သာမန်သမရိုးကျ တရားဝင်တင်သွင်းတဲ့လူတွေကတော့ ဆေးဝါးကိုလက်ထဲမှာကြာကြာမထားဘူးဟု ဒေါက်တာမောင်မောင်လေးပြော

767

NP News - သြဂုတ် ၁၆
ဆေးဝါးများသည် သက်တမ်းကုန်ဆုံးမည့် အချိန်ကာလသတ်မှတ်ချက်ရှိသည့်အတွက် သာမန်သမရိုးကျ တရားဝင် ဆေးဝါးတင်သွင်းဖြန့်ဖြူးရောင်းချသူများသည် ဆေးဝါးများကို အချိန်ကြာကြာ ထိန်းသိမ်းခြင်းမရှိဘဲ စျေးကွက်အ တွင်း အလျင်အမြန်ရောင်းချကြောင်း UMFCCI Task Force အဖွဲ့ဝင်၊ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။
မြန်မာနိုင်ငံတွင် သုံးစွဲနေရသည့် ဆေးများ၏ ၈၅ ရာခိုင်နှုန်းခန့်သည် ပြည်ပမှတင်သွင်းနေရသည့်အတွက် COVID-19 တတိယလှိုင်းဖြစ်ပွားခဲ့ချိန်တွင် မြန်မာနိုင်ငံအတွင်း ဆေးဝါးများပြတ်လပ်ခဲ့ပြီး စျေးနှုန်းများ ကြီးမြင့်လာခဲ့ရသည်။
“မြန်မာနိုင်ငံမှာသုံးနေတဲ့ဆေးတွေရဲ့ ၈၅ ရာခိုင်နှုန်းက ပြည်ပကနေသွင်းနေရတာဖြစ်တဲ့အတွက် နိုင်ငံခြားမှာလည်း အော်ဒါတင်ရတော့ နှစ်လ၊ သုံးလလောက်ကြာတယ်။ သင်္ဘောနဲ့ပို့ရင် တစ်လလောက်ကြာတယ်။ ဒီကြား ကာလအတွင်းမှာ ဆေးဝါးက အလျင်မမီနိုင်တဲ့အတွက် ဆေးဝါးပြတ်လပ်မှုတွေ စျေးတက်မှုတွေဖြစ်တာပါ။ အခုတော့ တော်တော်များများက ပြန်ဝင်လာပါပြီ”ဟု ယင်းကပြောသည်။
မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်ထိစပ်လျက်ရှိသည့်အတွက် အချိန်မရွေးဝင်ရောက်နိုင်သည့် လမ်း ကြောင်းများပေါများခြင်းကြောင့် အာနိသင်မဲ့သည့်၊ အတုအပရှိသည့် ဆေးဝါးများ ဝင်လာနိုင်သည်ကို အထူးသတိ ထားရမည်ဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများက တားဆီးပေးရန်လိုအပ်မည်ဟုလည်း ယင်းက အသိပေးပြောကြားခဲ့သည်။
ဆေးဝါးများသိုလှောင်သိမ်းဆည်းကာ စျေးကစားရန်အတွက် လုပ်ဆောင်နေကြသည့် ဆေးဂိုထောင်များ ဖော်ထုတ်ရမှုနှင့်စပ်လျဉ်းပြီး ဒေါက်တာမောင်မောင်လေးက “ဆေးဝါးတွေက ကုန်ဆုံးတဲ့ရက်က တစ်ခုနဲ့တစ်ခုမတူပါဘူး။ မြန်မာပြည်က စားသုံးသူတွေက ကုန်ဆုံးမယ့်ရက်က ခြောက်လလောက် ပဲကျန်တယ်ဆိုရင် မလိုချင်ကြဘူး။ ဒါ့ကြောင့် ဆေးဝါးတင်သွင်းဖြန့်ဖြူးရောင်းချတဲ့ လူတွေက ထိန်ချန်ထားတာ၊ လှောင်ထားတာမရှိဘူး။ မြန်မြန်ငွေပေါ်ချင်တယ်။ မြန်မြန်ရောင်းတယ်။ အခုဆိုရင် ပိုပြီးတော့တောင် မြန်မြန်ရောင်းပါသေးတယ်။ သာမန်သမရိုးကျ တ ရားဝင်တင်သွင်းတဲ့လူတွေကတော့ လက်ထဲမှာကြာကြာမထားဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နယ်စွန်နယ်ဖျားရောက်တဲ့အချိန်ကို တစ်ခါတလေ လနဲ့ချီကြာတဲ့အတွက် ဆေးဝါးရဲ့သက်တမ်းက တဖြည်းဖြည်းတိုသွားရင် ဘယ်သူမှ မလိုချင်ဘူး”ဟု ပြောသည်။
UMFCCI Task Force အနေဖြင့် ဆေးဝါးတင်သွင်းဖြန့်ဖြူးသူများ၏ အခက်အခဲများ လျော့နည်းရန်၊ လိုအပ်သည့် ဆေးများအမြန်ရောက်ရန်၊ စျေးနှုန်းမတက်ရန် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#NPNews