခံဥပဒေနဲ့အညီ အပ်ပေးလိုက်တာဖြစ်တယ်။ ဆိုတော့ နိုင်ငံတကာအမြင်မှာ အားလုံးအဆင်ပြေပြီး လွှဲအပ်လိုက်တာပေါ့။ ယာယီပေးပြီး အုပ်ချုပ်လိုက်တာပေါ့။ အခုက သမ္မတဦးဝင်းမြင့်က အဲဒီလို လွှဲပေးလိုက်ရင်တော့ အဆင်ပြေပြေဖြစ်မှာပေါ့။ ဒါပေမယ့် အဲဒီလို မဟုတ်ဘဲ လုယူလိုက်သလို ဖြစ်သွား တာပေါ့။ ဖမ်းပြီး ထောင်ချလိုက်တော့ နိုင်ငံတကာက ၁၉၅၈ တုန်းကလို လက်ခံဖို့ကတော့ အများကြီး အခက်အ ခဲရှိတာပေါ့။ တော်တော်များများနိုင်ငံတွေ ကတော့ ဒါကိုလက်မခံကြဘူး။
မေး ။ ။ အဲဒီတော့ စစ်ကောင်စီဘက်ကတော့ ပြောမှာပေါ့။ ဦးဝင်းမြင့်က သမ္မတတာဝန်မဟုတ်တော့တဲ့ ဖေဖော်ဝါရီ (၁) ရက်နေ့မှာ ဒုတိယသမ္မတ(၁)၊ ယာယီသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေက သူတို့ကိုလွှဲပေးတာဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားဝင်ပါတယ်လို့ပြောလာရင်ရော။
ဖြေ ။ ။ မှန်ပါတယ်။ အခုက သမ္မတဦးဝင်းမြင့်ကသာ လိုက်လိုက်လျေလျောနဲ့ ကာလုံအစည်းအဝေးခေါ်ပြီး တော့ နိုင်ငံရေးအကြပ်အတည်းဖြစ်နေပြီး ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဉပဒေအရလုပ်ပေးမယ်ဆိုရင် ဘာပဲဖြစ် ဖြစ် အခြေခံဥပဒေလည်း မပျက်ဘူး။ ရွေးကောက်ပွဲလည်း ပြန်ပြီးအသစ်ကျင်းပပေးမယ်ဆိုရင် NLD လည်း ပြန်ပြီးနိုင် နိုင်တာပေါ့။ အခုက သမ္မတဦးဝင်းမြင့်ကိုဖယ်ချင်တဲ့အခါကျတော့ ဖမ်းလိုက်ရတယ်။ ဖမ်းလိုက်တော့ လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေနဲ့ ဖမ်းလိုက်တယ်။ အဲဒီတော့ သမ္မတ မရှိတော့ဘူးဆိုပြီး သူတို့က ယူဆတယ်။ အဲဒါကြောင့် ဒုသမ္မတက သမ္မတတာဝန်ကိုယူပြီးတော့ အခြေခံဥပဒေအရ လွှဲပေးတယ်လို့လုပ်တာ ပေါ့။
မေး ။ ။ သမ္မတကို အဲဒီလိုဖမ်းလိုက်တဲ့နေရာမှာ သမ္မတချိုးဖောက်တယ်ဆိုတာကို ဘယ်သူကဆုံးဖြတ်လဲ။ သမ္မတကအကြီးဆုံးဆိုတော့ သူချိုးဖောက်တာကို ဘယ်သူက ဆုံးဖြတ်လဲ။ နိုင်ငံတော်အင်္ဂါစဉ်မှာ နံပတ် (၈) အဆင့်ရှိတဲ့သူက ဘာဖြစ်လို့ သမ္မတကိုတက်ပြီး ဖမ်းရဲတာလဲဆိုတာပေါ့။
