မြန်မာပြသနာအဖြေရှာဖို့ အချိန်အတိအကျသတ်မှတ်ထားလို့မရကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး သတိပေး
1495
ဂျန်ဇက် (NP News) - သြဂုတ် ၇
မြန်မာ့နိုင်ငံရေးအခက်အခဲတွေကို ဖြေရှင်းအဖြေရှာဖို့တိကျတဲ့အချိန် သတ်မှတ်မှုမျိုးထားလို့မရကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဆိုပါတယ်။
အာဆီယံအဖွဲ့ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံအတွက် အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ပြီးချိန်မှာ အဆိုပါ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုစတင်မယ့် အချိန်အပေါ် မေးခွန်းထုတ်နေချိန်မှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက အခုလိုမျိုးပြောဆိုခဲ့တာပါ။ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးက " မြန်မာ့နိုင်ငံရေးအခက်အခဲကို ဖြေရှင်းဖို့ဆွေးနွေးအဖြေရှာရမှာပါ။ အဲဒီလိုမျိုး လုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ အခက်အခဲတွေရှိနိုင်ပါတယ်။ ဆွေးနွေးမှုတွေ အချိန်ကြာကောင်း ကြာနိုင်တယ်။ ကျွန်တော်အနေနဲ့ မြန်မာနိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ တိကျတဲ့အချိန် သတ်မှတ်မှုမျိုးတွေ ရှောင်ရှားစေလိုတယ်။ ဆွေးနွေးအဖြေရှာနိုင်ဖို့ အချိန်ယူရမှာဖြစ်တယ် " လို့ ပြောပါတယ်။ ဒါ့အပြင် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက " စင်ကာပူအနေနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေးကို အလွန်အမင်း ဝင်ရောက်စွက်ဖက်တာမျိုး လုပ်ဆောင်မှာမဟုတ်ဘူး။ နိုင်ငံတစ်နိုင်ငံရဲ့ ကံကြမ္မာက အဲဒီနိုင်ငံက ပြည်သူတွေရဲ့လက်ထဲမှာရှိတယ် " လို့ ပြောပါတယ်။ အာဆီယံအဖွဲ့ကြီးဟာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သဘောတူညီချက်ငါးချက်ရယူနိုင်ခဲ့ပြီး သုံးလအကြာမှာ သဘောတူညီချက်ထဲမှာပါတဲ့အတိုင်း အထူးကိုယ်စားလှယ်ခန့်အပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့ကြီးဟာ အထူးကိုယ်စားလှယ်ခန့်အပ်ရေးနဲ့ပတ်သက်ပြီး အချိန်ကြန့်ကြာနေတဲ့အတွက် ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရဖူးပါတယ်။ အင်ဒိုနိးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး ကိုယ်စားလှယ်ခန့်အပ်ထားရသူ Erywan Yusof အနေနဲ့ စက်တင်ဘာလမှာ တိုးတက်မှုအခြေအနေကို တင်ပြစေလိုကြောင်း ပြောဆိုတိုက်တွန်းခဲ့ပေမယ့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကတော့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ မျှော်လင့်ချက်တွေက မြင့်မားလွန်းနေတယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက " အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံရေးမှာ ပါဝင်နေသူအားလုံးနဲ့ ဆွေးနွေးရမှာပါ။ သူရဲ့အဓိကလုပ်ဆောင်ရမယ့်အချက်ဟာ အရိုးသားဆုံးနဲ့ ကြားဝင်စေ့စပ်ဆွေးနွေး ညှိနှိုင်းသူဖြစ်ဖို့ လုပ်ဆောင်ရမှာပါ။ အဖွဲ့အစည်းတွေကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ၊ စေ့စပ်ဆွေးနွေးမှုတွေ ဖြစ်လာအောင် ကြားဝင်စေ့စပ်ဆွေးနွေး ညှိနှိုင်းရမှာပါ " လို့ သတိပေးပြောကြားပါတယ်။