ထိုင်း အပန်းဖြေဒေသအချို့ကို အောက်တိုဘာ(၁)ရက်မှာ ခရီးသည်တွေ စတင်လည်ပတ်ခွင့်ပေးတော့မယ်

637

မိုးတိမ် (NP News) - စက်တင်ဘာ ၈
ကမ္ဘာကျော်အပန်းဖြေစခန်းတွေဖြစ်တဲ့ ချင်းမိုင်၊ ပတ္တရား၊ ဟွာဟင်း၊ ချအမ်းနဲ့ ဖူးခက်တို့ကို အောက်တိုဘာ (၁)ရက်ကနေ စတင်ပြီး ပြန်လည်လည်ပတ်ခွင့်ပေးတော့မယ်လို့ ထိုင်းအစိုးရက အသိပေးကြေညာလိုက် ပါတယ်။
ထိုင်းနိုင်ငံဟာ ခရီးသွားလုပ်ငန်းကနေ နိုင်ငံရဲ့စီးပွားရေး(၄၀)ရာခိုင်နှုန်းလောက်ကို မောင်းနှင်ထားတာ ဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းကိုမဖြစ်မနေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ အမြဲလိုလိုကြိုးပမ်းလေ့ရှိတဲ့နိုင်ငံ လည်း ဖြစ်ပါတယ်။ ထိုင်းသတင်းစာ ဘန်ကောက်ပို့စ်က ခရီးသွားလုပ်ငန်းဝန်ကြီးကို ကိုးကားပြီး စက်တင်ဘာ(၇)ရက်မှာ ရေးသားထားချက်အရ အောက်တိုဘာ(၁)ရက်ကနေစတင်ပြီး ချင်းမိုင်ထဲက ခရိုင် လေးခု၊ ပတ္တရားကမ်းခြေ၊ ချအမ်း၊ ဟွာဟင်းနဲ့ ဖူးခက်ကမ်းခြေတို့ကို ကာကွယ်ဆေးထိုးပြီးထားသူတိုင်း လာလည်ခွင့်ပေးမယ်လို့ဖော်ပြထားတာ ဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းရေးရာဝန်ကြီး Phiphat Ratchakitprakarn ကတော့ ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ပြီး ခရီးသွားလည်ပတ်ခွင့်ပြန်ပေးရမှာဖြစ်သလို ဒီအတွက်လည်း ကက်ဘိနက်မှာ အကြိမ်ကြိမ်တင်ပြမှုတွေ လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကိုဗစ်ကူးစက်မှုနှုန်းတွေ အနည်းငယ်ကျဆင်းလာချိန်နဲ့ ကာကွယ်ဆေးထိုးမှုတွေ အလျင်မီလာချိန်မှာ ခရီးသွားတွေကို ပြန်လည်ခွင့်ပြုခြင်းကနေ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကိုပြန်လည်မြှင့်တင်သွားလိုတာမျိုးဖြစ်တယ်လို့ ပြောပါတယ်။
ပြန်လည်သွားလာခွင့်ပေးမယ့်အစီအစဉ်တွေအရ အောက်တိုဘာ(၁)ရက်မှာ စတင်ခွင့်ပြုမယ့်ဒေသတွေ အပြင် အောက်တိုဘာလလယ်လောက်မှ ပြန်ဖွင့်ပေးမယ့်ဒေသတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ချင်းရိုင်။ ခို့ချန်း၊ ခို့ခွတ် အစရှိတဲ့ဒေသတွေကို အောက်တိုဘာလလယ်မှာ ပြန်ဖွင့်နိုင်ခြေရှိပြီး မြို့တော် ဘန်ကောက်ကိုတော့ နိုဝင်ဘာ(၁)ရက်လောက်မှသာ ဖွင့်လှစ်ပေးနိုင်မယ့်သဘောမှာ ရှိတယ်လို့ ဆိုပါ တယ်။
ဘန်ကောက်မှာက အောက်တိုဘာလကုန်ပိုင်းလောက် ရောက်မှသာ ကိုဗစ်ဆေးထိုးမှုလုပ်ငန်းစဉ်(၇၀) ရာခိုင်နှုန်းလောက် ပြီးစီးမှာဖြစ်သလို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ကတော့ ၃၅ ရာခိုင်နှုန်းကို ပထမတစ်ကြိမ်ထိုးနှံပြီးစီးထားပြီဖြစ်တယ်လို့ သိရပါတယ်။
ဖူးခက်လိုဒေသမှာတော့ ကာကွယ်ဆေး အကြိမ်ရေပြည့်ထိုးပြီးသား ခရီးသည်(၂၆၀၀၀) ကို စမ်းသပ်ဝင် ခွင့်ပြုခဲ့မှုမှာတော့ ထိုင်းဘတ်ငွေ ၁ ဒသမ ၆ ဘီလျံလောက် ဝင်ငွေရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
#NPNews