ဖြေ ။ ။ ဒီမိုကရေစီနိုင်ငံတွေမှာ တရားရေးအရ ဖမ်းဆီးတာက တာဝန်ယူထားတဲ့ တရားစွဲအဖွဲ့အစည်းတွေရှိ တယ်။ အဲဒီအဖွဲ့အစည်းတွေက လုပ်တာ။ အခုဟာကတော့ နိုင်ငံတော်သမ္မတကို တရားစွဲဆိုခွင့် မရှိလို့ ပြဋ္ဌာန်း ထားချက်တော့ရှိတယ်။ အမှုအားလုံးကိုပြောတာတော့ မဟုတ်ဘူး။ သူတာဝန်ထမ်းဆောင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တရားစွဲဆိုခွင့်မရှိ ဆိုတာရှိတယ်။ ဒါပေမယ့် နိုင်ငံတာ်သမ္မတက ရာဇဝတ်မှုတွေဖြစ်တဲ့ လူသတ်မှု၊ မုဒိန်းမှု၊ ကျူးလွန်မှု စတာတွေကိုတော့ တရားစွဲဆိုခွင့် မရှိလို့ ကာကွယ်ပေး မထားဘူးဗျ။ ဆိုတော့ ကျွန်တော်တို့က ဥပဒေနယ်ပယ်က ပုဂ္ဂိုလ်တွေမဟုတ်တော့ အသေးစိတ်ကို ရှင်းမပြတတ်ဘူး။ ဒါပေမယ့် အသေ အချာသတိထားပြီး ဖတ်ကြည့်တဲ့အခါ သမ္မတက ဘာလုပ်လုပ် တရားစွဲဆိုခွင့် မရှိလို့တော့ မဟုတ်ဘူး။
မေး ။ ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့မိန့်ခွန်းကိုတော့ ဦးရဲနားထောင်ဖြစ်လိမ့်မယ်လို့ထင်ပါတယ်။ အဲဒီ အထဲမှာ အာဏာထိန်းရတဲ့ဖြစ်စဉ်တွေအကြောင်းလည်း ရှင်းပြထားတယ်။ ဒါကကျွန်တော်တို့ သိနေကျ အကြောင်းအရာပါပဲ။ အဲဒီအထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့အဓိကအချက်က ရွေးကောက်ပွဲကို ၂ဝ၂၃၊ ဩဂုတ်လ မတိုင်ခင်မှာ မဖြစ်မနေလုပ်ပေးမယ်လို့ အသေအချာပြောသွားတာ တွေ့ရတယ်။ ဆိုလိုတာက သူတို့ရဲ့သက် တမ်းက ၂ဝ၂၃၊ ဩဂုတ်အထိပဲ ရှိတယ်။ အဲဒီထက် မကျော်ပါဘူးလို့ ပြောသွားတဲ့သဘောမျိုးတွေ့ရတယ်။ ဆို တော့ အဲဒီအနေအထားကိုရော ဦးရဲ အနေနဲ့ လက်ခံနိုင်ချေရှိလား။ ကတိပြုတယ်လို့တော့ သူက ပြောသွားတယ်။
ဖြေ ။ ။ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နံပတ်(၁) အနေနဲ့ သူတို့က ၂ဝဝ၈ အခြေခံဥပဒေကို မဖျက် ချင်ဘူး။ အခုသွားနေတာကလည်း အခြေခံဥပဒေဘောင်ထဲက သွားနေတာပါဆိုပြီးတော့ ထပ်တလဲလဲပြောနေ တာပေါ့။ တချို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ ဥပဒေပညာရှင်တွေကတော့ နစက အာဏာလွှဲယူလိုက်တာက အခြေခံဥပဒေနဲ့မညီဘူးလို့ ပြောပေမယ့် သူတို့ကတော့ အခြေခံဥပဒေထဲကအတိုင်း သွားနေတယ်ဆိုတာကို တစိုက်မတ်မတ်ပြောပြီး အဲဒီအတိုင်း ကတိတည်အောင်ကြိုးစားနေတာပေါ့။ အာဏာဆက်ပြီးယူထားရင်တော့ ၂ဝဝ၈ အခြေခံဥပဒေကို သူတို့ကိုယ်တိုင် မလေးစားရာရောက်ပြီး ဖောက်ဖျက်ရာ ကျမှာပေါ့။ အဲဒီတော့ ဒီကတိကို တည်လိမ့်မယ်ဆိုပြီးတော့ ပထမအချက်အနေနဲ့ယူဆတာပေါ့။ ဒုတိယအချက်အနေနဲ့တော့ နိုင်ငံရေးအခင်း အကျင်းပေါ့။ နိုင်ငံရေးအခင်းအကျင်းက NLD ဖျက်သိမ်းမခံရဘူး။ NLD ပြန်ပါလာမယ်ဆိုရင် သူတို့မျှော်မှန်းထား တဲ့လမ်းကြောင်းက ချောချောမွေ့မွေ့မရှိလှဘူး။ NLD ရှိနေရင် NLD ကို ပြည်သူလူထုကထောက်ခံပြီး NLD ပြန်ပြီးအာဏာရခဲ့ရင် သူတို့မျှော်မှန်းထားသလို ဖြစ်မှာမဟုတ်ဘူး။ အထူးသဖြင့်တော့ ကိုကျော်မျိုးမင်း မေးသလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့သမ္မတဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ရေးရည်မှန်းချက်တွေ၊ တိုင်းပြည်ရဲ့အုပ်ချုပ်ရေး၊ စီမံ ခန့်ခွဲရေးကိစ္စတွေက NLD ရှိနေမယ်ဆိုရင် မှန်းထားသလိုဖြစ်လာဖို့ မလွယ်ဘူး။ ဒါကြောင့်မို့ အခုကလည်း NLD က ဖျက်သိမ်းခံရမယ့်အနေအထားက သေချာနေပြီ။ ဖျက်သိမ်း မခံရရင်လည်း NLD က ဝင်ပြိုင်လိမ့်မယ်လို့ မထင်ဘူး။ အဲဒီအချက် နှစ်ချက်ကြောင့် ဘာပဲဖြစ်ဖြစ် ကတိနဲ့အညီ ရွေးကောက်ပွဲလုပ်ပေးလိမ့်မယ်လို့ ယူဆတယ်။
မေး ။ ။ ဟုတ်ကဲ့ပါ ဦးရဲ။ နောက်ဆုံးမေးခွန်းအနေနဲ့ အိမ်စောင့်အစိုးရအဖြစ်နဲ့ သူတို့ကစပြီး ကြေညာ လိုက်ပြီပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၂၁) ၊ ပုဒ်မခွဲ (ခ) အရ အရေးပေါ်ကာလ အာဏာလွှဲပြောင်းယူတာက (၂) နှစ်လို့ပြောတာဆိုတော့ အဲဒီ(၂) နှစ်ကို သူတို့က ဘယ်နေရာကစပြီး သတ်မှတ်လိုက်လို့ ၂ဝ၂၃ ဩဂုတ်လို့ ပြောလို့ ရတာလဲ။ အဲဒါကို မရှင်းဘူး ဖြစ်နေတယ်။ အဲဒါကိုဘယ်လိုများ အဓိပ္ပါယ် ဖွင့်ထုတ်ပေးချင်လဲခင်ဗျ။
