NLD လက်ထက်က ချေးပေးခဲ့သည့် ကိုဗစ်ချေးငွေကို ပြန်ဆပ်ရမည့်ကာလ နောက်ထပ်(၆)လအထိ အိမ်စောင့်အစိုးရက သက်တမ်းထပ်တိုးပေး

998

အေဝိုင်အီး (NP News) - စက်တင်ဘာ ၁၂
NLD အစိုးရလက်ကထက်ကတည်းက ကိုဗစ်ကြောင့်ကျဆင်းသည့်စီးပွားရေးကို ကုစားနိုင်ရေးထုတ်ချေးပေးထားသည့် ချေးငွေများကို ပြန်လည်ပေးဆပ်ရမည့်ကာလ နောက်ထပ်(၆)လ သက်တမ်းတိုး၍ နောက်ဆုတ်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ကိုဗစ်ချေးငွေဟူ၍ လူသိများသည့်ချေးငွေကို နိုင်ငံတော်က နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များကို ထုတ်ချေးခဲ့ပြီးနောက် ပြန်လည်ဆပ်ပေးရမည့်ကာလကိုလည်း သတ်မှတ်ပေးထားခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
သို့သော်လည်း ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းကတည်းက စတင်ခဲ့သောကိုဗစ်မှာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကင်းစင်သွားသည့်အခြေအနေတွင် ရှိမနေသကဲ့သို့ နိုင်ငံရေးအခြေအနေများကလည်း စီးပွားရေးလုပ်ရန်အခွင့်မသာတော့သည့်အချိန်တွင် ချေးငွေပြန်ဆပ်ရမည့်ကာလကို ထပ်မံ၍တိုးမြှင့်ပေးခြင်းဖြင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ထိန်းကျောင်းပေးထားခြင်းမျိုးဖြစ်ကြောင်းလည်း သိရသည်။ ကုန်သည်စက်မှုအသင်းချုပ်က စက်တင်ဘာ(၁၁) ရက်တွင် အသိပေးထုတ်ပြန်လာမှု၌ ၂၀၂၀ ဧပြီလ(၉)ရက်ကတည်းက စတင်ထုတ်ချေးခဲ့သော ချေးငွေများကို ၂၀၂၁ ခုနှစ် မတ်လ(၁၇)ရက်၌ ပြန်လည်ပေးဆပ်ရန် မူလကသတ်မှတ်ခဲ့ကြောင်း ဆိုသည်။
ဖော်ပြချက်အတွင်း၌ ကိုဗစ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား ချေးငွေ သက်တမ်းတစ်နှစ် (အတိုးနှုန်း ၁ %) ဖြင့် ကိုဗစ်ရန်ပုံငွေမှ ချေးငွေထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၉ ရက်မှ စတင်ထုတ်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ရယူထားသူများအတွက် ပြန်ဆပ်ရန် ကာလကို ချေးငွေကာလသက်တမ်း တစ်နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ဖော်ပြထားသည်။ ကိုဗစ်ရန်ပုံငွေမှ ပထမအသုတ် ချေးငွေရရှိသူများသည် မူလချေးငွေ သက်တမ်း တစ်နှစ်နှင့် ထပ်မံခွင့်ပြုထားသည့် (၆) လ ကာလမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် စတင်၍ ချေးငွေသက်တမ်းကာလ ထပ်မံပြည့်မြောက်တော့မည်ဖြစ်ကြောင်းလည်း ဆို သည်။
ယင်းကဲ့သို့ သတ်မှတ်ထားသော်လည်း ယခုအခါ ကိုဗစ်တတိယလှိုင်း သက်ရောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများအဆင်ပြေလည်ပတ်စေရေးအတွက် ချေးငွေရယူထားသူများကို ချေးငွေပြန်ဆပ်ရန် ကာလသက်တမ်း (၁) နှစ် (၆) လ စေ့ရောက်သည့်နေ့မှစ၍ ဒုတိယအကြိမ်အဖြစ် နောက်ထပ် (၆)လ ထပ်မံ သက်တမ်းတိုးမြှင့်ပေးပါကြောင်း ကုစားရေးလုပ်ငန်းကော်မတီမှ အသိပေးထုတ်ပြန်လိုက်သည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
ယင်းကြေညာချက်ကြောင့် ချေးငွေယူထားသော လုပ်ငန်းရှင်များမှာ နောက်ထပ်(၆)လအဖြစ် ၂၀၂၂ ခုနှစ် ဧပြီလအထိ စိတ်အေးလက်အေး နေနိုင်တော့မည်လည်းဖြစ်သည်။
#NPNews