ဧရာဝတီဘဏ် ဓါးပြတိုက်ခံရမှုမှ ကွင်းဆက် တရားခံ ၅ ဦးနှင့် သီလရှင်ကျောင်းတိုက်အတွင်း သေနတ် (၁) လက်၊ ငွေကျပ်သိန်း (၅ဝဝ) ထပ်မံဖမ်းမိ

 1400

NP News - စက်တင်ဘာ ၁၄
ဧရာဝတီဘဏ် ဓါးပြတိုက်ခံရမှုမှ ကွင်းဆက် တရားခံ ၅ ဦးနှင့် သီလရှင်ကျောင်းတိုက်အတွင်း သေနတ် (၁) လက်၊ ငွေကျပ်သိန်း (၅ဝဝ) တို့အား ထပ်မံဖမ်းမိရမိခဲ့ကြောင်း စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးက စက်တင်ဘာ ၁၄ ရက် ညပိုင်တွင်းတွင် ထပ်မံထုတ်ပြန်လိုက်သည်။

ပဲခူးမြို့၊ ဧရာဝတီဘဏ်ခွဲ(၁)မှ ငွေကျပ်သိန်း (၄)သောင်း ဓါးပြတိုက်ခံရမှုတွင် ကျူးလွန်သူ တရားခံ ၇ ဦးအား စက်တင်ဘာလ (၁၃) ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်တရားခံ ၅ ဦးတို့ကို စက်တင်ဘာ ၁၄ ရက်တွင် ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မီးရထားအိမ်ယာဝန်းအတွင်း နေအိမ်တစ်လုံးသို့ ဆက်စပ်တရားခံများ ရောက်ရှိနေကြောင်း ဖမ်းဆီးရမိထားသည့်တရားခံများ၏ ထွက်ဆိုချက်အရ စက်တင်ဘာ ၁၄ ရက်၊ နေ့လည်ပိုင်းတွင် ဝင်ရောက်ရှာဖွေရာ တရားခံအမျိုးသား ၄ ဦးအား ငွေကျပ် (၁ဝ) သိန်း၊ လက်ပစ်ဗုံး ၁ လုံးနှင့်အတူ ဖမ်းဆီးမိခဲ့ပြီး၊ မွန်းလွဲ ၂ နာရီကျော်တွင် ပဲခူးမြို့နယ်၊ ရန်ကုန် - မန္တလေးလမ်းဟောင်းဘေး၊ ဇိုင်းတောင်ရပ်ကွက် “ ကောင်းကြိုက် ” ဒန်ပေါက်ဆိုင်ရှေ့တွင် ဆက်စပ်တရားခံအမျိုးသားတစ်ဦးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသည့် တရားခံများ၏ထွက်ဆိုချက်အရ ဥဿမြို့သစ်၊ ရပ်ကွက်ကြီး (၈) ရှိ “ ဓမ္မဒူတ ” သီလရှင်ကျောင်းတိုက်တွင် လက်နက်/ခဲယမ်းများကို သိုဝှက်သိမ်းဆည်းထားကြောင်း ဖော်ထုတ်ရရှိသဖြင့် ထပ်မံစစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့ရာ ဆွမ်းစားဆောင်အတွင်း လျှို့ဝှက်သိမ်းဆည်းထားသည့် Remington Model 700 အမျိုးအစား ပြောင်ချောသေနတ် (၁) လက်နှင့် ငွေကျပ်သိန်း (၅၅ဝ) အား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီသတင်းမှန်ပြန်ကြား ရေး၏ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဘဏ်ဓားပြတိုက်မှုဖြစ်စဉ်မှ စုစုပေါင်း ငွေကျပ်သိန်း (၃၉၄၁ဝ) ကျပ်အား ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး၊ တရားခံအမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၁၂ ဦး ဖမ်းမိခဲ့ကြောင်း၊ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအဖြစ် M-79 ဗုံးပစ်လောင်ချာ (၁) လက်၊ AK -47 သေနတ် (၂) လက်၊ ကျည်အိမ် (၄) ခုနှင့် ကျည် (၂၂ဝ) တောင့်၊ MK-12 သေနတ် (၆) လက်နှင့် ကျည်အိမ်မျိုးစုံ (၁၂) ခု၊ Remington model 700 အမျိုးအစား ပြောင်ချောသေနတ် (၁) လက်၊ လက်ပစ်ဗုံး (၁) လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.