ဖြေ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖတ်ကြည့်တဲ့အခါမှာ ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို လွှဲ ပြောင်းယူတာမှာ ပထမတစ်ကြိမ်က (၁) နှစ်ပေါ့။ နောက်တစ်ခါ မလောက်သေးရင် (၆) လ၊ (၆) လ နှစ်ခါ လွှဲပြောင်းပြီးသွားရင် ဘာလုပ်ရမလဲဆိုတော့ အခု ယာယီသမ္မတပေါ့။ ဦးမြင့်ဆွေကို အစီရင်ခံရမယ်။ အစီရင်ခံ ပြီး တော့ တိုင်းပြည်ကိုပြန်အပ်ရမယ်။ ပြန်အပ်တဲ့အချိန်မှာ လွှတ်တော်သက်တမ်းတွေကလည်း ကုန်နေပြီ။ လွှတ် တော်လည်း မရှိတော့ဘူးဆိုတဲ့အချိန်မှာ ရွေးကောက်ပွဲအသစ်ပြန်လုပ်ပေးရမယ်လို့ ပြဋ္ဌာန်းထားတယ်။ ဆိုလိုတာ က သူအာဏာယူပြီး ငြိမ်ဝပ်ပိပြားအောင်လုပ်နေတဲ့ (၂) နှစ်အတွင်းမှာ ရွေးကောက်ပွဲလုပ်ပေးရမယ်လို့ ပြဋ္ဌာန်း မထားဘူး။ ဒီ (၂) နှစ်က တိုင်းပြည်ကို ပုံမှန်ပြန်ဖြစ်သွားပါပြီ ဆိုတဲ့ဟာကို သူက အာမခံပေးရမှာ။ ဒီ(၂) နှစ်ဆိုတာ ကို သေချာပြန်ပြီး သုံးသပ်ကြည့်တဲ့အခါ (၂) နှစ်ပြည့်တဲ့အခါမှာ ပြန်ပြီးတော့အပ်ရမှာ။ ပြန်အပ်တော့ သမ္မတက လိုအပ်တဲ့အဖွဲ့အစည်းတွေဖွဲ့ပြီး ရွေးကောက်ပွဲကော်မရှင်တွေဖွဲ့ပြီး ပြန်ပြီးကျင်ပရမှာဆိုတော့ အဲဒီအချိန်မှာ ကျ တော့ ကာကွယ်ရေးဦးစီးချုပ်ကို ရွေးကောက်ပွဲပြန်လည်ကျင်ပပေးဖို့ ပြောတာမျိုးလည်းဖြစ်နိုင်တာပေါ့။ ဒါပေမယ့် အခုက ရွေးကောက်ပွဲကော်မရှင်လည်း ဖွဲ့ပြီးပြီဆိုတော့ ဒီကော်မရှင်ကပဲ လုပ်သွားမှာပေါ့။ အခြေခံဥပဒေမှာတော့ သပ်သပ်ခွဲထားတယ်။ ဒါပေမယ့် (၂) နှစ်ပြည့်ရင်တော့ ဒုသမ္မတကိုအစီရင်ခံပြီး ဒုသမ္မတကလည်း သူ့ကိုပေးထား တဲ့ သက်တမ်းပြည့်ပြီဆိုတာကို ကြေညာရဦးမယ်။
မေး ။ ။ အဲဒါဆိုရင် ၂ဝ၂၁ ဖော်ဖော်ဝါရီ ၁ ရက်နေ့က ပေးထားတဲ့ တာဝန်က ၂ဝ၂၃ ဖော်ဖော်ဝါရီ ၁ ရက်ဆို ပြတ် ပြီ။ ဒါပေမယ့် သူက ဩဂုတ်လအထိ ပြောထားတာဖြစ်တဲ့အတွက် အဲဒါက ဘာကိုရည်ညွှန်းတာလို့ ပြောလို့ရလဲ။
