ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်း

 1338

NP News - စက်တင်ဘာ ၁
ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေရေးရာဝန်ကြီးဌာန(Ministry of Legal Affairs) အဖြစ် ပြောင်းလဲဖွဲ့စည်း ကြောင်း စစ်ကောင်စီမှ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် လက်ရှိတွင် တရားစွဲခြင်းနှင့် အမှုလိုက်ခြင်းလုပ်ငန်းသာမက ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဥပဒေမူကြမ်းများအား စိစစ်အကြံပြုခြင်း၊ စီးပွားရေး စာချုပ်များနှင့် နိုင်ငံတကာစာချုပ်များအား စိစစ်၍ ဥပဒေအကြံပြုခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ယင်းတို့အနေဖြင့် အာဆီယံနိုင်ငံများ၏ ဥပဒေဝန်ကြီးများအစည်းအဝေး(ASEAN Law Minister Meeting – ALAWMM) တွင် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီး(Minister of Law) အဖြစ်လည်းကောင်း၊ အာဆီယံအဆင့်မြင့်ဥပဒေအရာရှိကြီးများ အစည်းအဝေး (ASEAN Senior Law Official Meeting – ASLOM) တို့တွင် ပြည်ထောင်စုရှေကနေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်တို့က မြန်မာနိုင်ငံကိုယ်စားပြု၍လည်းကောင်း တက်ရောက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခင်အစိုးရလက်ထက်က ပြင်ဆင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ယခုစစ်ကောင်စီလက်ထက်တွင် ဥပဒေရေးရာဝန်ကြီးဌာနအဖြစ် ပြောင်းလဲသတ်မှတ်ဖွဲ့စည်းခြင်း၏ရည်ရွယ်ချက်မှာ ၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၏အနှစ်သာရအား ပြန်လည်တည့်မတ်၍ ပိုမိုပေါ်လွင်စေရန်၊ ရုံး၏အဆင့်မှာလည်း ဝန်ကြီးဌာနဖြစ်၍ အခြားဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းရေးကိစ္စများ၊ တရားစီရင်ရေးကဏ္ဍများအား အပြန်အလှန်ထိန်းကျောင်းရေးကိစ္စများတွင် ပိုမိုထိရောက်စေရန်နှင့် ပြည်သူများအတွက် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အမည်ပြောင်းလဲဖွဲ့စည်းခဲ့သော်လည်း အရာထမ်း၊ အမှုထမ်းအင်အား၊ ဖွဲ့စည်းပုံလုပ်ငန်းတာဝန်၊ ဘတ်ဂျက်ကိစ္စများအား ယခင်အတိုင်းမပြောင်းလဲဘဲ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.