ကချင်ပြည်နယ်၏ စားနပ်ရိက္ခာဖူလုံရေး၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့်အားကစားကို စိတ်ဝင်စားမှုရှိကြောင်း တိုင်းခန်းလှည့်လည်ရေးမှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီး ပြသ

983

အေဝိုင်အီး (NP News) - စက်တင်ဘာ ၂ဝ
ကချင်ပြည်နယ်၏ ခရီးသွားလုပ်ငန်း၊ ပညာရေးနှင့် အားကစားကဏ္ဍတို့ကို အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏တိုင်းခန်းလှည့်လည်ရေးအစီအစဉ်အတွင်း၌ မူဝါဒရေးရာစကားများဖြင့် စိတ်ဝင်စားမှုပြသခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ရယူပြီးနောက် အိမ်စောင့်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်တာဝန်ကိုလည်း သြဂုတ်တွင်ထပ်မံရယူခဲ့ပြီး ဝန်ကြီးချုပ်တစ်ဦး၏တိုင်းခန်းလှည့်လည်ရေးခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကိုရောက်ရှိချိန်တွင် ၎င်း၏စိတ်ဝင်စားမှုကိုပြခဲ့ခြင်းမျိုးဖြစ်ကြောင်းလည်း စက်တင်ဘာ(၁၈)ရက်က တွေ့ရသည်။ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ မီးခိုးမထွက်သည့်စီးပွားရေးလုပ်ငန်းဖြစ်ပြီး အိမ်သာမှဧည့်လာမည်ဖြစ်သည့် အတွက် နေထိုင်ရေး၊ သွားလာရေး၊ စားသောက်ရေး၊ လုံခြုံရေးတို့အပြင် အဘက်ဘက်မှ ပြည့်စုံနေရန်လိုအပ်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။
အားကစားကဏ္ဍနှင့်ပတ်သက်၍လည်း အားကစားဆောင်ရွက်ခြင်းသည် သာမာန်ကြည့်မည်ဆိုပါက လူတစ်ဦးတစ်ယောက်၊ လူတစ်စု၏ အားကစားဖြစ်သော်လည်း အားကစားဖွံ့ဖြိုးသည့်တိုင်းပြည်တစ်ခု၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့ကို များစွာဖွံ့ဖြိုးတိုးတက်စေနိုင်သဖြင့် အားကစားကိုအားပေးရန်လိုကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အားကစားကွင်းများကို အဆင့်မြှင့်တင်ပေးလျက်ရှိသဖြင့် အားကစားပြုလုပ်သူ၊ လေ့ကျင့်သူများအပြင် စနစ်တကျအားပေးသည့် ပရိသတ်များရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ အစားအစာကိုပြည့်ဝစွာစားသုံးပါက ကိုယ်ခံအားကောင်းမည်ဖြစ်ပြီး ကိုယ်လက်လှုပ်ရှားအားကစားဆောင်ရွက်ပါက ကျန်းမာကြံ့ခိုင်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာမှပညာသင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် စားနပ်ရိက္ခာပေါများရေးနှင့် သာယာဝပြောရေးကို ဦးစားပေးလုပ်ဆောင်နေခြင်းပင် ဖြစ်ကြောင်းလည်း ဆိုသည်။ ယင်းအပြင် ကချင်ပြည်နယ်၏ မြို့တော်ဘောလုံးအားကစားကွင်း အထူးသီးသန့်ထိုင်ခုံတန်းများ ရှိရာနေရာပေါ်မှ ဓါတ်ပုံများနှင့်တကွ အားကစားအပေါ်စိတ်ဝင်စားကြောင်းလည်း ပြသခဲ့သည်ကို တွေ့ရသည်။
ပညာရေးနှင့်ပတ်သက်၍လည်း ကချင်ပြည်နယ်တွင် ၂၀၀၉ ခုနှစ်၌ KG တန်းတက်ရောက်သူဦးရေ ၃၉၀၀၀ ကျော်ရှိပြီး အဆိုပါကျောင်းသားကျောင်းသူများသည် တန်းစဉ်ကူးပြောင်းမှုအဆင့်ဆင့်တွင် အကြောင်းအမျိုးမျိုးဖြင့် ပြုန်းတီးခဲ့ရာ တက္ကသိုလ်ဝင်တန်းသို့ရောက်ရှိခဲ့သူဦးရေ ၂၀၀၀၀ ခန့်သာရှိခဲ့ကြောင်း၊ အဆိုပါ ကျောင်းသား ၂၀၀၀၀ တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၅၅၀၀ ကျော်သာရှိခဲ့သဖြင့် နိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို မဖြစ်မနေမြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်နေသည်ကို တွေ့ရှိရကြောင်းလည်း ဆိုသည်။ ယင်းအပြင် ကချင်ပြည်နယ်၏ စားနပ်ရိက္ခာဖူလုံရေးအတွက်လည်း လုပ်သင့်လုပ်ထိုက်သောကိစ္စများကို စိတ်ဝင်စားမှုရှိကြောင်း မူဝါဒရေးရာမိန့်ခွန်းမှတစ်ဆင့် ထည့်သွင်းပြောကြားခဲ့သည်ကို တွေ့ရသည်။
#NPNews