ယခုနှစ်သည် မြန်မာနိုင်ငံအတွက် အင်တာနက်လွတ်လပ်ခွင့်အဆိုးရွားဆုံးနှစ်ဖြစ်ခဲ့ရဟု Freedom House ပြော

 819

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၁
မြန်မာနိုင်ငံ နှင့် ဘီလာရုစ်နိုင်ငံတို့တွင် အင်တာနက်ပိတ်ပင်မှုများကြောင့် ဒစ်ဂျစ်တယ်လွတ်လပ် ခွင့်ကမ္ဘာ့အဆင့်သတ်မှတ်ချက်သည် (၁၁)နှစ်အတွင်းအဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း အမေရိကန်အ ခြေစိုက်အဖွဲ့အစည်းဖြစ်သည့် Freedom House ၏ "Freedom on the Net" နှစ်စဉ်အစီရင်ခံစာတွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလက အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အင်တာနက်ပိတ်ပင်ခြင်း၊ လူမူကွန်ရက်သုံးစွဲခွင့်တားဆီးပိတ်ပင်ခြင်း နှင့် နည်းပညာကုမ္ပဏီများကို အချက်အလက်များပေးရန် ဖိအားပေးခံရခြင်းမျိုးရှိခဲ့ကြောင်း ၊ ပြီးခဲ့သည့်နှစ် သြဂုတ်လက ဘီလာရုစ်ရွေးကောက်ပွဲတွင် အ ငြင်းပွားမှုများရှိခဲ့ပြီးနောက် အင်တာနက်ပိတ်ပင်မှုများတွေ့ရှိခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

US think-tank Freedom House က ပြုလုပ်သည့်စစ်တမ်းသည် နိုင်ငံသားတစ်ဦးသည် အွန်လိုင်းတွင် တင်သည့်ပိုစ့်များ ကန့်သတ်ခံရမှုရှိ၊ မရှိဆိုသည့်အချက်အပါအဝင် အင်တာနက်ကို လွတ်လပ်ပျော်ရွှင်စွာအသုံးပြုခွင့်ရ၊ မရဆိုသည့် အချက်နှင့် အွန်လိုင်းဆွေးနွေးပွဲတွင် အစိုးရအပေါ် လိုလားထောက်ခံမှုများရရန် ကြိုးပမ်းခြင်းရှိ၊ မရှိဆိုသည့် အချက်များကို အဓိကထားလေ့လာသုံးသပ်ကာအမှတ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါနှစ်စဉ်အစီရင်ခံစာအတွင်း ယခုနှစ်တွင် နိုင်ငံပေါင်း (၄၁) နိုင်ငံရှိ အင်တာနက်အွန်လိုင်းအသုံးပြုသူများသည် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ခံရခြင်းမျိုးရင်ဆိုင်ခဲ့ရကြောင်း ၊ နိုင်ငံပေါင်း (၇ဝ) တွင် (၅၆) နိုင်ငံမှ အွန်လိုင်းသုံးစွဲသူများကြား ဖမ်းဆီးခံရခြင်းမျိုး သို့မဟုတ် ပြစ်ဒဏ်ချခံရခြင်းမျိုးများရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

Freedom House သည် ၂ဝ၂ဝခုနှစ် ဇွန်လမှ ၂ဝ၂၁ခုနှစ် မေလအထိအင်တာနက်သုံးစွဲခွင့်ပိတ်ပင်ခံရသည့် အနည်းဆုံးနိုင်ငံပေါင်း (၂ဝ) ရှိခဲ့ကြောင်း ပြောသည်။ အင်တာနက်သုံးစွဲခွင့် လွတ်လပ်ခွင့်အ ရှိဆုံးနိုင်ငံများသည် အိုင်ယာလန်၊ အက်စ်တိုးနီးယား၊ ကော်စတာရီကာ နိုင်ငံတို့ဖြစ်ကြောင်းသိရသည်။
#NPNews

Related news

© 2021. All rights reserved.