ဖြေ ။ ။ အမှန်ကတော့ တကယ်တမ်းဥပဒေနဲ့ တိတိကျကျပြောမယ်ဆိုရင် ရွေးကောက်ပွဲလုပ်ပေးမယ့်ကိစ္စတွေ ပြောဖို့မလိုဘူး။ သူ့ရဲ့တာဝန်က ဖွဲ့စည်းပုံအခြေခံဉပဒေပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ ပထမ တစ်နှစ်နဲ့ နောက်ထပ် (၆) လ၊ (၆) လ နှစ်ခါ သက်တမ်းတိုးခွင့်ပဲ ရှိတာ။ (၂) နှစ်ပြည့်ရင် အာဏာပြန်အပ်ရမှာ။ ပြန်အပ်ပြီးရင် ဒုသမ္မတနှစ်ယောက်မှာ သမ္မတတာဝန်ယူထားတဲ့ပုဂ္ဂိုလ်က သူ့ကိုပေးထားတဲ့အမိန့်ညွှန်ကြားချက် ပျက်ပြယ်ကြောင်း ကြေညာပြီးတော့ ရွေးကောက်ပွဲလုပ်ဖို့ ဘာညာကို သူကဆက်လုပ်ရမှာ။ အခြေခံဥပဒေနဲ့အညီ ဆိုရင်တော့ (၂) နှစ် နောက်ပိုင်းက သမ္မတရဲ့တာဝန်ပေါ့။
မေး ။ ။ ဖေဖော်ဝါရီ (၁) ရက်မှာ ပြန်အပ်လိုက်ပြီဆိုရင် ဆက်ပြီး (၆) လ သက်တမ်းရှိသေးတာတွေ့ရတယ်။
ဖြေ ။ ။ အခြေခံဉပဒေအရ(၆) လအတွင်း ရွေးကောက်ပွဲလုပ်ပေးရမှာ။ အချိန်ဆွဲထားလို့မရဘူးလို့ တိတိကျကျ တွေ့ရတယ်။
မေး ။ ။ အဲဒါကြောင့် သူက ၂ဝ၂၃၊ ဩဂုတ်လို့ တိတိကျကျပြောခဲ့တာပေါ့။
ဖြေ ။ ။ ဟုတ်ပါတယ်။
မေး ။ ။ ဒါဆိုကျွန်တော်တို့လူထု နားလည်နေတာနဲ့ တကယ်တမ်းဥပဒေနဲ့က နည်းနည်းလေး ဟ နေတာပေါ့။
ဖြေ ။ ။ မှန်တယ်ဗျ။ ကျွန်တော်လည်း မူလကထင်တာက သူအာဏာလွှဲယူထားတဲ့ (၂) နှစ်အတွင်းမှာ ရွေးကောက်ပွဲလုပ်ပေးလိမ့်မယ်လို့ထင်တာပေါ့။ ဒါပေမယ့် သေသေချာချာပြန်ဖတ်ကြည့်တဲ့အခါ ဒီအာဏာလွှဲယူ ထားတာက အခြေအနေတွေပုံမှန်ရောက်သွားအောင်လို့ တာဝန်ယူတဲ့သဘောပဲ။ စပြီးတော့ အခြေခံဥပဒေမှာ ရေးထားတာက တရားဝင်ပြည်သူလူထုရွေးကောက် တင်မြှောက်ထားတဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းများဟာ ဥပဒေနဲ့အညီ ပိုင်ပိုင်နိုင်နိုင် မအုပ်ချုပ်နိုင်တော့လို့ တိုင်းပြည်က ဆူဆူပူပူတွေဖြစ်ပြီးတော့ မအုပ်ချုပ်နိုင်တော့လို့ ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနဲ့အညီတာဝန်ယူပေးဖို့ အပ်တာ။ ဆိုတော့က သူလုပ်ပေးရမှာက အဲဒါကိုပဲ လုပ်ရ မှာ။ ပုံမှန်ဖြစ်သွားအောင်ပဲလုပ်ရင် သူ့တာဝန်က ကျေပြီ။ ရွေးကောက်ပွဲလုပ်ဖို့တို့ ဘာတို့က သမ္မတက ဆက်လုပ် ရမှာ။ အခြေခံဥပဒေမှာလည်း သမ္မတ၊ ဒုသမ္မတတွေ ကလည်း ဆက်ပြီးတော့ တာဝန်ရှိနေတယ်။ အစိုးရအဖွဲ့ ဝန်ကြီးတွေကတော့ တာဝန်မရှိတော့ဘူး။ သို့သော် ကာလုံက အာဏာဆက်ရှိနေပြီး ကာလုံက ဆက်လက် ဆောင်ရွက်ပေးရမယ်လို့လည်း တွေ့ရတယ်။ ဆိုတော့ ကာလုံထဲမှာပါတဲ့ ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာကွယ် ရေး ဦးစီးချုပ်နဲ့ပေါ့။ ကာကွယ်ရေးဝန်ကြီးကလည်း ပြုတ်သွားပြီဆိုတော့ အခြေခံဥပဒေအရ သမ္မတနဲ့ ဒုသမ္မတနှစ် ယောက်ပေါ့။ အခု သမ္မတက မရှိတော့ဘူးဆိုတော့ (၄) ယောက်ပဲ ကျန်တော့တာပေါ့။ အဲဒီနောက်ပိုင်းမှာ ကာလုံ ကနေ ဦးဆောင်ရမယ့်တာဝန်တွေ ပြဋ္ဌာန်းထားတာ တွေ့ရတယ်။
မေး ။ ။ ဒါဆိုရင် အိမ်စောင့်အစိုးရသက်တမ်းကလည်း ၂ဝ၂၃၊ ဩဂုတ်လ အထိပဲ ပြောလို့ရမလား။ ၂ဝ၂၃၊ ဖေဖော်ဝါရီ အထိပဲလို့ ပြောလို့ရမလား။
ဖြေ - သူ့ရဲ့သက်တမ်းက အခြေခံဥပဒအရဆိုရင် ၂ဝ၂၃ ဖေဖော်ဝါရီအထိပဲပေါ့။ ဘာကြောင့်ဆို အဲဒီအချိန်မှာ ယာယီသမ္မတကို အစီရင်ခံရမှာ။ ယာယီသမ္မတကလည်း သူထုတ်ပြန်ပြီး အာဏာလွှဲအပ်ထားတာကို ပျက်ပြယ် ကြောင်း ကြေညာပေးရမှာ။ အဲဒီလိုကြေညာလိုက်ရင် ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတွေလည်း အလိုအလျောက် ပျက်ပြယ်သွားမယ်။
မေး ။ ။ အဲဒီတော့ ၂ဝ၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အိမ်စောင့်အစိုးရ ဆိုတာ မရှိတော့ဘဲနဲ့ ယာယီသမ္မတကနေ ရွေးကောက်ပွဲကို (၆) လအတွင်း အပြီးပြန်လုပ်ပေးရမှာပေါ့။
ဖြေ ။ ။ အဲဒီမှာ ကာလုံရဲ့အခန်းကဏ္ဍပါတယ်။ ကျွန်တော်ခုနကတုန်းက ပြည့်ပြည့်စုံစုံသေချာ မဖတ်ကြည့် လိုက်လို့။ အဲဒီမှာ ကာလုံနဲ့တိုင်ပင်ပြီးတော့ ဆိုတာပါတယ်။ ကာလုံက ဘယ်သူနဲ့တိုင်ပင်ရမလဲဆိုတော့ သမ္မတနဲ့ တိုင်ပင်ရမှာ။ အဲဒီတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်ပြီး ပါနေမှာပေါ့။
မေး ။ ။ ဆိုလိုတာတော့ ကိုယ့်ဖဲကိုယ် ချိုးလိုက်သလို ဖြစ်သွားသလား။
