ကိုဗစ်ကာကွယ်ဆေးမထိုးထားသူက ထိုးထားသူထက် ကူးစက်ခံရနိုင်ချေ နှစ်ဆကျော်ပိုများကြောင်း အမေရိကန်သုတေသီများ ဆို
861
ဂျန်ဇက် (NP News) - သြဂုတ် ၈
ကိုဗစ်ကာကွယ်ဆေးမထိုးရသူတွေက ကိုရိုနာဗိုင်းရပ်စ်ပြန်ကူးစက်နိုင်ချေ နှစ်ဆကျော်များတယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်တားဆီးရေးစင်တာ Centres for Disease Control and Prevention က ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါအေဂျင်စီဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးထားသူတွေနဲ့ မထိုးထားရသေးသူတွေကို နှိုင်းယှဉ် လေ့လာပြီးနောက်မှာ အခုလိုမျိုးသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်အထက်လွှတ်တော်အမတ် ရမ်ပေါလ်အပါအဝင်နိုင်ငံရေးသမားအချို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးဖို့ အစီအစဉ်မရှိကြောင်း၊ သဘာဝကပေးတဲ့ ကိုယ်ခံစွမ်းအားကို တားဆီးပိတ်ပင်သလိုဖြစ်စေနိုင်တဲ့အတွက် ကာကွယ်ဆေးမထိုးတာဖြစ် ကြောင်း ပြောခဲ့ဖူးပါတယ်။
အမေရိကန်ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်တားဆီးရေးစင်တာဟာ ၂ဝ၂ဝ ခုနှစ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ရပြီးနောက် ဒီနှစ် မေလနဲ့ ဇွန်လတို့မှာ ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရတဲ့ Kentucky မြို့က လူကြီး ၂၄၆ ဦးကို လေ့လာမှုစစ်တမ်းလုပ်ခဲ့တာလည်းဖြစ်ပါတယ်။
လေ့လာမှုစစ်တမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေဖြစ်တဲ့ Pfizer, Moderna orJohnson & Johnson ဆေးတွေ မထိုးထားရသေးသူဟာ အဆိုပါကာကွယ်ဆေး အပြည့်အဝထိုးထားသူထက် ကိုရိုနာဗိုင်းရပ်စ် ပြန်လည်ကူးစက်နိုင်ချေ ၂ ဒသမ ၃၄ ဆ ပိုများတယ်လို့ဆိုပါတယ်။ ကာကွယ်ဆေးမထိုးရသေးဘဲ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရချိန်အတွင်း လူရဲ့ကိုယ်ခံစွမ်းအားကို ပိုမိုအားနည်းသွားစေခဲ့ပြီး မျိုးဆက်ပြောင်းဗိုင်းရပ်စ် ကြောင့် ပိုမိုထိခိုက်ခံရနိုင်ဖွယ်ရှိနေတယ်လို့ စစ်တမ်းမှာဖော်ပြခဲ့ပါတယ်။
ဓါတ်ခွဲခန်းတွေမှာ လေ့လာစမ်းသပ်မှုတွေအရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူရဲ့သွေးနမူနာကို စစ်ဆေး စမ်းသပ်ချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူရဲ့သွေးဟာ တောင်အာဖရိကနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်း ရပ်စ်ရဲ့မျိုးကွဲ တစ်ခုဖြစ်တဲ့ Beta ဗိုင်းရပ်စ်ကို ခုခံတုံ့ပြန်မှု ပိုင်း အားမကောင်းဘူး လို့ သိရပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတစ်မျိုးဖြစ်တဲ့ Delta ကိုအများဆုံးတွေ့ရပြီး အဲဒီ Delta နဲ့ ပတ်သက်ပြီးလေ့လာစမ်းသပ်မှုအများအပြားကို လုပ်ဆောင်နေကြတယ်လို့သိရပါတယ်။
#NPNews