ပြင်ဦးလွင်ကို ကျန်းမာရေးမြို့တော်အဖြစ် ရည်ရွယ်တည်ဆောက်ကြရန် အိမ်စောင့်အစိုးရဝန်ကြီးချုပ် မှာကြား

 1069

အေဝိုင်အီး (NP News) - စက်တင်ဘာ ၁၇
ပြင်ဦးလွင်မြို့သည် ခရီးသွားမြို့တော်၊ ပညာရေးမြို့တော်၊ ချယ်ရီမြို့တော်အဖြစ် နိုင်ငံတကာက သိရှိထားသည့် ကောင်းမွန်သောနောက်ခံသမိုင်းမျိုး ရှိထားသည့်အတွက် ကျန်းမာရေးမြို့တော်အဖြစ်ပါ တည်ဆောက်နိုင်ရန် ဆောင်ရွက်သွားစေလိုကြောင်းနှင့် ကျန်းမာရေးရှုထောင့်အရ အုံဆိုင်းနေသောသစ်ပင်များကို ရှင်းလင်းရန်လိုအပ်ကြောင်း အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးနှင့် ပြင်ဦးလွင်မြို့နယ်တို့ရှိ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့မိမြို့ဖများအား စက်တင်ဘာ(၁၆)ရက်က တွေ့ဆုံအမှာစကားပြောကြားချိန်တွင် နိုင်ငံတော်ခေါင်းဆောင်တစ်ဦး၏ မိန့်ခွန်းအဖြစ်မှတ်တမ်းမှတ်ရာသဖွယ်ပြောကြားခဲ့ခြင်းမျိုးလည်း ဖြစ်သည်။ ပြင်ဦးလွင်မြို့၏ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေများနှင့်ပတ်သက်၍ ၎င်းကပြောကြားရာတွင် ပြင်ဦးလွင်မြို့သည် ခရီးသွားမြို့တော်၊ ပညာရေးမြို့တော်၊ ချယ်ရီမြို့တော်ဖြစ်ပြီး နိုင်ငံတကာက သိရှိထားသောကောင်းမွန်သည့် နောက်ခံသမိုင်းကြောင်းများရှိသည့်မြို့တစ်မြို့ဖြစ်ကြောင်း၊ ယင်းအပြင် သာယာသောရာသီဥတု၊ စိမ်းလန်းသော ပတ်ဝန်းကျင်ကိုအခြေခံလျက် ကျန်းမာရေးစောင့်ရှောက်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများကို အဆင့်မြင့်မားစွာ ဆောင်ရွက်နိုင်သော ကျန်းမာရေးမြို့တော်အဖြစ်လည်း တည်ဆောက်နိုင်ရေးကိုဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ပြင်ဦးလွင်မြို့သည် အေးမြပြီးသစ်ပင်ပန်းမန်များဖြင့် ရောင်စုံလှပသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ဥတုသုံးပါးလုံး၌ လာရောက်အပန်းဖြေသည့် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း၊ မြို့အားလှည့်လည်ကြည့်ရှုရာတွင် သစ်ပင်များသည် အုံ့ဆိုင်းလျက်ရှိသည်ကို တွေ့ရှိရပြီး ဥတုရာသီတောကိုမှီဟုဆိုသော်လည်း ကျန်းမာရေးပိုင်းနှင့် ကြည့်မည်ဆိုပါက သစ်ပင်များအုံ့ဆိုင်းနေ၍မရကြောင်း၊ အလင်းရောင်နှင့်သန့်ရှင်းလတ်ဆတ်သည့် လေကောင်းလေသန့်များရရှိရေးအတွက် လမ်းဘေးဝဲယာရှိ သစ်ပင်ကြီးများနှင့် ခြုံနွယ်များကို အလင်းဖွင့်ပေးရန်လိုကြောင်း၊ ခုတ်ထွင်ရှင်းလင်းရန်မဟုတ်ဘဲ အောက်ခြေပတ်ဝန်းကျင်နှင့် သစ်ကိုင်းများ ထူထပ်နေခြင်းကိုရှင်းလင်းကာ ကောင်းမွန်သည့်အလင်းရောင်နှင့် ခရီးသွားဧည့်သည့်များ၏ မျက်စိပသာဒ ရှိစေရေး လုပ်ဆောင်ပေးရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းများမှတဆင့် ပြင်ဦးလွင်ဒေသကို ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခရီးသွားဧည့်သည်များ လမ်းလျှောက်နိုင်ရေးအတွက်လည်း လမ်းဧရိယာများကို တိုးချဲ့ဆောင်ရွက်သွားရန်နှင့် သန့်ရှင်းသပ်ရပ်မှုရှိအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထည့်သွင်းမှာကြားသည်။

ယင်းအပြင် နယ်ခံများ၏ အခြေခံစိုက်ပျိုးမွေးမြူရေးထုတ်ကုန်လုပ်ငန်းများမှတဆင့် အဆင့်မြင့် ထုတ်ကုန်များနှင့် တန်ဖိုးမြင့်ထုတ်ကုန်များပေါ် ထွက်လာစေရေးလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မြေအသုံးချမှုစနစ်များလည်း မှန်ကန်ရန်လိုအပ်မည်ဖြစ်ပြီး စိုက်ပျိုးမြေများကို အလုံပိတ်ကာရံခြင်းသည် သဘာဝပတ်ဝန်းကျင်နှင့် မြေဆီလွှာကို ထိခိုက်စေနိုင်သောကြောင့် လေဝင်လေထွက်နှင့် ရေဝင်ရေထွက် ကောင်းမွန်နိုင်သည့်ကာရံခြင်းများ ဆောင်ရွက်စေရေးကြပ်မတ်ကြရန်လိုကြောင်းလည်း မှာကြားခဲ့သည်ဟု သိရသည်။

Related news

© 2021. All rights reserved.