မြန်မာအလှကုန်ပစ္စည်း ဈေးကွက်ရောင်းအား ဒေါ်လာသန်း(၅၀၀)ကျော်အထိ ဖြစ်လာမယ်လို့ သုတေသန အစီအရင်ခံစာတစ်ခုက ခန့်မှန်းထုတ်ပြန်

820

မိုးတိမ် (NP News) - သြဂုတ် ၁၃
မြန်မာနိုင်ငံရဲ့အလှကုန်ဈေးကွက်ဟာ ၂၀၁၉ ခုနှစ်တုန်းက ဒေါ်လာ ၂၇၂ သန်းကျော်ဖိုး ရောင်းချထား နိုင်တဲ့အနေအထား ရှိခဲ့ရာကနေ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဒေါ်လာသန်း(၅၀၀)ကျော်ဖိုးအထိ ကြီးမားတဲ့ဈေးကွက်ဖြစ်လာနိုင်တယ်လို့ သုတေသနစစ်တမ်းတစ်စောင်က ထုတ်ပြန်လိုက်ပါတယ်။
Skin Care သုံးစွဲမှုအပိုင်းမှာ မြန်မာနိုင်ငံဟာ အိမ်နီးချင်းအာရှနိုင်ငံတွေထက် နိမ့်ပါးခဲ့တဲ့နိုင်ငံဖြစ်ပေမယ့် ဒီဘက်ငါးနှစ်ကျော်အတွင်းမှာ ဖြည်းဖြည်းချင်းပြောင်းလဲလာတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအပြင် အမျိုးသားတွေကပါ အလှကုန်ပစ္စည်းတွေကို သေသေချာချာ သုံးစွဲလာကြတာကြောင့် ဖြစ်တယ်လို့ Allied Market Research က ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ သူတို့ရဲ့အစီအရင်ခံစာမှာတော့ မြန်မာအလှကုန်ပစ္စည်းများရောင်းချရမှုဈေးကွက်၊ သုံးစွဲသူအသက်အရွယ်၊ သုံးစွဲတဲ့ပုံစံနဲ့ သုံးစွဲမှုအများဆုံးလမ်းကြောင်းတွေကို ရွေးချယ်တွက်ဆထားတာဖြစ်ပြီး အဓိကအားဖြင့် မြို့ပြကြီးတွေကို အခြေပြုထားတယ်လို့ ဆိုပါတယ်။
စစ်တမ်းမှာဖော်ပြထားချက်အရ ၂၀၁၉ ခုနှစ်အတွင်းက အလှကုန်ပစ္စည်းရောင်းချရမှု စုစုပေါင်း ဒေါ်လာ ၂၇၂ ဒသမ ၃ သန်းလောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီပမာဏဟာ ရပ်မသွားဘဲ နောက်ထပ် ဆယ်စုနှစ်တစ်ခုမတိုင်မီ၊ တစ်နည်းအားဖြင့် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်အတွင်းမှာပဲ တိုးတက်ပြောင်းလဲမှုဖြစ်ပြီး ဒေါ်လာ ၅၀၁ ဒသမ ၆ သန်းအထိ ရောက်သွားနိုင်တယ်လို့ ခန့်မှန်းထားတာပါ။ လူဦးရေ ၅၄ သန်းကျော်ရှိနေတဲ့ တိုင်းပြည်ဟာ ဈေးကွက်ဝယ်လိုအားအရ ဒီထက်ပိုများလာသင့်ပေမယ့် မြန်မာနိုင်ငံရဲ့ရိုးရာအလှကုန်ပစ္စည်းတွေက ကျေးလက်မှာ အားကောင်းနေဆဲဖြစ်တာကြောင့် ခေတ်ပေါ်လို့ ပြောနိုင်တဲ့ အလှကုန်ပစ္စည်းတွေက အတိုင်းအတာတစ်ခုအထိ ဆက်စောင့်ရဦးမယ်လို့ ဆိုပါတယ်။ သို့သော်လည်း လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ ယှဉ်ရင် ဈေးကွက်က ခိုင်မာအားကောင်းလာပြီဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့အလှကုန်ပစ္စည်းတွေထဲမှာ ဈေးကွက်ကို ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ပစ္စည်းတွေအဖြစ် L’Oreal ၊ Kao Corporation ၊ Estee Lauder ၊ Revlon Inc ၊ Unilever Group ၊ Shiseido Company ၊ Procter & Gamble ၊ Frenzo Myanmar Company ၊ Beiersdorf AG နှင့် ရွှေပြည်နန်းတို့ ဖြစ်ကြောင်းသိရပါတယ်။ ထူးခြားချက်ကတော့ ဖရန်ဇိုမြန်မာကတော့ နာမည်ကျော်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့လုပ်ငန်းဖြစ်ပြီး ရွှေပြည်နန်းကတော့ မြန်မာတို့ရဲ့အသည်းစွဲ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
#NPNews