ဖြေ ။ ။ မှန်တာပေါ့။ ဖျက်တာ ပြုတာတွေကို ငါတို့ဖဲ ငါတို့ချိုးမယ်ကွာ။ လုပ်မနေနဲ့ဆိုရင် ဥပဒေသမားတွေက ထောက် ပြစရာဖြစ်တာပေါ့။ တကယ့်တကယ်ဥပဒေကြောင်းအရကတော့ ၂ဝ၂၃ ဖေဖော်ဝါရီမှာ ပြန်ပြီးအပ်ရမှာ။ ပြန်အပ်တော့ သမ္မတကရွေးကောက်ပွဲလုပ်ပေးဖို့ ကာလုံကိုခေါ်ပြီးတိုင်ပင်ရမယ်။ အဲဒီမှာဦးမြင့်ဆွေက ကာ ကွယ်ရေး ဦးစီးချုပ်ရဲ့အထက်မှာ ရှိမှာပေါ့။ ဒါကို ကိုယ့်ဖဲ ကိုယ်ချိုးတာပဲကွာ လုပ်ချင်သလိုလုပ်မယ်ဆိုပြီး နစက ကို ပေးထားတဲ့အမိန့်တွေကို မဖျက်ဘဲလုပ်ရင်တော့ ဥပဒေသမားက ထောက်ပြစရာဖြစ်တာပေါ့။ လူတွေ ကတော့ တူတူပဲဖြစ်တာ/ မဖြစ်တာအသာထားပေါ့။ ဥပဒေနဲ့အညီတော့ လုပ်ရမှာပေါ့။
မေး ။ ။ ကျွန်တော်မေးတဲ့အထဲမှာ ကျန်နေခဲ့တာရှိရင် ရှိမယ်။ ဦးရဲကလည်း ဖြည့်စွက်ပြီး ပြောချင်တာရှိရင် ပြော ပေးပါဦးခင်ဗျာ။
ဖြေ ။ ။ သူတို့ဆောင်ရွက်နေတဲ့ကိစ္စတွေက တတ်နိုင်သမျှမမှားအောင်လို့ အခြေခံဥပဒေကျွမ်းကျင်တဲ့ ပုဂ္ဂိုလ် တွေနဲ့တိုင်ပင်လိမ့်မယ်လို့ထင်ပါတယ်။ အဲဒီလိုမတိုင်ပင်ဘူးဆိုရင်တော့ ထောက်ပြစရာတွေဖြစ်မှာပေါ့။ ဘာပဲဖြစ် ဖြစ် အခြေခံဥပဒေနဲ့အညီလုပ်နေသေးရင်တော့ အနာဂတ်မှာဘာတွေဖြစ်မလဲဆိုတာ မှန်းလို့ရသေးတာပေါ့။ အဲဒီ လိုမဟုတ်ဘဲနဲ့ အာဏာသိမ်းလိုက်ပြီး အခြေခံဥပဒေပျက်သွားရင်တော့ မှန်းဖို့ခက်တယ်။ အာဏာသိမ်းတဲ့ကာလ ကလည်း ဘယ်လောက်ထိကြာမယ်မှန်း မသိဘူး။ ကျွန်တော်တို့ရဲ့လွှတ်လပ်စွာပြောဆိုခွင့်တွေကလည်း ဘယ်လောက်အထိ ပြောလို့ရမလဲဆိုတာ မသိနိုင်ဘူးပေါ့။ ဆိုတော့ ဘာပဲဖြစ်ဖြစ် အခြေခံဥပဒေလေး မပျက်သေး ဘူးဆိုရင် အနာဂတ်ကိုမှန်းလို့ရတာပေါ့။ အခြားနိုင်ငံရေးသမားတွေကလည်း နောက်အနာဂတ်မှာ ငါတို့ ဘယ်နေ ရာကနေ ပါနိုင်လဲ။ ဘယ်လိုပါမလဲ။ ဘယ်လိုဖြစ်လာနိုင်မလဲဆိုတာ တွက်လို့ရတာပေါ့။
မေး - ဟုတ်ကဲ့ပါခင်ဗျာ။ အချိန်ပေးပြီး ပြည့်ပြည့်စုံစုံဖြေကြားပေးတာ ကျေးဇူးပါခင်ဗျာ။ နောက်လည်း ထပ်ဆုံပါဦးမယ် ခင်ဗျာ။

Related news

© 2021. All rights reserved.