မိုးကုတ်မြို့တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် (၈) ဦးသေဆုံး

802

photo: Parami Health Care Foundation & Myanmar Fire Services Department
NP News - သြဂုတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်၊ အောင်သစ်လွင်ရပ်ကွက်တွင် ယနေ့(သြဂုတ်လ ၂၄ရက်) က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နံနက်ခြောက်နာရီခန့်တွင် မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
မြေပြိုမှုဖြစ်ပွားရာနေရာတွင် လယ်ဦးနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ မြေပြိုကျမှုကြောင့် နေအိမ် (၃)လုံးပျက်စီးသွားပြီး ယင်းနေအိမ်များမှ လူ (၁၁) ဦး မြေပြိုမှုအ တွင်း ပိတ်မိပျောက်ဆုံးခဲ့ပြီး အမျိုသမီး (၄) ဦး နှင့် အမျိုးသား (၄)ဦး စုစုပေါင်း (၈) ဦး၏ ရုပ်အလောင်းများကို ရရှိထားပြီဖြစ်ကာ သုံးဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း Parami Health Care Foundation ၏ ဖော်ပြချက်အရသိရသည်။ ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ(၁၄) ဦးလည်းရှိကြောင်း သိရသည်။
သေဆုံးသူများအား ပါရမီလူမှုကူညီရေးအသင်းနှင့် လောကဟိတ လူမှုကူညီရေးအသင်းတို့မှ ယာဉ်များဖြင့် မိုးကုတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မိုးကုတ်မြို့နယ်၌ သြဂုတ်လအတွင်း မြေပြိုကျမှု၊ တောင်ပြိုကျမှုနှင့် ကျောက်တွင်းမြေပြိုကျမှုများကြောင့် လူအသေပျောက်မှုများရှိကြောင်း သိရသည်။
#NPNews