ဗြိတိန်ဘုရင်မကြီးက အမေရိကန်လူဖြူလူမည်း ခွဲခြားမှုလှုပ်ရှားရေး Black Lives Matter ကို ထောက်ခံကြိုဆိုတယ်လို့ ဆို

945

မိုးတိမ် (NP News) - စက်တင်ဘာ ၁၂
ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ဟာ လူမည်းတွေရဲ့အခွင့်အရေးနဲ့လှုပ်ရှားမှုဖြစ်တဲ့ Black Lives Matter (BLM)လှုပ်ရှားမှုကို ထောက်ခံကြိုဆိုအားပေးသူဖြစ်တယ်လို့ တော်ဝင်နန်းတော်ရဲ့အကြီးတန်းအရာရှိတစ်ဦးက အတည်ပြုပြောကြားလိုက်ပါတယ်။
ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားပြီး လူသားတိုင်းကို တန်းတူအခွင့်အရေးပေးရမယ်လို့ ကမ္ဘာမှာကြွေးကြော်ခဲ့တဲ့ အမေရိကန်နိုင်ငံဟာ နိုင်ငံတွင်းမှာပဲ လူဖြူ-လူမည်း ခွဲခြားမှုဇာတ်လမ်းတွေက ရှိနေဆဲဖြစ်သလို လူမည်းတွေဟာ အဖိနှိပ်ခံအဖြစ် ဆက်လက်ရှင်သန်နေဆဲဖြစ်တဲ့အတွက် မေးခွန်းထုတ်ခံနေရတာလည်း ဖြစ်ပါတယ်။ BLM လှုပ်ရှားမှုဟာ ၂၀၁၃ ခုနှစ်မှာ ရက်ရက်စက်စက်ပစ်သတ်ခံရတဲ့ (၁၇)နှစ်အရွယ် လူမည်းအမျိုးသားလူငယ်လေး Trayvon Martin ကိစ္စကနေ စတင်ပြီး ၂၀၂၀ လူမည်းအမျိုးသား ဂျော့ဖလွိုက်ကိစ္စအပြီးမှာ ပိုမိုကျယ်ပြန့်လာခဲ့တာပဲ ဖြစ်ပါတယ်။ “ တော်ဝင်မိသားစုနဲ့ ကျွန်တော် စကားပြောဖြစ်တယ်။ လွန်ခဲ့တဲ့ ၁၂ လအတွင်းမှာ ဖြစ်ခဲ့တဲ့ ဂျော့ဖလွိုက်ကိစ္စလိုမျိုးလည်း ပါဝင်ပါတယ် ” လို့ ဗြိတိန်ရဲ့ပထမဆုံးသော လူမည်း ဒုတိယဗိုလ်ချုပ်ကြီး Ken Olisa က ပြောတယ်လို့ စီအန်အန်က ဖော်ပြပါတယ်။ တော်ဝင်မိသားစုနဲ့ ဘုရင်မကြီးတို့ဟာ လူမည်းကိစ္စကို လူတွေဘက်က မခံမရပ်နိုင်ဖြစ်ပြီး လှုပ်ရှားလာတဲ့ BLM ကိစ္စအပေါ် အတော်လေးစိတ်ဝင်တစား ရှိခဲ့သလို ထောက်ခံအားပေးတယ်လို့လည်း ဆိုပါတယ်။ ဗြိတိန်ဘုရင်မကြီးဟာ လူမည်းတွေဘက်က မှန်တယ်လို့ကို ခံယူထားတာဖြစ်ပြီး လူသားချင်းအဆင့်ခွဲခြားထားတဲ့ အမေရိကန်ရဲ့အဲဒီအပြုအမူကို လက်မခံတဲ့သဘောမျိုး မှတ်ချက်ပေးတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဘုရင်မကြီးက ၂၀၁၇ တုန်းက Grenfell Tower မှာ မီးလောင်မှုဖြစ်ပြီး လူ(၇၂)ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဉ်မျိုးကို ကိုယ်တိုင်သွားကြည့်ဖို့နဲ့ ဝမ်းနည်းစာနာမိကြောင်း ပြသဖို့လည်း စီစဉ်နေတယ်လို့ ဆိုပါတယ်။
ဘက်ကင်မ်ဟန်နန်းတော်အနေနဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်အဖြစ် တော်ဝင်မျိုးရိုးသဖွယ် သီးခြားနေထိုင်ပေမယ့် နိုင်ငံတွင်းမှာရှိတဲ့ လူသားအားလုံးကိုရော ထင်ရှားတဲ့အမေရိကန်လိုနိုင်ငံက လူသားတွေကိုပါ အသားအရောင်ခွဲခြားမှု၊ ဘာသာတရားခွဲခြားမှုဆိုတဲ့ ပေတံနဲ့မတိုင်းတာဘဲ လူသားဆန်ဆန် သဘောထားဆက်ဆံပေးတာမျိုးကိုပဲ အလိုရှိတယ်လို့ တော်ဝင်မိသားစုဘက်က ပြောကြောင်း ဒုတိယဗိုလ်ချုပ်ကြီးက ပြောပါတယ်။