Nokia Myanmar နှင့် 5BB တို့အကြား ငွေကြေးနှင့် အင်တာနက်ဝန်ဆောင်မှုကိစ္စ အငြင်းပွားမှုဖြစ်ပြီး လက်တွဲဖြုတ်မည်ဟု Nokia Myanmar ကြေညာ

 1753

အေဝိုင်အီး (NP News) - သြဂုတ် ၂၂
ပြည်တွင်းအခြေစိုက် အင်တာနက်ကုမ္ပဏီ 5BB နှင့် ပြည်ပအခြေစိုက် ဖုန်းကုမ္ပဏီ Nokia Myanmar တို့ကြားတွင် ငွေကြေးနှင့်ဝန်ဆောင်မှုကိစ္စအတွက် အငြင်းပွားစရာများဖြစ်ပေါ်လာနေပြီး 5BB နှင့်လက်တွဲဖြုတ်ပြီဖြစ်ကြောင်း နိုကီယာမြန်မာဘက်က ကြေညာချက်ထုတ်ပြန်လိုက်သည်။

ပြည်တွင်းအခြေစိုက် အင်တာနက် 5BB နှင့်ပတ်သက်၍ အင်တာနက်သုံးစွဲသူ ပြည်သူများကြားတွင် ဝေဖန်မှုများ မြင့်တက်နေခဲ့သော်လည်း ထိရောက်သည့်လှုပ်ရှားမှုမျိုး မတွေ့ရဘဲ ပြည်ပအခြေစိုက် နိုကီယာမြန်မာနှင့်ထိပ်တိုက်တွေ့မှုကြောင့်သာ ခိုင်မာသည့်သတင်းများထွက်လာခြင်းလည်း ဖြစ်သည်။ နိုကီယာမြန်မာက သြဂုတ်လ(၂၂)ရက်က ကြေညာချက်ထုတ်ပြန်မှုတွင် “ 5BB ဘက်မှ ဝန်ထမ်းငွေလိမ်လည်ခဲ့သည်ဟုဆိုပြီး (၁)နှစ်စာ သိန်း ၃၆၀ အားပြန်လည်ပေးဆောင်မှသာ internet ပြန်ရပါမည်ဟု 5BB ဘက်မှတုံပြန်ပြောဆိုလာခဲ့ပါသည်။ Nokia Team အနေဖြင့်လည်း 5BB ရုံးချုပ်သို့ သွားရောက်Bill ဆောင်ခဲ့ပီးသားဖြစ်ပီး official invoice ရရှိပီးသားဖြစ်ပါသည် ” ဟု ဖော်ပြထားပြီး ဖြစ်စဉ်အစကိုလည်း အသေးစိတ်ရေးသားထားသည်ကို တွေ့ရသည်။ ယင်းတွင်ဖော်ပြထားချက်အရ Nokia Myanmar Company သည် ရုံးခွဲတိုင်းအတွက် ISP providerအနေဖြင့် 5BB Broadband နှင့် ၃ နှစ်ကြာအတူလက်တွဲလုပ်ကိုင်ခဲ့ကြောင်း၊ ရုံးခွဲတိုင်းအတွက် Business Plan (၁)လသိန်း ၃၀၊(၁)နှစ်သိန်း ၃၆၀ ကို ဘဏ်မှပေးချေပါက ၇ ရာခိုင်နှုန်း အပိုထပ်ဆောင်း ပေးဆောင်ရမည်ဟု ပြောဆိုခဲ့သဖြင့် Nokia Myanmar ဝန်ထမ်းများမှ 5BB ရုံးချုပ်သို့ (၁)နှစ်စာ ISP contract ကိုသွားရောက်ချုပ်ဆိုခဲ့ကြောင်း၊ သို့သော်လည်း သြဂုတ်လ(၁၉)ရက်မှစ၍ internet အသုံးပြု၍မရတော့သဖြင့် 5BB ကို ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း ဖော်ပြထားသည်။ 5BB ဘက်ကမူ ဝန်ထမ်းလိမ်လည်သွားခြင်းသာဖြစ်ကြောင်း တုံ့ပြန်၍ မည်သည့်ကူညီဖြေရှင်းမှုမှ မလုပ်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။ 5BB အနေဖြင့် အသုံးပြုသူများအပေါ် တာဝန်မဲ့လုပ်ရပ်ကို ပြုလုပ်ခြင်းအတွက် Nokia Myanmar မှအပြင်းအထန်ရှုံချလိုကြောင်း၊ Internet မရရှိခြင်းနှင့် ပတ်သက်၍လည်း customer များအပေါ် reply များနောက်ကျခဲ့ခြင်းရှိသည့်အတွက်လည်း Nokia Myanmar က အနူးအညွတ်တောင်းပန်လိုကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။ အထူးသဖြင့် တာဝန်ယူမှုမဲ့သည်ဟု ယူဆသောကြောင့် 5BB company ကို သက်ဆိုင်ရာနှင့် တာဝန်ယူဖြေရှင်း ခိုင်းသွားမည်ဖြစ်ပြီး စာချုပ်သက်တမ်းကုန်ဆုံးပါက လက်တွဲလုပ်ဆောင်တော့မည်မဟုတ်ကြောင်း အများသိစေရန်ကြေညာအပ်သည်ဟု နိုကီယာမြန်မာဘက်က အတိအလင်းထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ 5BB ဘက်မှဦးဆောင်သူ လုပ်ငန်းရှင်တစ်ဦးထံ ဆက်သွယ်ကြည့်ရာတွင် စက်ပိတ်ထားသည့်အတွက် သတင်းဌာနအနေဖြင့် ဆက်သွယ်မရခဲ့ပေ။ 5BB သည် ယခုနာမည်မတိုင်မီက Redlink အမည်ဖြင့် အင်တာနက်ဝန်ဆောင်မှုများကို မြန်မာပြည်အင်တာနက်ခေတ်ဦးပိုင်းက လုပ်ကိုင်ခွင့်ရခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း သိရသည်။

Related news

© 2021. All rights reserved.